မောင်မောင်ဖြူ
၂၂-၂-၂၀၂၃ ရက်မှအဆက်
“ဒီတော့ မင်း ဘာလုပ်မလဲလို့ အမေ တို့က ကျွန်တော့်ကိုမေးစရာရှိတယ်”
ကိုအေးဆွေက သူ့စကားကို ခဏ ဖြတ်ထားလိုက်ပြီးလျှင် မိဘနှစ်ပါးအား မေးသလိုလို ကြည့်လိုက်၏။ ပြီးမှ သူ့ စကားကိုဆက်ပြန်သည်။
“ဒီကိစ္စအတွက် ကျွန်တော် စဉ်းစား ပြီးပါပြီ။ ကျွန်တော် ရန်ကုန် အစ်ကို အောင့်ဆီကို စာလှမ်းရေးလိုက်တယ်။ အလုပ်လာလုပ်ချင်တဲ့အကြောင်း၊ အလုပ် လုပ်ရင်း တစ်ဖက်က ပညာသင်ချင်တယ် ဆိုတဲ့အကြောင်း စာရေးလိုက်တယ်။ တကယ်လို့ အစ်ကိုအောင်က အဆင် ပြေနိုင်တယ်၊ လာခဲ့လို့ဆိုလို့ရှိရင် ကျွန်တော် ရန်ကုန်ကိုသွားမယ်။ ဟိုရောက်ရင် စာရေးအလုပ် တစ်နေရာ လောက်ရအောင် ရှာလုပ်ပြီး ပညာလည်း ဆက်သင်ရင်း အမေတို့ဆီကိုလည်း ငွေဖဲ့ပို့မယ်။ စိတ်ချပါအမေရယ်၊ ကျွန်တော့် အတွက် အမေတို့ အဖေတို့ဟာ ဘယ်သူ့ ဆီမှာသွားပြီး မျက်နှာအောက်ချနေစရာ မလိုပါဘူး။ ကျွန်တော်လည်း လူလား မြောက်လာလို့ စဉ်းစားနိုင်တဲ့အရွယ် ရောက်နေပြီပေါ့ဟာပဲ။ အမေတို့ အဖေ တို့ရဲ့စေတနာတွေဟာ ကျွန်တော့်အပေါ် မှာ ဘယ်လောက်ထားတယ်ဆိုတာ ကျွန်တော်သိပါတယ်”
x
ကိုအေးဆွေသည် မည်မျှကြာသည် အထိ တွေဝေငေးမောလျက် စဉ်းစား နေမိသည်မသိ။ အနားမှ ဖြတ်သွားကြ သော ကလေးများ၏ ဆူဆူညံညံ အသံများကြောင့် သူ့အတွေးများ ပြတ်သွားပြီးလျှင် ပတ်ဝန်းကျင်ကို သတိ ပြုမိလာတော့သည်။
ထို့နောက် သူသည် ဟိုက်ကုတ်ရုံး (တရားလွှတ်တော်) အဆောက်အအုံ ကြီးထိပ်ရှိ နာရီကြီးဆီသို့လည်း လှမ်းမျှော် ကြည့်လိုက်သည်။ နာရီကြီး၏ လက်တံ များသည် ညနေ ၄ နာရီနှင့် ၁၅ မိနစ်ကို ပြနေလေပြီတကား။
[ ၁၁ ]
အောက်ပုဇွန်တောင် ဘလုပ်မြေ ရပ်ကွက်ကလေးသည် လူဆင်းရဲ ရပ်ကွက်ပီပီ နေဝင်စကတိုင် ကျွက်ကျွက် ညံအောင်ဆူနေသောအသံက ဖုံးလွှမ်း နေသည်။ ကလေးငိုသံ၊ ကလေးအမေ များ၏ တေးဆို၍ ကလေးအိပ်စေရန် ချော့မြှူသံ၊ မိန်းမချင်း ရန်ဖြစ်သံ၊ အရက် သမား ကစော်သမားများ၏ မူးမူးဖြင့် ဆဲရေးတိုင်းထွာလိုက်သောအသံ၊ ခွေး ဟောင်သံ စသောအသံတို့က ဗလုံးဗထွေး ဖြင့် ဆူညံနေလေသည်။
တဖြည်းဖြည်း ညဉ့်နက်လာသည် နှင့်အမျှ ထိုအသံများသည် တစ်စ တစ်စ တိတ်ဆိတ်စပြု၍လာလေသည်။
