နေပြည်တော် ဝန်ထမ်းအိမ်ရာများ၌ ဆိုင်ကယ်ခိုးသူများအား ဖမ်းဆီးအရေးယူ

နေပြည်တော် ၆ ဩဂုတ်

 


နေပြည်တော်၊ အေလာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၃၀ ရက် နံနက် ၁၁ နာရီတွင် မသင်္ကာဖွယ်ဆိုင်ကယ်များ လိုက်လံပေါင်နှံရောင်းချနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ဇဗ္မူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်နေ အောင်ဇော်ဦး(ခ)ရဲရင့်(ခ)ငဒူ၊ ဒက္ခိဏသီရိမြို့နယ်၊ နောက်ကျောတဲစုနေ ကိုစိုး(ခ)မဲကြီး၊ ထန်းတပင်ကျေးရွာနေ မျိုးသူတို့ ၃ ဦးအား SHAYAN-110 ဆိုင်ကယ်(၁)စီး၊ CANDA CZI-125 ဆိုင်ကယ်(၁)စီးတို့နှင့်အတူ တွေ့ရှိရသဖြင့် မေးမြန်းရာ ၎င်းတို့(၃)ဦးမှ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာပြသ ပြောဆိုနိုင်ခြင်းမရှိသဖြင့် အေလာနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးခဲ့ကြောင်း၊ ၎င်းတို့(၃)ဦးသည် ဇူလိုင် ၂၉ ရက် ည ၁၂ နာရီခန့်က ဧက(၁၀ဝ၀) ဝန်ထမ်းအိမ်ရာအတွင်း ဆင်ဝင်အောက်တွင် ရပ်ထားသော အဆိုပါဆိုင်ကယ် ၂ စီးအား ဇတ်သော့ချိုး၊ ဆော့ကတ်ဖြုတ်ကာ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် အမှုအား ရာဇသတ်ကြီး ပုဒ်မ ၃၈၀ သို့ ပြောင်းလဲရေးဖွင့် ဆောင်ရွက်ခဲ့သည်။

 


စစ်ဆေးဖော်ထုတ်ချက်များအရ တရားခံ အောင်ဇော်ဦး(ခ)ရဲရင့်(ခ)ငဒူမှ လွန်ခဲ့သော ၃ လ ခန့်က သူငယ်ချင်းဖြစ်သူ တဲကြီးကုန်းကျေးရွာနေ အောင်သက်ပိုင်နှင့်အတူ Junction ရှေ့ ကားလမ်း ဘေးတွင်ရပ်ထားသည့် KENBO-125 ဆိုင်ကယ် ၁ စီးအားလည်းကောင်း၊ တရားခံ ကိုစိုး(ခ)မဲကြီးမှ လွန်ခဲ့သော ၁ လခွဲခန့်က ည ၁ နာရီအချိန်တွင် သူငယ်ချင်းဖြစ်သူ သန်းတိုးအောင်နှင့်အတူ သရဖီ ဈေးအနီး ဝန်ထမ်းအိမ်ရာအတွင်း ရပ်ထားသည့် LONDAN-110 ဆိုင်ကယ် ၁ စီးအားလည်းကောင်း၊ တရားခံ ကိုစိုး(ခ)မဲကြီးနှင့် အောင်ဇော်ဦး (ခ) ရဲရင့် (ခ) ငဒူတို့မှ လွန်ခဲ့သော ၁၅ ရက်ခန့်က ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ကိုင်းသုံးဘုရားအနီး၊ ဝန်ထမ်းအိမ်ရာအတွင်းမှ TARYAN 110 ဆိုင်ကယ်တစ်စီးအားလည်းကောင်း ဇက်သော့ချိုး၊ ဆော့ကတ်ဖြုတ်၍ ခိုးယူခဲ့ကြောင်း။

 


အလားတူ တရားခံ ကိုစိုး(ခ)မဲကြီးနှင့် အောင်ဇော်ဦး(ခ)ရဲရင့်(ခ)ငဒူတို့မှ လွန်ခဲ့သော (၁၀) ရက်ခန့်က ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဝန်ထမ်းအိမ်ရာအတွင်းမှ SHAYAN 110 ဆိုင်ကယ်တစ်စီးအားလည်းကောင်း၊ ၎င်းတို့(၂)ဦးသည် သူငယ်ချင်းဖြစ်သူ တဲကြီးကုန်းကျေးရွာနေ ကိုပိုင်နှင့်အတူ လွန်ခဲ့သောတစ်လခွဲခန့်က ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ ဝန်ထမ်းအိမ်ရာ အတွင်းမှ YINHIANG 125 ဆိုင်ကယ်တစ်စီး၊ LUOJIA 110 ဆိုင်ကယ်တစ်စီးနှင့် YUNDE 110 ဆိုင်ကယ်တစ်စီးတို့အားလည်းကောင်း၊ လွန်ခဲ့သော ရက်(၂၀)ခန့် ည ၁ နာရီအချိန်ခန့်တွင် သုခသိဒ္ဓိရပ်ကွက်၊ ကိုင်းသုံးဘုရားအနီး၊ ဝန်ထမ်းအိမ်ရာအတွင်းမှ YUND 110 ဆိုင်ကယ်နှင့် KENBO 110 ဆိုင်ကယ်တို့အားလည်းကောင်း၊ ကိုစိုး(ခ)မဲကြီးသည် လွန်ခဲ့သော(၁)လခွဲခန့်က ဇမ္ဗူသီရိမြို့နယ်၊ သရဖီဈေးအနီး၊ ဝန်ထမ်းအိမ်ရာအတွင်းမှ  SUNBO 125 ဆိုင်ကယ်တစ်စီးအား လည်းကောင်း၊ ၎င်းသည် ကိုပိုင်နှင့်အတူ သုခသိဒ္ဓိရပ်ကွက်၊ ကိုင်းသုံးဘုရားအနီး၊ ဝန်ထမ်းအိမ်ရာ အတွင်းမှ KENBO 125 ဆိုင်ကယ်အားလည်းကောင်း ဇက်သော့ချိုး၊ ဆော့ကတ်ဖြုတ်၍ ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့်တရားခံ အောင်သက်ပိုင်၊ သန်းတိုးအောင်၊ ကိုပိုင် တို့အား အမှုဖြင့် ဖမ်းဆီးပြီး သက်သေခံဆိုင်ကယ်များအား သိမ်းဆည်းကာ အမှုဖွင့် အရေးယူထားကြောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 


ရဲပြန်ကြား