နှစ်ဦး ဆုမွန်

နှစ်သစ်မှာ လောကတစ်ခုလုံး ငြိမ်းချမ်းပါစေ..

ခရစ်နှစ် ၂၀၂၀ သို့ ဝင်ရောက်လာခဲ့ပြီတည်း။

နှစ်သစ်ရောက်ပြီဆိုသည့်အခါ လူအများစုအဖို့ ဟိုဘက်နှစ် ၂၀၁၉ မှသည် သည်ဘက်နှစ် ၂၀၂၀ဆီသို့ ကူးပြောင်းလာခဲ့ပြီကော ဟုဆိုသည့် သာမန်ခံစားမှုမျှမဟုတ်ဘဲ စိတ်လှုပ်ရှားမှုများ၊ စိတ်ကူးသစ် ဉာဏ်သစ် ပြောင်းလဲလိုစိတ်အသစ်များဖြင့် အတွေးလျှံ နေကြလေ့ရှိသည်။

ကာယ ဝဇီ မနော အလီလီဖြင့် နေ့စဉ် ပြုမိကြံမိတာတွေထဲက မကောင်းမှုများ ပယ်ရှားလို့ အဟောင်းအစုများ ဖယ်ထားဖို့ ဆုံးဖြတ်ချက်များချကြ၏။ ပြောင်းရမှာတွေ ပြောင်းဖို့ ကောင်းရမှာတွေကောင်းဖို့၊ ပစ်စရာရှိတာတွေ ပစ်လိုက်ပြီး သစ်စရာရှိသည်တို့ သစ်လိုက်ဖို့၊ အညစ်အဟောင်းများကိုချန်ရစ်လို့ အသစ်အကောင်းများကို ဦးတည်ဖို့ သန္နိဋ္ဌာန်များ ချကြကုန်၏။

နှစ်သစ်ကို မင်္ဂလာရှိသည်များ၊ ကောင်းမှုကုသိုလ်များ၊ သစ်လွင်မှုများဖြင့် ကြိုဆိုလိုကြ၏။ မိမိလိုချင်သည့် မင်္ဂလာရှိသော ကောင်းမွန်မှု မှန်သမျှတို့ကို ချစ်သူခင်သူ ရင်းနှီးမြတ်နိုးသူများကိုလည်း ရကြပါစေကြောင်း နှစ်ဦး ဆုမွန်တောင်းကြ၏။ နေရစ်တော့ နှစ်ဟောင်း။
ဆုမွန်ကောင်းများ အမျိုးမျိုးတောင်းကြသည့်ထဲတွင် အားလုံး မမေ့မလျော့ ရင်တွင်းရှိမည့်ဆုသည်ကား ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ ငြိမ်းချမ်းလိုခြင်း ဖြစ်ပါမည်။

လူသားတို့ သဘာဝ ငြိမ်းချမ်းခြင်းကို နှစ်သက်မြတ်နိုးကြသည်မှာ ဓမ္မတာ။ ပျော်ပွဲရွှင်ပွဲများဖြင့် နှစ်သစ်ဆုတောင်းပွဲကို ပြင်ဆင်ကျင်းပ နေနိုင်သူများထက် ကမ္ဘာတစ်လွှားက စစ်ပွဲများကြားမှာနေရသူများ၊ တိုက်ပွဲရှောင်ပြေးနေရသူများက ငြိမ်းချမ်းရေးကို ပိုမိုလိုလားတောင့်တ နေမိကြမည်ဆိုခြင်းမှာလည်း ဓမ္မတာ။

ငြိမ်းချမ်းရေးတောင့်တမှုကို ပြောကြလျှင် မြန်မာနိုင်ငံသားတို့အဖို့ ပို၍နာကျင် စိတ်မကောင်းဖြစ်စရာ ကောင်းလှသည် ထင်မိသည်။ ကိုယ့်နိုင်ငံသားချင်း၊ ပြည်သူချင်းကြားမှာ ကြီးမားလှသော ပြဿနာ များစွာမရှိပါဘဲ အယူအဆမတူညီမှုများကို ဦးဆောင်တွေးခေါ်မြော်မြင် နေကြသူတို့၏ ကွဲလွဲချက်များပေါ် အခြေခံကာ စစ်တိုက်နေရခြင်း၏ ဘေးဒဏ်တို့ကို ခံစားနေရခြင်းပင်။

ပညာခေတ်ဟု ကြွေးကြော်နေသည့် ကမ္ဘာမြေပေါ်မှာ အဖြူ၊ အစိမ်း ကိုလည်း မမြင်ဖူးရ၊ ကျောင်းတက်ကျောင်းဆင်း ခေါင်းလောင်းသံ မကြားဖူးရ၊ ယုတ်စွအဆုံး စာမရလို့ အရိုက်ခံရမည်ဆိုသော ကြိမ်လုံးကိုပင် မမြင်ဖူးရ၊ ကျောင်းမတက်ရသည့် ကလေးသူငယ်များ၊ အကြောင်း တစ်စုံတစ်ရာ ဘာကိုမှ မသိလိုက်ဘဲ ကိုယ်တိုင်လည်း ဘယ်လိုအပြစ်မျိုးကိုမှ မကျူးလွန်ရပါဘဲ လောကကိုစွန့်ခွာသွားကြရသူများ၊ စစ်ပွဲများကြားက အကျိုးအမြတ် တစ်ပြားတစ်ချပ်မျှရရှိခံစား မသုံးစွဲရပါဘဲ လက်နက်ကျည်သင့်ဒဏ်တို့ဖြင့် ကြွေလွင့်ရရှာသူများကိုယ်စား စာနာတွေးမြင်ကြည့်သင့်ပြီ။

ငြိမ်းချမ်းရေးစကား၊ ညီညွတ်ရေးစကားများကို ပြောကြရင်း စစ်ပွဲများကို ဆင်နွှဲနေရသည့်အဖြစ်မှာ ပြည်သူတို့အတွက် ကြာလေနာလေပါ။ ပြည်သူတို့၏ ရင်ထဲတွင် ယခုလို နှစ်သစ်အခါသမယ လိုချင်သည့် ဆုတောင်းစေဟုဆိုလျှင် ဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေးတို့နှင့်အတူ ပြည်တွင်းငြိမ်းချမ်းရေးကလွဲလျှင် အခြားဘာကိုမျှ မလိုချင်ပါဟု တောင်းဆိုနေကြမည်ထင်ပါသည်။

စစ်ဘေးဒဏ်၊ ရာသီဥတုဖောက်ပြန်မှုဒဏ်၊ ဆင်းရဲမွဲတေမှုဒဏ်၊ ရောဂါဘယများထူပြောလာမှုဒဏ် စသည့် ကပ်အမျိုးမျိုးမှ ကင်းလွတ်ဝေးကာ အမှန်တကယ် ငြိမ်းချမ်းသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ်သို့ အမြန်ရောက်ရှိ နိုင်ပါစေသတည်း။
မေတ္တာအခြေခံစိတ်ထားဖြင့် လူသားတို့ တစ်ဦးနှင့် တစ်ဦး မေတ္တာထားကြ၊ ချစ်ကြည်ကြ၊ ကိုယ်ချင်းစာနာကြ၊ ကရုဏာစိတ်ထားကြ၊ မုဒိတာပွားနိုင်ကြပါစေသတည်းဟူ၍ နှစ်ဦးဆုမွန် တောင်းလိုက်ပါကြောင်း။ ။

မြန်မာ့အလင်း