နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ တက်ရောက်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စုတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံ

နေပြည်တော် ဧပြီ ၂၇

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်း ပါဝင်ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ယက်မီဒီယာများနှင့် တရားမဝင် သတင်း ဌာနများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းမှားများကို အယုံလွယ်လမ်းမှား မရောက်ရှိစေရေး တရားဝင် သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာလေ့လာနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဥတ္တရသီ ရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက  ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီးသည့် နောက်တွင်  ပြည်သူလူထုအကြား ထိတ်လန့်တုန်လှုပ် ခြောက်ခြားစေရေး ရည်ရွယ်ချက် ထားပြီး လုပ်ကြံဖန်တီးမှု လုပ်ရပ်များကို တွေရပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေတွင်  သတ်မှတ်ထားသည့် အသက်အရွယ်အတွင်းမှာ ဥပဒေနှင့် ကိုက်ညီသူများထဲမှ ပညာသင်ကြားနေသူ၊ မိအိုဖအိုပြုစုလုပ်ကျွေးနေရသူ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေးကြောင့် ဆေးကုသမှု ခံယူနေရသူများကို ယာယီရွှေ့ဆိုင်း ပေးထားမည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းရန် မသင့်လျော် သူများကိုလည်း အကြောင်းမဲ့ သက်သက်ခေါ်ယူမည် မဟုတ်သလို၊ ယခုကာလတွင်လည်း အမျိုးသမီးများကို ပြည်သူ့စစ်မှုထမ်းခေါ်ယူရန်မရှိသေးကြောင်း သတင်းထုတ်ပြန်ထားရှိပြီး ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊  ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း နှင့် ဥတ္တရခရိုင်ဥပဒေအရာရှိ ဦးကျော်ဌေးတို့က ပြည်သူ့စစ်မှု ထမ်းဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီးနိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် စစ်မှုထမ်း ဆောင်ကြပါစို့ Video Clipနှင့် သမိုင်းပေးတာဝန် Video Clip တို့ကို ပြသသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဆက်လက်၍ နေပြည်တော်ကေင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၇၂) ကွင်းရှိ ရှင်းလင်းဆောင်၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကေင်စီဥက္ကဋ္ဌက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ပြောကြားပြီး တောင်သူများကို သဘာဝမြေဩဇာများနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်သည်များကို တင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ရွာမကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၇၂)ကွင်းရှိ အောင်မြင် ဖြစ်ထွန်းနေသည့် နွေစပါးစိုက်ခင်းကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် နေပြည်တော် ဒက္ခိဏသီရိ ဈေးအတွင်း၌ မေ ၁ ရက်တွင် ကျရောက်မည့် အလုပ်သမားနေ့ အထိမ်းအမှတ် နေပြည်တော် MSMEထုတ် ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပမည့် အခြေအနေများနှင့် ဆိုင်ခန်းများ တည်ဆောက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက နေပြည်တော် MSMEထုတ် ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ခင်းကျင်းရောင်းချမည့် ထုတ်ကုန်အခြေ အနေများနှင့် ဆိုင်ခန်းများတည်ဆောက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ 

ယင်းနောက် နေပြည်တော်ကေင်စီဥက္ကဋ္ဌသည် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပမည့် ဆိုင်ခန်းများ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

မေ ၁ ရက်တွင် ကျရောက်မည့် အလုပ်သမားနေ့ အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော် ဒက္ခိဏသီရိဈေးအတွင်း၌ ဒေသထွက် One Region One Product ထုတ်ကုန်များ နှင့် MSMEထုတ်ကုန်များကို ဆိုင်ခန်းပေါင်း ၅၀ ဖြင့် မေ ၁ ရက်မှ ၅ ရက်အထိ ခင်ကျင်းပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်