နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၌ ပျော်ရွှင်စွာ ရေသဘင်ပွဲတော်ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၁၄

 

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အကျနေ့ ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့်ဇနီး၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်နှင့် ဌာနကြီးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များသည် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၌ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများ ပျော်ရွှင်စွာရေသဘင်ပွဲတော် ဆင်နွှဲ နေမှုများကို ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင် များနှင့်ဇနီးများ၊ တာဝန်ရှိသူများသည် မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့နှင့်တွဲဖက်၍ နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များ၊ ဝန်ကြီးဌာနများမှ သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်ဇနီးတို့က ယိမ်းအဖွဲ့များနှင့် ဧည့်ပရိသတ်များအား အောင်သပြေခက်များဖြင့် အတာရေပက်ဖျန်းပေးကြသည်။

 

နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနား- တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံ ဧရိယာအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

(သတင်းစဉ်)