နေခြည်ဖြာမှ နွေးသောကြောင့်

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

သစ်ပင်တွေဟာ ကြီးမားတဲ့ စွမ်းအင်ရင်းမြစ် တစ်ခုဖြစ်တဲ့ နေရောင်ခြည်ကို အစာချက်ရာမှာသုံးဖို့ လိုအပ်ကြောင်း အားလုံးသိကြပြီးသားပါ။ သစ်ပင်မှမဟုတ်ပါဘူး။ သက်ရှိအားလုံး နေစွမ်းအင်ကို လိုအပ်ကြပြီး ပုံစံအမျိုးမျိုးနဲ့ အသုံးချနေကြတာပါပဲ။ လူသားတွေရဲ့ ကျန်းမာရေးရှုထောင့်က ကြည့်ရင်ရော နေရောင်ခြည်က ဘယ်လောက် အရေးပါနေသလဲဆိုတာကို ဒီဆောင်းပါးလေးမှာ မျှဝေပေးထားပါတယ်။

 

၁။   မနက်ခင်း နေရောင်ခြည်ခံပေးခြင်းဟာ ဇီဝနာရီကို အချိန်မှန် (ပုံမှန်) အလုပ်လုပ်အောင် လှုံ့ဆော်ပေးတယ်။

 

ဇီဝနာရီက ခန္ဓာကိုယ်မှာ ဘယ်အချိန်တော့ ဘာဓာတ်ထွက်ရမယ် ၊ ဘယ်အချိန် ဘယ်ကလီစာက ဘာအလုပ်လုပ်ရမယ်၊ ဘယ်အချိန် ဗိုက်ဆာရမယ် စသဖြင့် ထိန်းညှိပေးနေတာမို့ တစ်နေ့တာမှာ သူသာပုံမှန်ဖြစ်ပြီဆိုရင် ကျန်တဲ့ဇီဝဖြစ်စဉ်တွေဟာလည်း သူ့နေရာနဲ့သူ အစီအစဉ်တကျဖြစ်သွားပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်တာပေါ့။ မနက်နေရောင် မျက်လုံးထဲဝင်လာတာနဲ့ ခန္ဓာကိုယ်ကနေ melatonin ခေါ် အိပ်ချင်စေတဲ့ ဓာတ်ကို မထွက်အောင် တားလိုက်တယ်။ ပြီးတာနဲ့ cortisol လို့ခေါ်တဲ့ တက်ကြွရေးဟော်မုန်းထွက်ပြီဆိုတော့ တစ်နေ့တာ လုပ်ငန်းခွင်အတွက် အားအင်ဖြည့်ပေးလိုက်သလိုပါပဲ။

 

၂။   နေရောင်ဟာ စိတ်ကျရောဂါကို ကုစားနိုင်တယ်

 

နေရောင်နဲ့ ထိတွေ့ရတဲ့အခါ လူ့ခန္ဓာကိုယ်ကနေ serotonin (ခေါ်) ပျော်ရွှင်ရေးဟော်မုန်းဓာတ်တစ်မျိုး ထုတ်ပေးတယ်လေ။ ဒီဟော်မုန်းက အဓိက စိတ်ငြိမ်ပြီး အာရုံစူးစိတ်မှု မြင့်မားစေတယ်။ စိတ်ခံစားမှု ကောင်းစေတယ်။ ကြည်လင်စေတယ်။ စိတ်ဓာတ်ကျတာ၊ စိတ်ညစ်ညူးတာတွေ လျော့သွားစေတယ်။ ပြီးတော့ ဒီအကျိုးဆက်က ညအိပ်ရာဝင်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်သေးတယ်။

 

၃။   နေရောင်ခြည်ရဲ့ အလင်းဓာတ်ကပေးတဲ့ သက်စောင့်စွမ်းအင်

 

နေရောင်ထိတဲ့အခါ ကိုယ်ခန္ဓာက ထုတ်ပေးတဲ့ သဘာဝ ဗီတာမင်ဒီ  ကို ဖြည့်စွက်သောက်ဆေး ဘယ်လောက် သောက်သောက် အစားထိုးလို့မရပါဘူး။ သဘာဝ ဗီတာမင် ဒီ ကို မီကို မမီတာပါ။

 

