နောက်ထပ် လက်မှတ်ရေးထိုးမယ့် အဖွဲ့တွေလည်း ရှိပါတယ်

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

ဦးခင်ဇော်ဦး (ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး)က “၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ လက်မှတ်ရေးထိုးဖို့ ကျန်ခဲ့ကြပါတယ်။ ကျန်ခဲ့ကြတဲ့အဖွဲ့တွေကို အဆက်မပြတ်တွေ့ဆုံညှိနှိုင်းပြီးတော့ လက်မှတ်ရေးထိုးနိုင်အောင် ဆောင်ရွက်တဲ့အခါမှာ ဒီနေ့ဆိုရင် မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့က NCA ထဲမှာ ပါဝင်ပူးပေါင်း ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

ဒီလိုလက်မှတ်ရေးထိုးဖို့ ကျန်တဲ့အဖွဲ့တွေထဲကနေ နှစ်ဖွဲ့ပါဝင် ပူးပေါင်း ဆောင်ရွက်လာတဲ့အတွက်ကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ကဏ္ဍတစ်ခုကို ရှေ့ကို တစ်လှမ်းတိုးလာတယ်လို့ ပြောရမှာပါ။ မြန်မာနိုင်ငံမြေပုံကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံတောင်ပိုင်းဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးဆိုပြီးတော့ တွေ့ရပါလိမ့်မယ်။ ကရင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက NCA မှာ လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာဆိုရင်လည်း အချို့နယ်မြေမှာ ရှိတဲ့သူတွေက လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။ လက်မှတ်ရေးထိုးပြီးတဲ့အခါမှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတဲ့အခါမျိုးမှာ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး ကြားထဲမှာရှိတဲ့ မွန်ပြည်နယ်က ကျန်နေတာပါ။

အခုဆိုရင် NMSP အဖွဲ့က ဒီလုပ်ငန်းစဉ်ထဲမှာ ပါဝင်လာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဟာ ငြိမ်းချမ်းရေး ခရီးစဉ်ကို ဖြောင့်ဖြောင့်ဖြူးဖြူးသွားနိုင်မယ့် အနေအထားမျိုးကို ရောက်လာပြီလို့ ပြောရမှာဖြစ်ပါတယ်။ ကျန်တဲ့ဒေသ၊ ကျန်တဲ့အဖွဲ့အစည်းတွေအတွက်လည်း ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။

မကြာခင်အချိန်တွေမှာတော့ ကျွန်တော်တို့ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာပါလိမ့်မယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကျွန်တော်တို့ တံခါးပိတ်မထားပါဘူး။ အဖွဲ့တိုင်းနဲ့ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ အချို့အဖွဲ့တွေကတော့ တရားဝင်ဆွေးနွေးတာတွေ ရှိသလို တချို့အဖွဲ့ဝင်တွေကတော့ အလွတ်သဘော ဆွေးနွေးနေတာတွေ မပြတ်လုပ်နေပါတယ်။ အလွတ်သဘောဆွေးနွေးတာကနေ အဖြေမရသေးတဲ့အခါ ထုတ်ပြန်ကြေညာလို့ မဖြစ်သေးပါဘူး။ တွေ့ဆုံဆွေးနွေးမှုကနေ ယုံကြည်မှုတွေ ကြိုးစားတည်ဆောက်နေပါတယ်။ နောက်ထပ်လက်မှတ် ရေးထိုးမယ့် အဖွဲ့တွေလည်း ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာရာတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

MDN