နေ့စားဝန်ထမ်းများအတွက် ဝန်ထမ်းလိုင်းခန်းများ တည်ဆောက်ပေးရန် အစီအစဉ်မရှိကြောင်း တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ပြောကြား

ရန်ကုန် ၂၁ မတ်

 

အင်ဂျင်နီယာ(လမ်းနှင့်တံတား)မှ လုပ်ငန်းခွင်အတွင်းရှိ နေ့စားအလုပ်သမားများသည် ဝန်ထမ်းများ မဟုတ်သဖြင့် ဝန်ထမ်းလိုင်းခန်းများ တည်ဆောက်ပေးရန် အစီအစဉ်မရှိကြောင်း ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောသည်။

 

အလုံမြို့နယ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်တော်တော်များများတွင် လမ်း/တံတားဌာနမှ လမ်းဌာန နေ့စားဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများကို ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ မရှိကို အလုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက မေးမြန်းခဲ့ပြီး ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 

“အင်ဂျင်နီယာ(လမ်းနှင့်တံတား) အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် လမ်းနှင့် တံတားဆိုင်ရာ လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အချို့သော လုပ်ငန်းခွင်များ၌ နေ့စားအလုပ်သမားများကို လုပ်ငန်းခွင်အနီးတွင် ယာယီနေထိုင်စေခြင်းမှာ နေ့စားအလုပ်သမားများ ၎င်းတို့နေရပ်မှ လုပ်ငန်းခွင်သို့ လာရောက်ရသော ခရီးအကွာအဝေးကြောင့် လည်း ကောင်း၊ ပတ်ဝန်းကျင်ယာဉ်သွားလာမှု အခြေအနေအရ အချို့လုပ်ငန်းများမှာ ညပိုင်းမှာသာ ဆောင်ရွက်ရခြင်း များကြောင့် လုပ်ငန်းခွင်များအနီး ယာယီတဲများဖြင့် ခေတ္တနေထိုင်ခြင်း ဖြစ်တယ်လို့” ဦးမောင်မောင်စိုးက ပြော သည်။

 

အလားတူ လက်ရှိနေထိုင်လျက်ရှိသူများအား မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ပေးမည်နှင့် မည်သည့်ဌာနမှ တာဝန်ယူ ဖြေရှင်းပေးမည်ကို သိလိုကြောင်း မေးမြန်းမှုကို “ယခုလက်ရှိ ယာယီတဲများဖြင့် နေရာချထားသော နေ့စားအလုပ်သမားများကို သက်ဆိုင်ရာ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာနှင့် ကြီးကြပ်ရေးမှူးများမှ စနစ်တကျ ကြပ်မတ်ကွပ်ကဲ၍ လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း ” ၎င်းက ပြောသည်။

 

အစည်းအဝေးတွင် အလုံမြို့နယ်အတွင်းတွင် စီမံရေးရာကဆိုပြီး နှစ်အတော်ကြာ နေထိုင်လျက်ရှိသောကြောင့် စနစ်တကျ ပြန်လည်စိစစ်၍ နေရာချထားပေးရန် အစီအစဉ် ရှိ မရှိ ဆက်စပ်မေးခွန်းအနေဖြင့် မေးမြန်းရာ ဝန်ကြီးက ကွင်းဆင်းစိစစ်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

မျိုးထက်ဦး(MDN)