နေ့စဉ်ဘဝမှာ သွားပွတ်တံရဲ့ အရေးပါမှု အတိုင်းအတာ

မနက်ခင်းနိုးလာရင် အရင်ဆုံးဘာလုပ်လဲ။ အိပ်ရာကထတယ်၊ အကြောဆန့်တယ်။ ပြီးရင် ဆံပင်လေးဘာလေးဖီးပြီး မျက်နှာသစ်၊ သွားတိုက်ဖို့လုပ်တယ်ဟုတ်။ ဒါကို ဒီလောက်ပဲ နေ့စဉ်လုပ်ရိုးလုပ်စဉ် တစ်ခုလို ငယ်ငယ်ကတည်းက လုပ်လာကြတာပါ။  ငယ်စဉ်ကနေ အခုချိန်ထိ လုပ်လာတဲ့ တောက်လျှောက်မှာ သွားတိုက်တာရဲ့ အရေးကြီးမှုနဲ့ သွားပွတ်တံက ဘယ်လောက် အတိုင်းအတာထိ သက်ရောက်မှု ရှိနေလဲဆိုတာကို တွေးမိဖူးရဲ့လား။ မတွေးမိဖူးရင်တော့ တူတူတွေးလိုက်ရအောင်လေနော်။


နောက်တစ်ချက် ကျန်သေးတယ်။ ဒါက သွားပွတ်တံကို အဆင်ပြေသလိုပဲ ဝယ်တိုက်လိုက်တာလား။ သေချာလေ းရွေးမိရဲ့လားဆိုတဲ့ အချက်ပါ။ ငယ်ငယ်က မေမေဝယ်ပေးတာ တိုက်တယ်၊ ကိုယ့်ဘာသာ ဝယ်ရမယ်ဆိုရင်တော့ အဆင်ပြေသလို ဝယ်လိုက်တာပဲ မဟုတ်လား။ တကယ်တော့ သွားနဲ့ခံတွင်းကျန်းမာရေး အတွက်ရော ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ပါ သွားပွတ်တံက တော်တော်လေးအရေးပါတာပါ။


သွားပွတ်တံ ဘယ်ကစ


ဒီနေ့ခေတ်မှာတော့ သွားပွတ်တံက တော်တော်လေး သဘောကျစရာပုံစံလေးတွေနဲ့ ရွေးချယ်စရာတွေကလည်း တော်တော်လေးများပါတယ်။ သွားပွတ်တံက သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် အရေးပါသလို လှပတဲ့ အပြုံးတစ်ပွင့်အတွက်လည်း အရေးပါတဲ့ဇာတ်လိုက်ပေါ့။ ဒီလိုမျိုး နေ့စဉ်ဘဝမှာ အတိုင်းအတာတစ်ခုအထိ အရေးပါတဲ့ သွားပွတ်တံက ဘယ်လိုများစတင်ပေါ်ပေါက်လာတာလဲ။ သွားပွတ်တံမပေါ်ခင်ကရော လူတွေက သူတို့ရဲ့ သွားတွေကို ဘယ်လိုများသန့်ရှင်းခဲ့ကြသလဲဆိုတာ တွေးမိဖူးလား။ 