အချို့အချို့ အိမ်များသည် တံခါးများ ပိတ်၊ မီးခွက်မှုတ်ကာ အိပ်စပြုကြလေပြီ။ တကယ်တော့လည်း သူတို့သည် နံနက် စောစောထကာ အလုပ်သွားရမည့် လက်လုပ်လက်စား ဆင်းရဲသားများပင် မဟုတ်ပါလား။ ထိုကြောင့်လည်း ညဉ့်နက်သန်းခေါင် ထိုင်၍ စကားမပြော နိုင်အားပေ။ အလုပ်ကပြန်လာလျှင် မောမောဖြင့် ရေချိုး၊ ထမင်းစားပြီး နောက်တစ်နေ့ အချိန်မီအလုပ်သွားနိုင် ရန် အိပ်ရာသို့ ဝင်ကြတော့သည်သာ။
သို့သော်လည်း အချို့သောအိမ်ကုပ် ကလေးများတွင်မူ မီးရောင်ကလေး တလက်လက်နှင့် ရှိသေးသည်။ အိမ်က မယားလုပ်သူသည် ညဉ့်နက်သန်းခေါင် မှသာ အလုပ်ပြီး၍ပြန်လာလေ့ရှိသော လင်ယောကျ်ားအား လည်ပင်းတရှည် ရှည်နှင့် မျှော်တုန်းရှိကြသေးသည်။ ကလေးကို တစ်ဖက်ကသိပ်ရင်း လမ်းမ ဘက်သို့လည်း မိမိယောက်ျား၏ခြေသံ ကို နားစွင့်နေသည်။
အချို့အိမ်များမှ အိမ်ရှင်မများကမူ နံနက်စောစောထပြီး အရောင်းအချသွား နိုင်ရန် ရောင်းစရာ ချစရာကလေးများကို အဆင်သင့်ယူသွားနိုင်အောင် မီးခွက် ကလေးများဖြင့် တလှုပ်လှုပ်ပြင်ဆင်ဆဲ ရှိသေးသည်။
“ကိုရင် အိပ်ပလား”
“အိပ်သေးပါဘူး အစ်မ”
ကိုအေးဆွေသည် အလုပ်ရှာရာမှ မောမောဖြင့် တည်းခိုအိမ်သို့ ပြန်လာ ပြီးနောက် ရေချိုး၊ ထမင်းစားပြီး စိတ် ပျက်ပျက်ဖြင့် အိပ်ရာထဲသို့ဝင်၍ ခွေနေ မိသည်။ သို့ရာတွင် အိပ်၍ကား မပျော် ချေ။ နေ့လယ်ပိုင်းက ရောက်လာခဲ့သော အလုပ်တိုက်များ၊ ရုံးများအကြောင်းကို သာ စဉ်းစားမိ စဉ်းစားရာ စဉ်းစားနေမိ သည်။
ထို့ကြောင့်လည်း အစ်ကို ကိုအောင်ဖေ ၏ဇနီးဖြစ်သူ မညိုခေါ်လိုက်သံကို ပြန်၍ ချက်ချင်းထူးလိုက်နိုင်သည်။
မညိုသည် နံနက် စောစောထ၍ ကောက်ညှင်းပေါင်းပြီး ရောင်းချရန် အတွက် ကောင်ညှင်းဆန်ဆေးနေရာမှ-
“ရော့ ရော့၊ ကိုရင့်စာ၊ ညနေက ကျောက်ပန်းတောင်း လူကြုံကလာပေး တာ။ ကိုရင့် အဖေတို့ဆီကတဲ့။ ပေးမ လို့ဟာ မေ့နေလို့၊ ခုမှ အမှတ်ရလို့”
ကိုအေးဆွေသည် ဝမ်းသာအားရဖြင့် စာကို ခပ်သွက်သွက် ထယူလိုက်သည်။ ထို့နောက် မီးခွက်တစ်ခွက်ကိုထွန်းကာ စာကို ဖောက်ဖတ်သည်။ လက်ရေးများ မှာ ထွေးရီ၏ လက်ရေးများဖြစ်သည်။ အမေတို့ကပြောသမျှ လိုက်ရေးဟန် တူသည်။
