နွေကာလတွင် အစာရှားပါးလာနိုင်ပြီး မန်းချောင်းဆင်စခန်းရှိ ဆင် ၁၃ ကောင်အတွက် ဆင်စာအလှူရှင်များ လိုအပ်

မကွေး၊ ၁၈ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ်၊ ရွှေစက်တော်ဘုရားနှင့် (၅)မိုင်ခန့်ကွာဝေးသည့် မန်းချောင်းဆင်စခန်းတွင် နွေကာလအတွင်း အစာများရှားပါးလာနိုင်ပြီး စခန်းရှိ ဆင် ၁၃ ကောင်အတွက် ဆင်စာအလှူရှင်များ လိုအပ်မည်ဖြစ်ကြောင်း တာဝန်ကျ ဝန်ထမ်းများထံက သိရသည်။

 

ရွှေစက်တော်ဘုရားသို့သွားသည့် (၈)မိုင်လမ်းဘေး၊ မိုင်တိုင်အမှတ် (၅)မိုင်(၃)ဖာလုံနှင့် (၅)မိုင်ကြား သံပုရာကိုင်းကျေးရွာအနီး မန်းချောင်းနံဘေး ကြိုးပြင်ကာကွယ်တော၌ ဖွင့်လှစ်ထားရှိသော ဆင်စခန်းတွင် စားကျက်ဧက (၇၀၀)ခန့်ရှိသော်လည်း လတ်တလော ခြောက်သွေ့နေသည့် အခြေအနေရှိနေကြောင်း သိရသည်။

 

စားကျက်က အခုကိုပဲ ခြောက်သလောက်ဖြစ်နေပြီ။ ဆင်တစ်ကောင်ဟာ တစ်နေ့ကို (၂၂)နာရီလောက် အစာစားတယ်။ အစာပေါင်ချိန် (၆၀၀)လောက်စားတယ်။ ကိုဗစ်ကြောင့် ဆင်စခန်း ပြန်မဖွင့်နိုင်သေးဘူးဆိုရင် နောက်ပိုင်း နွေကာလမှာ ဆင်စာရှားပါးမှုနဲ့ ကြုံတွေ့လာနိုင်လို့ ဆင်စာအလှူရှင်တွေ ဒီထက်ပိုလိုအပ်လာမှာပါ ဟု မြန်မာ့သစ်လုပ်ငန်းဌာနမှ ကိုပြည့်ဖြိုးဝင်းက ပြောသည်။

 

ဆင်စခန်းတွင် (၆)ပေ (၁၀)ပေ စားပွဲတစ်လုံးစာ ကြံ၊ ဖရဲ၊ သခွား စသည့် ဆင်စာမျိုးစုံဘူဖေးတစ်ပွဲလျှင် အနည်းဆုံး ကျပ် ၅၀၀၀၀ ကျသင့်ပြီး အများပြည်သူလှူဒါန်းငွေများဖြင့် ဆင်များကို ကျွေးမွေးနေကြောင်း သိရသည်။

 

ဆင်တစ်ကောင် ဘယ်၍ဘယ်မျှဆိုပြီး ဘတ်ဂျက်ချပေးထားတာမျိုးတော့ မရှိပါဘူး။ ဌာနက ဆင်ဦးစီးရယ်၊ ဆားရယ်၊ မကျီးရယ်ပေါ့၊ တစ်နှစ်စာပေးပါတယ်။ ဖြည့်စွက်စာကိုတော့ လိုအပ်ရင် သီးခြားတင်ပြီး တောင်းရတယ် ဟု ဆင်စခန်း ဒုတာဝန်ခံ ဦးအောင်ကိုကိုထက်က ပြောသည်။

 

ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်း (ECBT) အတွက် ဆောက်လုပ်ထားသည့် ဆင်စခန်းကို COVID-19 ကာလအတွင်း ပိတ်ထားသော်လည်း ဆင်ဘူဖေးအလှူရှင်များ လာရောက်လှူဒါန်းမှုကို ကိုဗစ်စည်းကမ်းနှင့်အညီ ခွင့်ပြုထားကြောင်း သိရသည်။

 

ဘူဖေးအလှူရှင်များ၏ လှူဒါန်းမှုများက ကိုဗစ်ကာလတွင် များစွာအထောက်အကူဖြစ်နေကြောင်း သိရပြီး မေးရိုးလွဲကာ အစာမဝါးနိုင်သည့် ဆင်ပေါက်လေး (၁)ကောင်ကို ထမင်းနှင့် နို့မှုန့်ဖျော်၍ တစ်နေ့လျှင် သုံးနပ်ကျွေးနေရကြောင်း ဆင်ဝိုင်းအကြီးအကဲ ဆင်ခေါင်း ဦးခင်မောင်ဝင်းထံမှ သိရသည်။

 

ဇေယျတု(မကွေး)