သွားကိုသန့်ရှင်းဖို့ အသုံးပြုတဲ့ ပစ္စည်းလေးတွေက ဘီစီ ၃၅၀ဝ  နောက်ပိုင်းမှာစတင်ပေါ်ထွက်ခဲ့တာပါ။ ဘေဘီလုံလူမျိုးတွေနဲ့ အီဂျစ်လူမျိုးတွေက သစ်ခက်လေးတွေရဲ့ တစ်ဖက်ကို ဖွာနေအောင်လုပ်ပြီး ဖွာနေတဲ့အစွန်းဘက်နဲ့ သွားကိုသန့်ရှင်းကြတာပါတဲ့။ ၁၆၀ဝ ဘီစီမှာတော့ တရုတ်လူမျိုးတွေက ခံတွင်းအနံ့ဆိုးကင်းစေဖို့အတွက်မွှေးကြိုင်တဲ့ သစ်ပင်တွေရဲ့ အစိတ်အပိုင်းတွေကို ဝါးပြီး ခံတွင်းသန့်ရှင်းမှုတွေလုပ်ခဲ့ကြပါတယ်။၁၄၉၈ ခုနှစ်မှာတော့ တရုတ်လူမျိုးတွေက ခပ်တောင့်တောင့်လေးဖြစ်တဲ့ ဝက်ဂုတ်မွှေးလေးတွေကို အရိုးဒါမှမဟုတ် ဝါးတံလေးမှာ တပ်ဆင်ပြီး သွားပွတ်တံအဖြစ်အသုံးပြုခဲ့ပါတယ်။ ဥရောပမှာတော့ မြင်းမွှေး နဲ့ ငှက်မွှေးတွေကို အသုံးပြုပြီး သွားပွတ်တံအဖြစ် တီထွင်အသုံးပြုခဲ့ကြပါတယ်။


သိပ်မကြာခင်ကာလမှာ Du Pont က နိုင်လွန်ကိုတီထွင်ခဲ့ပြီး ၁၉၃၈ ခုနှစ်မှာ အခုလက်ရှိ အသုံးပြုနေတဲ့ သွားပွတ်တံတွေထွက်ပေါ်လာခဲ့ပါတယ်။ ပထမဆုံး နိုင်လွန်အမွှေးအမျှင်လေးတွေကို အသုံးပြုထားတဲ့ သွားပွတ်တံကို Doctor West’s Miracle Toothbrush လို့ ခေါ်ဝေါ်ခဲ့ပြီး နူးညံ့တဲ့ နိုင်လွန်အမွှေးအမျှင်လေးတွေပါတဲ့ သွားပွတ်တံတွေကို ၁၉၅၀ ခုနှစ်တွေမှာ စတင်အသုံးပြုခဲ့တာပါ။ ပထမဆုံး လျှပ်စစ်သွားပွတ်တံကတော့ ၁၉၃၉ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တာပါ။


သွားပွတ်တံက ဒီလောက်ထိအရေးပါတာပါ


သွားပွတ်တံကို အသုံးပြုပြီး သွားတိုက်တာက သွားတွေကို သွားပိုးစားတာလိုမျိုး ထိခိုက်ပျက်စီးမှုတွေ မဖြစ်အောင်ဘဲ ကာကွယ်ပေးတာမျိုး မဟုတ်ပါဘူး။ သွားဖုံးရောဂါတွေမဖြစ်အောင် ကာကွယ်ပေးသလို အသက်ကြီးတဲ့အထိ သွားတွေကြံ့ခိုင်ကျန်းမာစေဖို့အတွက်လည်း အထောက်အပံ့လုပ်ပေးပါတယ်။ ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် သွားပွတ်တံတစ်ချောင်းကိုရွေးချယ်ဝယ်ယူလို့ သွားနဲ့ခံတွင်းကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ရုတ်တရက်နှလုံးရပ်တာ၊ လေဖြတ်တာတွေကိုပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သွားတွေက အစွန်းအထင်းတွေကို ဖယ်ရှားပေးပြီး ခံတွင်းနံ့ဆိုးကိုကင်းစေတာကတော့ သွားပွတ်တံကောင်းကောင်းသုံးပြီး သွားတိုက်တာရဲ့ အပိုဆုလေးတွေပေါ့။


အစားတစ်ခုခု စားလိုက်တဲ့အခါတိုင်း အစားအသောက် တွေထဲမှာပါတဲ့ သကြားနဲ့ကစီဓာတ်တွေကသွားမှာ သွားချေးတွေအဖြစ် ကပ်ငြိကျန်နေပြီး ဘက်တီးရီးယားတွေကို ပေါက်ဖွားစေနိုင်ပါတယ်။ ဒီနှစ်ခုပေါင်းစည်းမိရာကနေဖြစ်လာတဲ့ အက်ဆစ်က သွားကြွေလွှာတွေကို ပျက်စီးစေပြီး သွားပိုးစားတာကိုဖြစ်စေနိုင်ပါတယ်။ ဒါတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်တာမယ့် နည်းလမ်းကတော့ သွားပွတ်တံကောင်းကောင်းရွေးချယ်အသုံးပြုတာပါ။