သားထံ အဖေ စာရေးလိုက်တယ်။
သားထံက စာမလာတာကြာလို့ အဖေ တို့မျှော်နေတယ်။ သားရဲ့အလုပ်လည်း အဆင်မပြေသေးဘူးနဲ့တူတယ်။ အလုပ် ရရင် အဖေတို့ထံကို ချက်ချင်းစာရေး လိမ့်မယ်ဆိုတာ အဖေတို့ ယုံကြည်ထား တယ်။
အဖေတော့ နေကောင်းပါတယ်။ ဒါပေမဲ့ မင်းအမေကတော့ နေမကောင်း ဘူး။ ပြီးခဲ့တဲ့တစ်ပတ်လောက်က ကျောက်ပန်းတောင်းမှာ ထန်းလျက် ရောင်းပြီး ပြန်အလာ၊ ရုတ်တရက် ရေချိုး လိုက်တာနဲ့ ရေချိုးမှား အအေးပတ်ပြီး ဖျားတယ်ဆိုပါတော့။ ဖြစ်စကတော့ အတော်လေး ဆိုးလိုက်တယ်ကွ။ ခုတော့ အတော်သက်သာသွားပါပြီ။ ချောင်းဆိုး ရင်ကျပ် ဖြစ်နေတာလောက်ပဲ ရှိပါတော့ တယ်။
ကိုအေးဆွေသည် အမေတော်တော် မမာလိုက်ကြောင်း သိရသည့်အခါ အတော်လေးပင် စိုးရိမ်သွားမိသည်။ အမေ့အသက်ကလည်း ၅ဝ ကျော်လာ ပြီမို့ သန်သန်စွမ်းစွမ်းမရှိတော့။ ရင်ကျပ် သည့်ရောဂါကလည်း မကြာခဏပေါ် တတ်သည်။ ရင်ကျပ်နေပြီဆိုလျှင် အမေ မှာ မောနေတတ်သည်။ အလုပ်ကိုလည်း ကောင်းစွာ မလုပ်နိုင်တော့။ တစ်ခါတစ်ရံ အမေမှာ တဟဲဟဲနှင့် မောနေတတ်သည်။
ထိုခဏတွင် တဟဲဟဲနှင့် မောနေတတ် သော ဒေါ်ဘုမ၏ရုပ်သွင်သည် ကိုအေး ဆွေ အာရုံထဲသို့ ကွက်ခနဲဆိုသလို ပေါ်လာတော့သည်။
မင်းအမေက နေမကောင်းဖြစ်နေ တော့ အဖေတို့အိမ်လည်း အတော်လေး ကသီလင်တ ဖြစ်သပေါ့ကွယ်။ အိမ့် ဗာဟီရကိစ္စကို မင်းအမေက လုံးဝပြန် မကြည့်နိုင်တော့ ငါ့မှာ ထန်းတက်ဖို့ တစ်ဖက်နဲ့ လုပ်နေရတာပေါ့။ သည် နေရာမှာ မင်းနှမ ထွေးရီဟာ တော်ရှာပါ တယ်ကွာ။ သူပဲ မင်းအမေကို လာပြုစုရှာ တယ်။ ဒါတင်မက အိမ့်ဗာဟီရကိစ္စ တွေကိုလည်း သူပဲလာပြီး တာဝန်ယူ လုပ်ပေးနေလို့ သက်သာတော့တာပေါ့ ကွာ။ သို့မို့ရင် ဘယ်လောက်များ ကသီ လိုက်မလဲလို့။
သည်လိုဆိုပြန်တော့လည်း ကိုအေး ဆွေမှာ ထွေးရီအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိ၏။ မိမိထင်သလို မဟုတ်ကြောင်း သိရ၍လည်း ဝမ်းသာမိ သည်။
ကိုအေးဆွေ ရန်ကုန်သို့သွားမည်ဟု ကြံရွယ်စဉ်က ထွေးရီအား မှာထား ပြောဆိုခဲ့ဖူးသည်။
“ထွေးရီ၊ ငါ ရန်ကုန်ကို အလုပ်သွား လုပ်ဦးမယ်”
“ဘာအလုပ် သွားလုပ်မှာလဲဟင် ကိုရင်”
