နှောင်းအတိတ်ဂန္ထဝင် သမိုင်းဖန်ဆင်းရှင်များ

၂၈ ဇွန်

 

ယခုရက်သတ္တပတ်သည်ကား သမိုင်းဝင် အခါသမယနှစ်ခုနှင့် သက်ဆိုင်နေသော နှစ်ပတ်လည်နေ့များကျရောက်သည့် ရက်သတ္တပတ်အဖြစ် ထူးထူးခြားခြား မှတ်တမ်းတင်နိုင်၏။ သမိုင်းဝင် သမိုင်းတွင်ရစ်သော အခါသမယ နှစ်ခုသည်ကား “ကိုရီးယားစစ်ပွဲနှင့် ဒုတိယကမ္ဘာစစ်ကြီး ကို အဆုံးသတ်စေခဲ့သော ရုရှားနိုင်ငံ၏ “အောင်ပွဲနေ့ကို အထိမ်းအမှတ်ပြုသည့် နာဇီဂျာမနီ လက်နက်ချမှုသမိုင်း ဖြစ်စဉ် တို့ဖြစ်ကြ၏။

 

ရုရှားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ဆိုင်းငံ့ခဲ့ရသော “အောင်ပွဲနေ့ အထိမ်းအမှတ် စစ်ရေးပြပွဲကြီးကို ဇွန် ၂၄ ရက်က မြို့တော် မော်စကိုရှိ ရင်ပြင်နီတွင် ဝှဲချီးထိုက်စွာကျင်းပခဲ့သည်။ ၁၉၄၅ ခုနှစ် တွင် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးစေမှုကို ဦးတည်ခဲ့သော နာဇီ ဂျာမနီလက်နက်ချမှုမှာ ယခုနှစ် ဇွန် ၂၄ ရက်တွင် (၇၅)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ရာ ရုရှား၏ “အောင်ပွဲနေ့ အထိမ်းအမှတ်စစ်ရေးပြပွဲကြီးကို စိန်ရတုသဘင်ပွဲကြီး အဖြစ် ဆင်နွှဲနိုင်ပေပြီ။

 

အောင်ပွဲနေ့

 

ကနဦးတွင် “အောင်ပွဲနေ့ အထိမ်းအမှတ်စစ်ရေးပြပွဲကြီးကို မေ ၉ ရက်တွင် ကျင်းပရန်စီစဉ်ခဲ့သည်။ သို့ရာတွင် ရုရှားနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးရတက် မအေးဖြစ်နေခြင်းကြောင့် စစ်ရေးပြအခမ်းအနားကျင်းပမည့်နေ့ရက်ကို ရွှေ့ဆိုင်းခဲ့ရသည်။ ကပ်ရောဂါဘေး ကြောင့် အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ထားသော “အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်းကို ရွှေ့ဆိုင်းရခြင်းမှာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့ချိန်နောက်ပိုင်း၊ စစ်ရေးပြပွဲကြီးများကို ပြန်လည် ပြုလုပ်သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။

 

အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပသည့် နေ့ရက်ဖြစ်သော ဇွန် ၂၄ ရက် တစ်ရက် တည်းမှာပင် ရုရှားနိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာသစ် ၇၁၇၆ ဦး ပေါ်ထွက်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ရောဂါကူးစက်ခံရသူဦးရေမှာ ထိုနေ့တွင် ၆၀၆၈၈၁ ဦးအထိ ရောက်ရှိခဲ့သည်။

 

ရုရှားနိုင်ငံ၏ဒေသကြီး အများအပြားတွင် ယခု ထက်တိုင်အောင်ပင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုများ ဆက်လက်ရှိနေသဖြင့် တားဆီးကာကွယ်ရေးလုပ်ငန်း များကို ဆက်လက်ပြုလုပ်သွားရန် သမ္မတ ဗလာဒီမာ ပူတင်က ဇွန် ၂၃ ရက်က နိုင်ငံတစ်ဝန်းတွင် တိုက်တွန်း ပြောကြားခဲ့သည်။ သို့ရာတွင် ရောဂါကူးစက်မှုအရှိန် အဟုန်ကို မိမိတို့နိုင်ငံလျှော့ချနိုင်အောင် စီမံဆောင်ရွက် ပေးနိုင်ခဲ့ပြီဟု သူက ပြောကြားသည်။