သွားပွတ်တံကောင်းကောင်းမသုံးရင် ဘာတွေဖြစ်မလဲ


သွားပွတ်တံကောင်းကောင်းအသုံးမပြုတဲ့အခါ ဒီလိုပြဿနာတွေရင်ဆိုင်ရနိုင်ပါတယ်နော်။


သွားချေးတွေကြောင့် သွားဖုံးကျန်းမာရေးထိခိုက်ပြီး သွားဖုံးတွေရောင်ရမ်းနိုင်ပါတယ်။


သွားတွေကြားထဲမှာ စားကြွင်းစာကျန်တွေကပ်ငြိကျန်နေပြီး သွားပိုးစားနိုင်တယ်။


သွားဖုံးမှာပြည်တည်ပြီး သွားအကြောတွေထိခိုက်တာမျိုးဖြစ်နိုင်တယ်။


အက်ဆစ်တွေဖြစ်ပေါ်ပြီး သွားကြွေလွှာတွေပျက်စီးတာကြောင့် သွားကျဉ်တာမျိုးဖြစ်နိုင်တယ်။


လျှာမှာ အနာတွေဖြစ်နိုင်တယ်။


ခံတွင်းအနံ့ဆိုးဖြစ်စေနိုင်တယ်။


ခံတွင်းသန့်ရှင်းမှုအားနည်းတာကြောင့် နှလုံးရောဂါ နဲ့ လေဖြတ်တာလိုမျိုး နာတာရှည်ရောဂါတွေဖြစ်နိုင်တယ်။


အရွယ်မတိုင်ခင် သွားဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်။


ဒီတော့ ဒီပြဿနာတွေကင်းစေဖို့ ကိုယ့်ရဲ့ သွားပုံစံနဲ့လိုက်ဖက်မယ့် သွားပွတ်တံ ကောင်းကောင်းတစ်ချောင်းကိုသေသေချာချာလေး ရွေးချယ်တတ်ဖို့တော့ လိုပါမယ်။ သွားပွတ်တံရွေးတဲ့အခါ ကိုယ့်သွားပုံစံနဲ့ ကိုက်ညီဖို့ကို စဉ်းစားဖို့လိုသလို သွားပွတ်တံရဲ့ အမျှင်လေးတွေက နူးညံပြီး သွားကြိုသွားကြားတွေအားလုံးကို သန့်ရှင်းနိုင်တာမျိုးဖြစ်ဖို့လိုပါမယ်နော်။ ပြီးတော့ မနက်နိုးရင်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ် နှစ်ကြိမ်သွားတိုက်ပေးဖို့လိုပါမယ်။ သွားပွတ်တံကို ၃ လတစ်ကြိမ်ပုံမှန်လဲပေးရပါမယ်။


သွားနဲ့ခံတွင်းပြဿနာတွေကင်းဝေးပြီး ဖြူဖွေးတောက်ပတဲ့သွားတွေနဲ့ ခံတွင်းနံ့ဆိုးကင်းလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးချင်တယ်ဆိုရင်တော့ သွားကြိုး သွားကြားမကျန်သန့်စင်ပေးနိုင်တဲ့ နူးညံ့ပါးလွှာတဲ့ brush လေးတွေပါတဲ့ သွားပွတ်တံလေးတွေကို သေချာရွေးဝယ်သင့်ပါတယ်။ ကဲ ကိုယ်နဲ့ကိုက်ညီမယ့် သွားပွတ်တံလေးကိုရွေးချယ်ပြီး သွားတွေကို ဂရုစိုက်လို့  မြင်သူတကာကြွေသွားလောက်တဲ့ အပြုံးလှလှလေးပြုံးလိုက်ကြပါစို့လား။


ရေးသားသူ -Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”