နှစ်ဦးကာလနှင့် စိတ်ကောင်းမွန်မြတ်

အတာကူးသည့်ကာလက မြန်မာနိုင်ငံသားတို့အဖို့ ထူးထူးခြားခြား အမှတ်ရစရာများ၊ လွမ်းမောတသဖွယ်ရာများနှင့် ပြည့်နေလေ့ရှိသည့်အချိန် ဖြစ်ပါသည်။

မြန်မာ့နှစ်သစ်ကူးဟုဆိုသည်နှင့် လူမျိုးဘာသာမရွေး၊ တောင်ပေါ်၊ မြေပြန့်မရွေး၊ ဆင်းရဲ၊ ချမ်းသာမရွေး၊ ကြီးသည်၊ ငယ်သည်မရွေး နှလုံးသားကိုထိခိုက်လှုပ်ရှား လှိုက်ခါစေနိုင်သည့် အတွေ့အကြုံများ ရှိနေလေ့ရှိသော နှစ်ဆန်းချိန်ပါပဲ။

အများစုသော  နိုင်ငံသားတို့အတွက် နှစ်သစ်ကူးချိန်တွင် နှစ်ဟောင်းက  မိမိပြုမိခဲ့ဖူးသမျှ၊  တွေ့ကြုံခဲ့ဖူးသမျှ၊  မိမိတို့  ပြုလာခဲ့ကြသည့်  မကောင်း သည်များ အစရှိသည့် အကုသိုလ်အစုစုကို အတာရေဖြင့် ဆေးကြောကာ ချန်ရစ်ခဲ့မည်။ နှစ်ဦးကို ကောင်းမှု ကောင်းရာများဖြင့်သာ ဆက်လက်ရှင်သန်ကြမည်၊ မုန်းကြသူများကိုခွင့်လွှတ်ပြီး အာဃာတမထားမိဖို့၊ ချစ်သူခင်သူများနှင့် ပိုမိုချစ်ကြည်ပျော်ရွှင်စွာနေကြဖို့၊ လောဘ၊ ဒေါသ၊ မောဟ၊ အာဃာတ ဣသာမစ္ဆရိယများလျော့ပါး ပါးလျားကြစေရေး၊ ကိုယ်ကျင့်ကောင်းမွန် သီလမြဲမြံအောင် ဆောက်တည်နိုင်ကြရေး စသည်ဖြင့် ဆုတောင်းကြ၊ အဓိဋ္ဌာန်ပြုကြ၊ ကောင်းမှုကုသိုလ်များပြုကြသည့် အချိန်လည်းဖြစ်၏။

လူ့ဘဝ ဖြစ်တည်လာသည့်အခါ မလွဲမသွေရင်ဆိုင်ကြရသော လောကဓံတရားများကို  ခံနိုင်ရည်ရှိအောင်  ကြိုးပမ်းကြရင်း၊  မိမိဘဝ ရပ်တည်နိုင်ရေး အတွက် အားထုတ်ကြရင်း၊ အများအတွက် မိမိ၏ လူမှုအသိုက်အမြုံအတွက်၊ လောကအတွက်၊ အမှန်တရားနှင့် ဓမ္မအတွက် ကိုယ်တိုင်ဆောင်ရွက်နိုင်ကြရန်လည်း အားသစ်အင်သစ်များ မွေးမြူကြသည့် အချိန်လည်းဖြစ်ပါ၏။

လူ့ဘဝသက်တမ်းကား အမှန်ဆန်းစစ်ကြည့်လျှင် ရှည်လျားလှသည် မဟုတ်။ သည်လိုတိုတောင်းလှသောဘဝများကို လူသားချင်း  ဖြူ မည်း မဟူ၊  ကျား မ မခွဲ၊ ဆင်းရဲ ချမ်းသာ မခြား မကွဲမပြား ချစ်ခင်ရင်းနှီးစွာ ဆက်ဆံကြခြင်းထက် မည်သည်က ပိုမိုကောင်းမွန်စရာ ရှိပါမည်နည်း။ အမုန်းတရားများကိုဖန်တီးလှုံ့ဆော်ပြီး လူအချင်းချင်း မုန်းတီးရန်လိုနေကြခြင်းက လောကကို အကျည်းတန်စေရင်း မိမိကိုယ်တိုင်တို့၏ ဘဝများကို ပူပြင်းလောင်မြိုက်စေနေမည်မဟုတ်ပါလော။

မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး မိန့်မြွက်သော စိတ်ကောင်းရှိဖို့က ပထမဟူသည့်အတိုင်း မိမိတို့တစ်ဦးချင်းစီ၏ နှလုံးသားတွင် စွဲမြဲနေမည့်စိတ်ကောင်းမွန်မြတ်ခြင်းက တစ်လောကလုံးကို ငြိမ်းချမ်းစေမည့် အခြေခံဓမ္မတရားဖြစ်သည်ဟု မှတ်ယူမိပါသည်။

ဤသည်ပင် နှစ်ဦးကာလအတွက် အခြေခံကျလှသော မိမိတို့ကိုယ်တိုင် တည်ဆောက်ကြရမည့် တရားမြတ်ဟု ယုံကြည်မိပါ၏။

ဤသို့ ဤသို့သော လောကကို သန့်ရှင်းဖြူစင်သည့် အသက်ရှည် အနာကင်း၍ ပျော်ရွှင်စွာ ဖြတ်သန်းကြမည်ဟူသော ထူးခြား မင်္ဂလာရှိလှသည့်စိတ်ကောင်း စိတ်မြတ်များဖြင့် ထုံမွမ်းနေသော နှစ်ဦးကာလတွင် နိုင်ငံတစ်ဝန်းလုံးက စစ်ပွဲများ ထာဝရရပ်တန့်ခြင်းဖြင့် စစ်ဘေးရှောင်များ၊ စစ်ဘေး ဒဏ်ခံများ  ပပျောက်နိုင်ကြကာ  မွန်မြတ်လှသော  ငြိမ်းချမ်းရေးနှင့်  ပျော်ရွှင်သာယာမှုအပေါင်းတို့ကို  မြန်မာနိုင်ငံသားအားလုံးရရှိခံစားနိုင်ကြပါစေကြောင်း အတာရေလောင်းကာ ဆုမွန်တောင်းလိုက်ရပါသတည်း။