နေအိမ်မှ အလုပ်လုပ်ခြင်းနဲ့ လေထုညစ်ညမ်းမှုအန္တရာယ်

ကလျာမိုးမြင့်

 

လက်ရှိအချိန်ဟာ နိုင်ငံတိုင်းမှာရှိကြတဲ့ လူအများစုဟာ ၎င်းတို့ရဲ့ လုပ်ငန်းခွင်တာဝန်တွေကို နေအိမ်ကနေ လုပ် နေကြရတဲ့ အချိန်ကာလဖြစ်တဲ့အလျောက် မြို့ကြီး အများအပြားမှာ လေထုညစ်ညမ်းမှု ပိုဖြစ်လာနိုင် ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာတစ်ခု မှာ ဖော်ပြခဲ့ပါတယ်။

 

ဓာတ်ငွေ့လောင်ကျွမ်းမှု

ဘွိုင်လာတွေကနေ ဓာတ်ငွေ့လောင်ကျွမ်းမှုဖြစ်တဲ့ အခါ NOX လို့ခေါ်တဲ့ နိုက်ထရစ်အောက်ဆိုက်နဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ကို ထုတ်လွှတ်ပြီး အဲဒီ အရာတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင် ပါတယ်။ NOX ထုတ်လွှတ်မှုဟာ ညစ်ညမ်းမှုတွေရဲ့အဓိက ရင်းမြစ်ဖြစ်ပြီး သာဓကပြရရင် ဗြိတိန်နိုင်ငံတစ်ဝန်းမှာ NOX ထုတ်လွှတ်မှုရဲ့ ၂၁ ရာခိုင်နှုန်းဟာ ဘွိုင်လာတွေ ကနေ ဓာတ်ငွေ့လောင်ကျွမ်းမှုကြောင့် ဖြစ်ရတယ်လို့ သိရပါတယ်။

 

အခုလက်ရှိမှာဆိုရင် ကိုဗစ်- ၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုကြောင့် အလုပ်လုပ်ကိုင်ရတဲ့ပုံစံ ပြောင်းလဲသွား တာကြောင့် ဒီနှစ်ဆောင်းရာသီမှာ ဘွိုင်လာအသုံးပြုမှု ပိုများလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ လုပ်ငန်းခွင် တွေမှာလည်း ဝန်ထမ်းတွေအတွက် ရုံးခန်းတွေကို အပူ ပေးဖို့ ဆက်ပြီးလိုအပ်နေဦးမှာဖြစ်တယ်လို့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။

 

လေထုအရည်အသွေးကို ခြိမ်းခြောက်

နေအိမ်ကနေ အလုပ်လုပ်တဲ့ပုံစံကို ပြောင်းလဲ ကျင့်သုံးနေရတာမှန်ပေမယ့်လည်း မော်တော်ယာဉ်တွေ ကနေ NOX ထုတ်လွှတ်မှုကတော့ အရင်လိုပဲ ဖြစ်နေဦး မယ်၊ ဘာကြောင့်လဲဆိုတော့ ရုံးကိုသွားကြတဲ့သူ အရေ အတွက် နည်းသွားပေမယ့် ယခင်က အများပြည်သူသုံး ယာဉ်တွေဖြစ်တဲ့ ဘတ်စ်ကားတွေ၊ ရထားတွေနဲ့ လုပ်ငန်းခွင်သွားရောက်တဲ့သူတွေ အများစုက ယခု လက်ရှိမှာလည်း မော်တော်ယာဉ်တွေကို အသုံးပြုနေရ တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။

 

ဒီတော့ အိမ်ထဲမှာနေပြီး အလုပ်လုပ်ရတဲ့ ကာလ အတွင်း လေထုညစ်ညမ်းစေတဲ့အရာတွေ ထုတ်လွှတ်မှု ပိုများလာတဲ့ အခြေအနေဟာ ဗြိတိန်ရဲ့ လေထုအရည် အသွေးကောင်းမွန်ရေး မျှော်မှန်းချက်ကို ခြိမ်းခြောက် လာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြံပေး အဖွဲ့က အစီရင်ခံစာထဲမှာ ဖော်ပြထားတာကို တွေ့ရပါ တယ်။

 

ချေဖျက်ပစ်နိုင်တဲ့ ပမာဏ

စွမ်းအင်အသုံးပြုမှု ပိုမိုများပြားလာခြင်းကြောင့် မြို့ကြီးတွေနဲ့ မြို့ငယ်တွေမှာ NOX ထုတ်လွှတ်မှု ၁၂ ရာခိုင်နှုန်းနီးပါးလောက်အထိ တိုးလာနိုင်ပြီး အဲဒီ အတိုင်းအတာဟာ ပြီးခဲ့တဲ့နှစ်နှစ်လုံးလုံး မော်တော်ယာဉ် တွေကနေ ညစ်ညမ်းမှုဖြစ်စေတဲ့အရာတွေ ထုတ်လွှတ်မှု လျှော့ချရေးကြိုးပမ်းခဲ့သမျှကို ချေဖျက်ပစ်လိုက်နိုင် လောက်တဲ့ ပမာဏရှိတယ်လို့ သိရပါတယ်။

 

ဘွိုင်လာတွေကနေ ဓာတ်ငွေ့လောင်ကျွမ်းခြင်းက လေထုညစ်ညမ်းမှုဖြစ်စေတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တယ် ဆိုတာကို မမေ့မလျော့ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်ဆို တာကို အစီရင်ခံစာက ထောက်ပြထားပါတယ်။

