နော်ဝေနိုင်ငံမှာ တစ်လကြာပိတ်ထားတဲ့ နေ့ကလေးထိန်းကျောင်းတွေ ပြန်ဖွင့်ပြီ

၂၀ ဧပြီ

နော်ဝေနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရန် တစ်လကြာပိတ်ထားတဲ့ နေ့ကလေးထိန်းကျောင်းတွေကို ဒီနေ့ (တနင်္လာနေ့)မှာ  ပြန်ဖွင့်မယ်လို့ သိရပါတယ်။ တာဝန်ရှိသူတွေက ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါဟာ ကလေးငယ်တွေကို ကူးစက်နှုန်း နည်းပါးတယ်။ ဒါ့ကြောင့် ပြန်ဖွင့်မယ်ဆို ဖွင့်ရန်ဖြစ်နိုင်ကြောင်း ပြောပေမယ့် မိဘတွေကတော့ ကလေးတွေကို ကျောင်းပြန်ပို့ရန် တွန့်ဆုတ်နေပါတယ်။

 

အိမ်နီးချင်းနိုင်ငံ ဒိန်းမတ်က ကလေးမိဘတွေက ဆိုရှယ်မီဒီယာပေါ်မှာ “ကိုဗစ်-၁၉ ရောဂါအတွက် ငါတို့ကလေးတွေဟာ စမ်းသပ်ခံတွေ မဖြစ်သင့်ဘူး” ဆိုတဲ့ နာမည်နဲ့ အုပ်စုဖွဲ့ပြီး ကျောင်းပြန်မဖွင့်ရေး လက်မှတ်ထိုးတောင်းဆိုရာ လက်မှတ်ပေါင်း ၃၀,၀၀၀ နီးပါး ရရှိပြီးကြောင်း သိရပါတယ်။

 

နော်ဝေအစိုးရရဲ့ ကျောင်းပြန်ဖွင့်ရေးအစီအစဉ်ကို  ကလေးမိဘ ၂၄ ရာခိုင်နှုန်းက ကလေးတွေကို နေ့ကလေးထိန်းကျောင်းကို မလွှတ်နိုင်ကြောင်း ဆန္ဒပြုပြီး၊ ၁၃ ရာခိုင်နှုန်းကတော့ မသေချာဘူးလို့ ပြောဆိုကြောင်း နော်ဝေသတင်းဌာန NRK က ကောက်ခံတဲ့ ဆန္ဒပြုအဆိုအရ သိရပါတယ်။

 

အစိုးရကတော့ နေ့ကလေးထိန်းကျောင်းတွေမှာ ကျန်းမာရေးအတွက် တိကျတဲ့ စည်းမျဉ်း စည်းကမ်းတွေ ပါရှိမယ်လို့ ပြောပါတယ်။ အသက် ၃ နှစ်အောက် ကလေးငယ်တွေဟာ အုပ်စုတစ်ခုကို ကလေးသုံးယောက်သာရှိပြီး ဆရာမ တစ်ယောက်က စောင့်ရှောက်ဖို့ရှိပြီး အသက် ၃- ၆ နှစ်အထိ ကလေးတွေကတော့ တစ်အုပ်စုကို ခြောက်ယောက် ရှိနိုင်ကြောင်း သိရပါတယ်။

 

ဩစတြီးယား၊ ဒိန်းမတ်၊ ဂျာမနီနဲ့ နော်ဝေနိုင်ငံတွေက ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ တွင် ကန့်သတ်ချက်တွေကို တစ်ပြိုင်တည်းထုတ်ပြန်ခဲ့ပေမယ့် နော်ဝေနိုင်ငံဟာ ကန့်သတ်ချက်တွေကို ပထမဆုံး ရုပ်သိမ်းတဲ့ နိုင်ငံဖြစ်ပါတယ်။

 

ဒီသီတင်းပတ်အတွင်းအမှာ အလှပြင်ဆိုင်တွေ၊ အရေပြားကုဆေးခန်းတွေ၊ စိတ်ရောဂါကုဆေးခန်း စတာတွေ  ပြန်လည် ဖွင့်လှစ်မယ်လို့ သိရပါတယ်။ မူလတန်းကျောင်းတွေက ဧပြီ ၂၇ နေ့မှာ ပြန်ဖွင့်မယ်ပြောပါတယ်။ဒါပေမယ့် စားသောက်ဆိုင်နဲ့ ဘားတွေကိုတော့ ဆက်လက် ပိတ်ထားရမှာ ဖြစ်ပါတယ်။ ရိုးရာပွဲတွေနဲ့  အားကစားပွဲတွေဟာ ဇွန်လ ၁၅ အထိ ကျင်းပခွင့် မရှိကြောင်း သိရပါတယ်။

 

လူဉီးရေ ၅ ဒသမ ၄ သန်းရှိတဲ့ နော်ဝေနိုင်ငံမှာ လူပေါင်း ၇,၀၆၈ ဦး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ၁၅၄ ဦး သေဆုံးကြောင်း ဧပြီ ၂၀ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

MDN
ကိုးကား - AFP