 

ရုရှားနိုင်ငံသည် ကိုရိုနာကပ်ဘေး အထိအနာဆုံး တွေ့ကြုံနေရသော နိုင်ငံကြီးနှစ်နိုင်ငံမှာထက် ရောဂါ ရှာဖွေဖော်ထုတ်သော စစ်ဆေးမှုများကို ပိုမိုပြုလုပ်ပေး နိုင်သည်ဟုဆိုသည်။ ၎င်းအပြင် ရုရှားဖက်ဒရယ်အစိုးရက ဖွင့်လှစ်ထားသော သိပ္ပံဌာန ၁၄ ခုတွင် ကာကွယ်ဆေး ဖော်ထုတ်ရန် ကြိုးပမ်းလုပ်ကိုင်နေကြောင်း သမ္မတ ပူတင်က ပြောကြားသည်။

 

ပွဲကြီးသဘင်

 

မြို့တော် မော်စကိုရှိ ရင်ပြင်နီတွင် ပွဲကြီးသဘင် ဝှဲချီးဆင်ယင်သော စစ်ရေးပြပွဲကြီးသည် ၁၉၄၅ ခုနှစ်က ဆိုဗီယက်ပြည်ထောင်စု၏ ပထမဆုံးသော “အောင်ပွဲနေ့ အထိမ်းအမှတ် စစ်ရေးပြပွဲကြီးကျင်းပခဲ့မှု (၇၅)နှစ် ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်နေပြီး ရုရှားနိုင်ငံ၌ နိုင်ငံရေးအရွေ့တစ်ခု ထူးထူးခြားခြားဖြစ်ပေါ် လတ္တံ့ အခါသမယတွင် “အောင်ပွဲနေ့ ကျရောက်ခဲ့သည်။ ရုရှားနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ဇူလိုင် ၁ ရက်တွင် နိုင်ငံတစ်ဝန်း၌ လူထု ဆန္ဒခံယူပွဲကြီးကျင်းပရန် စီစဉ်ထားရာ နိုင်ငံရေးအရ ထူးခြားလှသည့် အခါသမယဟုလည်း ဆိုနိုင်ပေလိမ့်မည်။

 

၂၀၃၆ ခုနှစ်အထိ သမ္မတပူတင်အား ရာထူးအာဏာ အပ်နှင်းမှုကို လမ်းခင်းပေးမည့် ဆောင်ရွက်ချက်အဖြစ် ရှုမြင်ကြသော လူထုဆန္ဒခံယူပွဲသည် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်ချက်များပြုလုပ်ခြင်းကို ပြည်သူတို့ လက်ခံနိုင်ခြင်း ရှိ၊ မရှိ နိုင်ငံရေးမှတ်ကျောက်တိုက်မှု တစ်ရပ်ဟု ဆိုနိုင်သည်။

 

အတိုက်အခံများက ပြင်းပြင်းထန်ထန် ကန့်ကွက် နေလင့်ကစား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်မှု အချက် အလက်ပေါင်း ၂၀၀ ခန့် ပြုလုပ်ရန် အဆိုပြုထားကြောင်း၊ ရုရှားနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်သည် အံ့အားသင့်ဖွယ်ရာကောင်းလှကြောင်း ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန် အခြေစိုက် နိုင်ငံတကာရေးရာ လေ့လာရေးသိပ္ပံဖြစ်သော ချက်ထရီယံဟောက်စ်၏ အကြီးတန်းသုတေသီ နီကိုလေးပီထရော့ဗ်က သုံးသပ်သည်။

 

ဩဇာအာဏာ