နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများ လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မတ် ၂၆

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊  နေပြည်တော်ကောင်စီဝင်များ၊ ဌာန ဆိုင်ရာများ၊ နေပြည်တော် သက်ကြီးရွယ်အိုများ ဆိုင်ရာကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်နှင့် မြို့နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ နေပြည်တော်အမျိုးသမီး ရေးရာအဖွဲ့၊ နေပြည်တော် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၊ နေပြည်တော် အမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ဘိုးဘွားရိပ်သာများမှ တာဝန်ရှိသူများနှင့် အဘိုးအဘွားများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ပါ အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ အသက် ၉၀ နှစ်နှင့်အထက် ဘိုးဘွားများကို တစ်ဦးလျှင် တစ်လတစ်သောင်းနှုန်းဖြင့် သုံးလလျှင်တစ်ကြိမ် ငွေကျပ် သုံးသောင်းနှုန်း ထောက်ပံ့ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ယခုကာလအထိ အသက် ၈၅နှစ် နှင့်အထက်သို့ အသက်လျော့ချ၍ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း ၂၀၂၃-၂၀၂၄၊ ဘဏ္ဍာရေးနှစ်၊ ပထမသုံး လပတ်အတွက် ဘိုးဘွား ၄၉၂၉ ဦး၊ ဒုတိယသုံး လပတ်အတွက် ဘိုးဘွား ၄၉၀၂ ဦးတို့ကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ယခုတတိယ သုံးလပတ်အတွက် ပြည်ထောင်နယ်မြေ၊ နေပြည်တော် အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ထောက်ပံ့ရန် အကျုံးဝင်သည့် ဘိုးဘွား ၄၉၁၀ ဦးကို ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ဘိုးဘွား ၄၉၁၀ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၄၇ ဒသမ ၃၀၀ သန်းကို ထောက်ပံ့ပေးအပ်ရာ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေက လက်ခံရယူပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွား ၁၀ ဦးကို ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်၍ နေပြည်တော် ကောင်စီဝင်များနှင့် တာဝန်ရှိသူများက မြို့နယ်ရှစ်မြို့နယ်အတွင်းရှိ ဘိုးဘွားများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး များက လက်ခံရယူကြကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရောက်လာကြသည့် ဘိုးဘွားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။

ဆက်လက်၍ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအနီး၊ ပေါင်းလောင်းလျှပ်စစ်မြစ်ရေတင်မှ နွေစပါး စိုက်ပျိုးရေပေးဝေခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါ ပေါင်းလောင်း လျှပ်စစ်မြစ်ရေတင်စက်အနီးရှိ ရှင်းလင်းဆောင်၌ ကျင်းပရာ ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး က ပေါင်းလောင်းလျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် နွေစပါးစိုက်ပျိုးနိုင်ရန် လျှပ်စစ်ရေတင်စက်ကို စက်ခလုတ်နှိပ်၍ စိုက်ပျိုးရေစတင်ပေးဝေပြီး လျှပ်စစ် ရေတင်စနစ်ဖြင့် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ရေပေးဝေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ စပါး၊ ဆီထွက်သီးနှံ၊ စက်မှုသီးနှံများ ပိုမိုတိုးတက် စိုက်ပျိုးနိုင်ရန်၊ စိုက်ပျိုးရေ လုံလောက်စွာရရှိစေရန်နှင့် တစ်နှစ်လျှင် သုံးသီး စိုက်ပျိုးနိုင်စေရန်အတွက် တည်ဆောက်ပြီးသည့် ရေလှောင်တမံ၊ ရေလွှဲဆည်၊ ကန်များမှသာမက အခြားရေရရှိ နိုင်မည့်နည်းလမ်းများကို ရှာဖွေပြီး ရေအရင်းအမြစ်ရှိသည့် နေရာများမှ ယာယီချောင်းပိတ် ဆည်များ တည်ဆောက်ပေးခြင်း၊ လျှပ်စစ်ရေတင်များ တည်ဆောက်ပေးခြင်း၊ ရေအရင်း အမြစ်မရှိသည့် နေရာများတွင် စက်ရေတွင်းများ တူးဖော်ပေးပြီး စိုက်ပျိုးရေး၊ ဖြည့်စွက် ရေပေးဝေနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က အမှာစကားပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဝင်များက နွေစပါးစိုက်ပျိုးမည့် တောင်သူများအား GW-11 အထွက်တိုး မျိုးစပါးများကို ထောက်ပံ့ပေးအပ်ရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင် ရာဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေရရှိရေးနည်းလမ်းများအလိုက် ရှာဖွေဆောင်ရွက်ပြီး ရေပေးဝေသည့်အတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရေလှောင်တမံ၊ ရေလွှဲဆည်၊ ကန်၊ ယာယီ ချောင်းပိတ်ဆည်နှင့် စက်ရေတွင်းများမှ မိုးစပါး ၇၂၃၉၂ ဧက၊ နွေစပါး ၂၇၀၆၃ ဧက၊ နွေသီးနှံ ၉၇၁၂ ဧက၊ စုစုပေါင်း ၃၆၇၇၅ ဧက စိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးစပါး စုစုပေါင်း ၇၄၂၉၉ ဧက စိုက်ပျိုးခဲ့သဖြင့် ယခင်နှစ်ထက် ဧက ၂၀၀၀ ခန့်ပိုမိုစိုက်ပျိုးခဲ့ကြောင်း၊ ယခု နွေစပါး ၂၉၀၉၉ ဧက၊ နွေသီးနှံ ၁၇၃၈၈ ဧက စုစုပေါင်း ၄၆၈၅၁ ဧကလျာထားပြီး စိုက်ပျိုးရေပေးဝေလျက်ရှိရာ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး ပူးပေါင်းဝိုင်းဝန်း ဆောင်ရွက် လျက်ရှိကြောင့် နွေစပါး နွေသီးနှံကို ယခင်နှစ်ထက် ဧက ၁၀၀၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)