နှစ်သစ်ရွှင်လန်းစေ

နှစ်ဦး သစ်မြူး၊ ခေတ်ဦး ကောဇာ။

ဆန်းစ ချမ်းမြ၊ စန်းလသော်တာ။

မြိုင်အောက် ကြိုင်လှောက်၊ ပိတောက်ပမာ။

ကျန်းရွှင်ကြောင်း၊ သွန်းလောင်းရေသီတာ။

(နှစ်ဦးမင်္ဂလာ၊ မင်းသုဝဏ်၊ ၁၉၃၀။)

မြန်မာသက္ကရာဇ်အရ နှစ်တစ်နှစ်က ကုန်ခဲ့ချေပြီ။

နှစ်ဟောင်းတစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်တစ်နှစ်ဆီသို့ ကူးပြောင်း ဝင်ရောက်လာခဲ့ပြီတည်း။ မြန်မာတို့၏ ဓလေ့ထုံးစံအတိုင်း သင်္ကြန်ရေ ကစားကြခြင်းနှင့်အတူ နှစ်သစ်ကို ပျော်ရွှင်မြူးထူးစွာ ကြိုဆိုနေ ကြပြီ။

ရေကစားကြ၊ ရေလောင်းသူ ရေလောင်းခံသူများဖြင့် ပျော်မြူး နေကြသလို မိသားစုစုံညီ ဆင်နွှဲကြသည့် ပျော်ပွဲရွှင်ပွဲများ၊ အလှူ အတန်းပြုသူများနှင့် စည်ကားနေသည့် အလှူဒါနပြုပွဲများ၊ စတုဒိသာ စားပွဲများ၊ မိသားစုများ၊ မိတ်ဆွေများ စုကြဝေးကြသည့် စုံညီပွဲများ ကလည်း စည်ကားစွာ။

နှစ်သစ်ရောက်ပြီ ဆိုသည့်အတွေးဖြင့် နှစ်ဟောင်းက အညစ်အကြေး များကို ချန်ရစ်ကာ အသစ်အကောင်းတို့ဆီသို့ ဦးတည်ဖို့ သန္နိဋ္ဌာန်များ ချကြကုန်၏။ မကောင်းသည့် အမူအကျင့်တို့၊ မကောင်းသည့် အတွေးအမြင် တို့ကို နှစ်ဟောင်းမှာ ထားခဲ့ချင်သည်။ နှစ်သစ်ကို သစ်လွင်မှုများ ကောင်းမှု ကုသိုလ်များ၊ မင်္ဂလာရှိမှုများစွာတို့နှင့်သာ ကြိုဆိုလိုကြသည်။ ချစ်ခင်သူ များ အချင်းချင်း နှစ်သစ်မှာ ကောင်းမှုကုသိုလ်များ ထုံမွမ်းနေကြစေရော့ ဟူ၍ မွန်မြတ်သော နှစ်ဦးဆုတောင်းတို့ခြွေကြ၏။

နှစ်ဆန်းကာလကို မိမိကိုယ်တိုင်နှင့်အတူ ကမ္ဘာသူ ကမ္ဘာသား အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြစေရေးကို မေတ္တာစိတ်ဖြင့် အထူးတလည် ရည်သန်ကြလေသည်။

ခုလို နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကူးချိန်ရောက်ပြီဆိုသည့် အသိပေါ် မူတည်ပြီး ငြိမ်းချမ်းရေးဖြင့် လွှမ်းခြုံသော မေတ္တာတို့ဖြင့် ထုံမွမ်းသော လောကလူ့ရွှာကို ပိုမိုသတိတရ တောင့်တမိကြသည်။ ပိုမို ဆုတောင်း မိကြသည်။

လူသားတို့ တစ်ဦးနှင့် တစ်ဦး မေတ္တာထားကြ၊ ချစ်ကြည်ကြ၊ ကိုယ်ချင်းစာနာကြ၊ ကရုဏာစိတ်ထားကြ၊ မုဒိတာပွားကြ။ သည်လို မေတ္တာအခြေခံစိတ်ထားဖြင့်၊ တစ်ဦးနှင့်တစ်ဦး လက်တွဲပေါင်းသင်းနိုင် ကြသည့် အာဃာတကင်းသည့်စိတ်များဖြင့်သာ ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ ချီတက်နိုင်ကြမည်ဟု ယုံကြည်နေပါသည်။

အချို့အရာများသည် မိမိအလိုသဘောအတိုင်း ချက်ချင်းမဖြစ်နိုင်ဟု ဆိုသည့်တိုင် လောကတည်မြဲအေးချမ်းသာယာဖို့ ဆိုသည့် ဓမ္မတရားကဖြင့် နောက်ဆုံးတွင် အောင်မြင်ရမည်ဟူသော ယုံကြည်ချက်ဖြင့် ကြိုးပမ်း အားထုတ်ရင်း၊ မိမိတို့ကိုယ်တိုင်၏ စိတ်နေစိတ်ထားများကလည်း ဓမ္မ အပေါ်တွင် အခြေခံတည်ဆောက်ရင်း ငြိမ်းချမ်းသည့် လောကလူ့ဘောင်ကို ထူထောင်ကြရမည်သာ ဖြစ်ပေသည်။ ငြိမ်းချမ်းသည့် လောကဟူသည် တောင့်တနေရုံ၊ မျှော်လင့်နေရုံမျှဖြင့် ပေါ်ပေါက်လာနိုင်သည်မဟုတ်ဘဲ မိမိတို့ကျရာနေရာမှ မေတ္တာကို အရင်းတည် ကျင့်ကြံထူထောင်ကြပါစို့ဟု နှစ်သစ် အဓိဋ္ဌာန်အဖြစ် ဖော်ထုတ်လိုက်ရပါကြောင်း။ ။