“ဘာအလုပ်ရယ်လို့တော့ အမှန် မပြောနိုင်သေးဘူး။ စာရေးအလုပ်လေး ဘာလေးပေါ့”
“ဒီလိုဆို ကိုရင်က စာရေးကြီးဖြစ်ဦး မှာပေါ့နော်”
ထွေးရီက မချိုမချဉ် မျက်နှာလေးဖြင့် ကိုအေးဆွေအားကြည့်၍ ပြောလိုက်ရာ ကိုအေးဆွေသည် ထွေးရီအား မျက်မှောင် ကြုတ်၍ ကြည့်လိုက်ရင်း-
“ဘာလဲ၊ ဒီကောင်မလေးက ငါ့များ သရော်တော်တော်နဲ့”
“မဟုတ်ဘူးလား ကိုရင်၊ စာရေးကြီး လုပ်မယ်ဆိုလို့ စာရေးကြီးလို့ ခေါ်တာပဲ ဟာ” ဟု ထွေးရီက ခပ်ဆတ်ဆတ် ပြန်ပြောလိုက်၏။
“အေးပါဟာ ထားပါတော့၊ ငါမှာချင် တာက နင်လေ”
ကိုအေးဆွေသည် သူ့စကားကိုဖြတ်ကာ ထွေးရီအား ခြေဆုံးခေါင်းဆုံး ကြည့်နေ ၏။
ထွေးရီမှာ ၁၄၊ ၁၅ နှစ် အရွယ် ရှိလာပြီ ဖြစ်သဖြင့် အပျိုသွေးဝင်ကာ ရှက်တတ် ကြောက်တတ်လာသည်။ ယောက်ျား တစ်ဦး၏ စူးစူးစိုက်စိုက် အကြည့်ခံရခြင်း ကိုပင် ရင်ဖိုသလိုလိုဖြင့် စိတ်လှုပ်ရှား တတ်သော အပျိုဖြန်းလေးအရွယ်ဖြစ် သည်။ ထို့ကြောင့်လည်း ကိုအေးဆွေက ပြောတုန်းတန်းလန်းစကားကို ဖြတ်ထား လျက် သူ့အား ကြည့်နေသည့်အတွက် မလုံမလဲဖြစ်ကာ မျက်လုံးလေးအပြူး သားဖြင့် ဘာများပြောမလဲဟူသော အနေဖြင့် နားစွင့်နေသည်။
ကိုအေးဆွေသည် သူ့စကားကိုဆက် ကာ -
“နင်လေ၊ အမေတို့ အဖေတို့ကိုတော့ ငါမရှိတုန်းမှာ ဂရုစိုက်ပါဟာ။ အမေ မလုပ်နိုင်တဲ့အလုပ်တို့ ဘာတို့ဆိုရင် ဝိုင်းဝန်းပြီး ကူလုပ်ပေးပါဟယ်”
ထွေးရီသည် ကိုအေးဆွေ၏စကားကို ကြားလိုက်ရလျှင် သူမျှော်လင့်ထား သလိုဖြစ်မလာသဖြင့်လား မပြောတတ်။ သူ၏ နှုတ်ခမ်းကြီးကို တစ်ခါတည်း စူပစ်လိုက်ပြီးလျှင် -
“တော်၊ ဟုတ်ကဲ့။ ကျုပ်က ဘာဆိုင်လို့ ကိုရင်တို့အိမ်ကိုလာပြီး ဂရုစိုက်လုပ်ပေး ရမှာလဲ။ ကိုယ့်အိမ်မှာလည်း ကိုယ့် အလုပ်ကိစ္စနဲ့ကိုယ်မို့ သူများအိမ်ကို သွားမကူညီနိုင်ပေါင်တော်”
ထွေးရီ၏ စူအောင့်အောင့်မျက်နှာ ကြီးတွင် ဆောင့်အောင့်၍ ထွက်လာ သောစကားများကြောင့် ကိုအေးဆွေမှာ အံ့အားသင့်သွားသည်။ မိမိပြောလျှင် နာခံလိမ့်မည်ဟူသော တွေးထင်ချက်နှင့် လွဲရသဖြင့်လည်း ပို၍အံ့သြမိသည်။
“ဟုတ်သယ် ဟုတ်သယ်၊ လုပ်ရမယ်။ ကိုယ့်အိမ် ကိုယ့်အလုပ်နဲ့တောင် ဖတ်ဖတ် မောနေတဲ့ကြားထဲက”
ဆက်လက်ဖော်ပြပါမည်။