 

စွမ်းအင်အသုံးပြုမှု

နေအိမ်ကနေ အလုပ်လုပ်တဲ့ ကာလတစ်လျှောက်မှာ စွမ်းအင်အသုံးပြုမှုအတွက် ကျသင့်ငွေဟာ တစ်လကို ပျမ်းမျှအားဖြင့် ၃၂ ပေါင် ကျတယ်လို့ တချို့ကခန့်မှန်းတွက် ချက်ဖော်ပြထားပါတယ်။ ဒါပေမယ့် အဲဒီကုန်ကျစရိတ်ကို အများပြည်သူသုံးယာဉ်တွေ စီးနင်းသွားလာတဲ့ ကုန်ကျ စရိတ်လျော့ကျမှုအားဖြင့် ချေလိုက်လို့ရနိုင်ပါတယ်။

 

ဗြိတိန်မှာ လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ပြုလုပ်တဲ့အချီအချဆွေးနွေးမှုတွေမှာ မော်တော်ယာဉ်တွေ သွား လာမှုကိုသာ အလေးပေးဆွေးနွေးနေကြပေမယ့် တကယ် တမ်းတော့ မြို့ကြီးတွေမှာ ဘွိုင်လာအသုံးပြုမှုဟာ လေထု ညစ်ညမ်းစေတဲ့ အဓိကဇာတ်ကောင်တစ်ခု ဖြစ်နေတယ်လို့ သိရပါတယ်။

 

ဘွိုင်လာတွေလို ပစ္စည်းတွေကနေ ထွက်လာတဲ့ လေထုညစ်ညမ်းမှုက လူကို တိုက်ရိုက်သေဆုံးစေနိုင်ခြင်း မရှိတဲ့အတွက် ထည့်သွင်းစဉ်းစားဖို့ မေ့လျော့နေကြ တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

 

ရောဂါဖြစ်စေနိုင်

ဒါပေမယ့် နှစ်စဉ် နှလုံးရောဂါရှိသူတွေနဲ့ အဆုတ် ရောဂါရှိတဲ့သူ ၄၀၀၀၀ လောက်ကို ကျန်းမာရေးထိခိုက် စေပြီး အသက်တိုစေတဲ့ လက်သည်တရားခံဟာ ဘွိုင်လာတွေကနေထွက်လာတဲ့ ဓာတ်ငွေ့လောင်ကျွမ်း မှုတွေပါပဲ။ ဒါတောင်မှ ဒီကိန်းဂဏန်းဟာ သေဆုံးသူ အရေအတွက် အတိအကျမဟုတ်သေးပါဘူး။

 

လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး ထိခိုက်ရ သူ အရေအတွက်ဟာ ဒီထက်များနိုင်တယ်လို့ အစိုးရ အဖွဲ့အကြံပေးသူတွေက ဆိုထားပါတယ်။ လေထု ညစ်ညမ်းမှုကြောင့် လူတစ်ယောက်ကို မြန်မြန်ဆန်ဆန် မသေဆုံးနိုင်စေပေမယ့် ပန်းနာရင်ကျပ်ဝေဒနာနဲ့ အမှုန် အမွှားတွေဝင်ရောက်မှုကြောင့် ဖြစ်ရတဲ့ နှာစေး ချောင်းဆိုးရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

 

ကန့်သတ်ပမာဏကျော်လွန်

ဗြိတိန်နိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာအား ဖြင့် လေထုညစ်ညမ်းမှုအခြေအနေဟာ ကြာမြင့်တဲ့ ကာလအတွင်းမှာ ဖြည်းဖြည်းချင်း ကျဆင်းလာနေပြီဖြစ် သော်လည်း မြို့ကြီးအများအပြားမှာ လေထုအတွင်းအန္တရာယ်ရှိတဲ့အမှုန်တွေ ပါဝင်မှုနဲ့ NOX ထုတ်လွှတ်မှု ဟာ ဘေးကင်းတယ်လို့ သတ်မှတ်ထားတဲ့ ကန့်သတ် ပမာဏကို မကြာခဏ ကျော်လွန်ခဲ့ပါတယ်။

ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ အထောက် အကူဖြစ်စေဖို့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူတွေက ဒေသကောင်စီတွေအနေနဲ့ သန့်ရှင်း တဲ့လေထုဇုန်တွေ ဖြစ်လာစေရေး ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ဖို့ မျှော်လင့်လျက်ရှိပါတယ်။

 

သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်

ကိုဗစ်- ၁၉ ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအများ အပြားမှာ အဝင်အထွက် ကန့်သတ်ပိတ်ဆို့လိုက်မှုတွေ ကြောင့် လေထုညစ်ညမ်းမှုဟာ အတိုင်းအတာတစ်ခု အထိ လျော့ကျခဲ့တာမှန်ပေမယ့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ အကာအကွယ်တွေ ပုံမှန်ထက်ပိုပြီး လိုအပ်နေတဲ့ ယခုလိုအချိန်မျိုးမှာ ယခင်ကရရှိပိုင်ဆိုင် ခဲ့ဖူးတဲ့ သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်အနေအထား တစ်ခုကို ပြန်လည်ရောက်ရှိဖို့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ ။

 

ကိုးကား- ဘီဘီစီ