မြန်မာနိုင်ငံ အနေအထားအရ ရုံးအလုပ်လုပ်နေတဲ့ လူအများစု နဲ့ အိမ်မှာအနေများတဲ့ အိမ်ရှင်မတွေ၊ သက်ကြီးပိုင်းတွေဟာ အဆောက်အဦးထဲမှာ နေရောင်လုံလောက်စွာမရဘဲ နာရီပေါင်းများစွာ အချိန်ကုန် နေရပါတယ်။ နေရောင်နဲ့ ထိတွေ့မှု မရှိခြင်းက ရောဂါနဲ့ ကျန်းမာရေးအခြေအနေမျိုးစုံကို ဖြစ်စေပါတယ်။ အစာအာဟာရအတွက် အစားအစာကို လိုအပ်သလိုမျိုး ကိုယ်ခန္ဓာကလည်း နေရောင်ကို လိုအပ်ပါတယ်။ အဲ့ဒီလို နေရောင်မရရင် ဗီတာမင် ဒီ အုပ်စု ချို့တဲ့မှုကို ဖြစ်စေပါတယ်။ ဒီချို့တဲ့မှုက ကိုယ်ခန္ဓာတွင်းဇီဝဖြစ်စဉ်အတော်များများကို မျှခြေပျက်စေပြီး ရောဂါဘယတွေ ဖြစ်စေပါတယ်။

 

အဲဒါတွေအပြင် ဗီတာမင် ဒီ ချို့တဲ့ခြင်းကြောင့် ခန္ဓာကိုယ်အနေနဲ့ ကယ်စီယမ်ကို အသုံးပြုနိုင်စွမ်း လျော့နည်းသွားပြီး ကြွက်သားအားနည်းခြင်း၊ ကြွက်သားနဲ့ အရိုးကိုက်ခဲနာကျင်ခြင်းအပြင် အရိုးပွရောဂါ (osteoporosis) တို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဗီတာမင် ဒီ အကောင်းဆုံးရရှိနိုင်တဲ့ အရင်းမြစ်က သဘာဝနေရောင်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း နေရောင်ခြည် ဗီတာမင်လို့ ခေါ်ကြတာပေါ့။ ကြွက်သားနဲ့ အရိုးအတွက်တော့ မရှိမဖြစ်တဲ့ သက်စောင့်ဓာတ်ပါပဲ။ ဗီတာမင် ဒီ ကို ဖြည့်စွက်သောက်ဆေးပုံစံနဲ့လည်း ရရှိနိုင်ပေမယ့် ဒါက သဘာဝနေရောင်ကို မတုမီနိုင်ဘူးဆိုတာ သေသေချာချာ ထပ်သတိပေးလိုပါတယ်။ နေရောင်ခြည်ဟာ ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်စေပြီး ကင်ဆာရောဂါဖြစ်ပွါးနိုင်ချေကိုလည်း လျှော့ချပေးပါသေးတယ်။

 

၄။   နေရောင်ဟာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားနဲ့ မှို တချို့ကို သေစေနိုင်တယ်။

 

သံသယဖြစ်စရာမရှိတဲ့ အချက်ပါပဲ။ ဒီ သဘာဝ ပိုးသတ်စွမ်းအင်ကို ဟိုး ဘိုးဘွားလက်ထက်ထဲက သုံးလာတာပါ။ အဝတ်အစားအသုံးအဆောင်တွေ ပိုးသေမှိုရှင်းဖို့ နေလှန်းတယ်။ နေမကောင်းတဲ့ လူနာတွေ တခွေခွေ ဖြစ်နေရင် နေရောင်ခံခိုင်းတဲ့ သဘာဝကုထုံးတွေ အများကြီးရှိပါတယ်။

 

နေရောင်ခံဖို့ ဘယ်အချိန်အကောင်းဆုံးလဲ

 

ဒီနိုင်ငံရဲ့ ရာသီဥတု နဲ့ဆို မနက်စောစောက ၆နာရီ ကနေ ၈:၃၀ ကြားက အကောင်းဆုံးအချိန်ပါပဲ။ UVB ray များရင် ဗီတာမင် ဒီထုတ်တာမြန်ပေမယ့် အရေပြားကင်ဆာဖြစ်မှာကို စိုးရိမ်ရတာဖြစ်တဲ့အတွက် UVB ray နည်းတဲ့ နေရောင်နုနုမှာ အချိန်ကြာကြာနေဖို့ကို ပိုအားပေးပါတယ်။ မနက်ပိုင်းမအားလို့ မထွက်နိုင်ရင်တောင် ညနေဘက် နေအေးတဲ့အချိန်မျိုး ကို အိမ်ထဲအောင်းမနေဘဲ အပြင်ကို ထွက်ပါ။ တစ်နေ့ကို ၁၀-၁၅ မိနစ် အနည်းဆုံးနေရောင်နဲ့ ထိတွေ့ပေးဖို့လိုပါတယ်။ ကလေးငယ်ငယ်လေးတွေ နဲ့ လူကြီးတွေက အိမ်ထဲပဲ အနေများတာမို့ သူတို့ အပြင်ထွက်ဖြစ်ဖို့က  အိမ်သားတွေရဲ့ အားပေး လုပ်ဆောင်မှုပေါ် မူတည်ပါတယ်နော်။

 

ရေးသားသူ – နှင်းရိပ်မှုန်

 

 “ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်