နေပြည်တော်မှာ စမ်းဝတီ

နေပြည်တော်မှာ စမ်းဝတီ

 

မြင့်စိုး(နတလ)

 

စမ်းဝတီ၏ ကတိကဝတ်

 

“ယမန်နှစ်က ဓာတ်မြေဩဇာ အသုံးပြုစိုက်ပျိုးခဲ့၍ တစ်ဧက စပါးတင်း ၁၀၀ ထွက်ရှိခဲ့သော လယ်များ၊ ယခုနှစ် မိမိတို့၏ စမ်းဝတီသဘာဝမြေဩဇာ အသုံးပြုစိုက်ပျိုး၍ တစ်ဧက စပါးတင်း ၁၀၀ မထွက်ရှိပါက စိုက်ပျိုးရန်ဝယ်ယူထားသော မြေဩဇာဖိုးငွေ ကို ပြန်ပေးပါမည်……တဲ့”

 

စမ်းဝတီကို ကျွန်တော်သဘောကျသွားသော အချက်များထဲမှာ အထက်ပါကဲ့သို့ ရဲရင့်ပြတ်သားသော ကတိကဝတ် စကားလည်းပါသည်။ အခြားဓာတ်မြေဩဇာ ကြော်ငြာများကဲ့သို့ ဘာကိုဘယ်လိုသုံးကြည့်ပါ၊ သုံးဆပိုထွက်ရမည်၊ လေးဆပိုထွက် ရမည်ဟုမတွေ့ရ။ ထင်ထင်ရှားရှား တွေ့ရသည်ကတော့ ရိုးသားမှုပဲဖြစ်သည်။ စမ်းဝတီ သဘာဝမြေဩဇာ၏ ထူးခြားသော ဂုဏ်သတ္တိများနှင့် မည်သို့မည်ပုံသုံးစွဲရမည်ကို အိတ်ခွံပေါ်တွင် အများကြီး ဖော်ပြမပေးနိုင်သည့်အတွက် လာရောက်ဝယ်ယူသော တောင်သူတိုင်းကို လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။ ယင်းစာစောင်များထဲတွင် သီးနှံအမျိုးအစားအလိုက် စပါး တစ်ဧက အသုံးပြုရမည့် အိတ်အရေအတွက်ကို မြေပြုပြင်ချိန်မှာ မည်ရွေ့မည်မျှ၊ ပင်ပွားတက်ချိန်မှာ ဘယ်လောက်၊ မှို့တက်ချိန်မှာ ဘယ်လောက် စသည်ဖြင့် ခွဲခြားဖော်ပြပေးထားသည်။ ဂျုံ၊ ပြောင်း၊ ကြံနှင့် ဝါစိုက်ခင်းများအတွက်ဆိုလျှင် မြေပြုပြင်ချိန်မှာ မည်ရွေ့မည်မျှ၊ ကြားပေါင်းလိုက်ချိန်မှာ ဘယ်လောက်ထည့်ရမည်ကို ဖော်ပြပေးထားပါသည်။ ဆီထွက်သီးနှံများ၊ ပဲမျိုးစုံ၊ စားဖိုဆောင် သီးနှံများအတွက်လည်းပါသည်။ နှစ်ရှည် သီးနှံပင်များအတွက်ဆိုလျှင် စိုက်ကျင်းတူးချိန်၊ အပင်အားယူချိန်၊ အဖူးဖူးချိန်နှင့် ပွင့်ချိန်၊ အသီးကြီးထွားချိန်၊ ခူးဆွတ်ခါနီးအချိန်မှာ တစ်ပင်ချင်းအလိုက် ထည့်ရမည့် နို့ဆီဘူးအရေအတွက်ကို ဖော်ပြထားသည်။ မည်သို့မည်ပုံ သုံးစွဲရမည်ကို မသိသူများအတွက်မူ ကြဲပက်ရန်၊ မြေခံကြဲပက်ရန်၊ အခြေတွင်ဖြူး၍ မြေဖုံးရန်၊ စိုက်ကြောင်း၌ ပင်ခြေတွင်ဖြူး၍ မြေဖုံးရန် စသည်ဖြင့် ဖော်ပြပေးထားသည်ကိုလည်း တွေ့ရ၏။ စမ်းဝတီ၏ စေတနာများ ပါပေ။

 

စမ်းဝတီ သမဝါယမနှင့် သဘာဝမြေဩဇာစက်ရုံ ပေါ်ပေါက်လာပုံ

 

ကျေးလက်နေတောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ အထွက်တိုးရေး၊ သွင်းအားစုဖြစ်သော ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် သမဝါယမစနစ်ဖြင့် တိုးချဲ့ဆောင်ရွက်ပေးရန် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် လယ်သာနှင့် ကျောက်စရစ်ကုန်းကျေးရွာအနီးရှိ စမ်းဝတီ နို့စား နွားမွေးမြူရေးခြံသို့ သွားရောက်ပြီး နို့စားနွားကောင် ရေ ၄၀၀ ကျော် မွေးမြူထားရှိမှုနှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေမှုတို့ကို ကြည့်ရှုလေ့လာခဲ့ သည်။ ယင်းသို့ ကြည့်ရှုရင်း နွားချေးသဘာဝ မြေဩဇာထုတ်လုပ်ရန် တိုက်တွန်းမှာကြားကာ လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ် ရေးသမဝါယမ အသင်းကိုလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ဖွဲ့စည်းမှတ်ပုံတင် ဆောင်ရွက်ပေးခဲ့သည်။

 

စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေး သမဝါယမအသင်းအနေဖြင့် သဘာဝ မြေဩဇာများ ထုတ်လုပ်နိုင်ရေးအတွက် ၁၆၂ ပေx ၇၂ ပေ ကျယ်ဝန်းသော စက်ရုံ အဆောက်အအုံကို စတင်တည်ဆောက်ခဲ့ပြီး လိုအပ်သောအခြောက်ခံ စက်အကြီး၊ အသေး၊ အမှုန့်ရိုက်စက် နှစ်လုံး၊ မြေဆီ အလုံးထုတ်စက်နှင့် အတောင့်ထုတ်စက်များ၊ ကျောက်ခွဲစက်၊ အရိုးခွဲစက်၊ အိတ်ပိတ်စက်၊ နွားချေး အရည်အဖတ်ညှစ်စက်နှင့် စက်ထိုးဆန်ခါ စသည့် ဆက်စပ်ပစ္စည်းများကို တရုတ်နိုင်ငံနှင့် မန္တလေး စက်မှုဇုန်များမှ မှာယူတင်သွင်းခဲ့သည်။

 

 

mdn

 

 

သဘာဝမြေဩဇာအတွက် ကုန်ကြမ်းများ

 

စမ်းဝတီ သဘာဝမြေဩဇာ၏ အဓိကကုန်ကြမ်း မှာ နွားချေးမြေဆွေးပင် ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလကတည်းက စတင်ဆောင်ရွက်ခဲ့သော နွားမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့် နွားချေးများသည် ဆွေးမြည့်မှုဖြစ်စဉ် အားကောင်းစွာဖြင့် အလုံအလောက်ရှိနှင့်ပြီး ဖြစ်သည်။ စမ်းဝတီနွားမွေးမြူရေးခြံသို့ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က ကျွန်တော်သွားရောက် ကြည့်ရှုလေ့လာခဲ့သည်။ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်က ဆောင်ရွက်နေသော ဗေဒါသဘာဝမြေဩဇာအတွက် အင်းလေးကန်အတွင်းမှ ဗေဒါကုန်ကြမ်းကို အလုံအလောက် ရနိုင်သကဲ့သို့ပင် စမ်းဝတီအတွက် နွားကောင်ရေ ၄၀၀ ကျော်၏ ခြောက်နှစ်စာ စုပုံထားသောနွားချေး မြေဆွေးက အမှိုက်ထဲကရွှေ ဖြစ်လို့နေပေတော့သည်။

 

အခြားသောကုန်ကြမ်းပစ္စည်းများမှာ ဘားအံဒေသမှ တင်သွင်းသော ဂျပ်ပဆန်/ ဒိုလိုမိုက်ကျောက်များ၊ ပျဉ်းမနားနှင့် ပျော်ဘွယ်ဒေသများမှ မှာယူရရှိသည့် တိရစ္ဆာန်အရိုးများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြင်ပကုမ္ပဏီများမှ ဝယ်ယူစုဆောင်း မွေးမြူထားသော တီကောင်များ၊ ကြက်ချေးနှင့် အခြားပစ္စည်းများ ဖြစ်ကြသည်။ ဒိုလိုမိုက်သည် သဘာဝမြေဩဇာ၏ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်ပါဝင်မှုအတွက် အဓိကထားသုံးစွဲခြင်းဖြစ်သည်။ တီကျစ်မြေစာခဲများ ထုတ်လုပ်ပေးနေသော တီကောင်မွေးမြူးရေးကိုလည်း ကျွန်တော် စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့မိသည်။ နိုင်ငံခြားမျိုးများဟုသိရ၏။ တီကောင်မှ ချေဖျက်ထားသော မြေနမူနာတွင် အာဟာရဓာတ်ပါဝင်မှုမှာ မြေချဉ်ငံဓာတ် (PH) ၆ ဒသမ ၈၊ နိုက်ထရိုဂျင် ၀ ဒသမ ၉၃ မှ ၁ ဒသမ ၉၄ ရာခိုင်နှုန်း၊ ဖော့စဖိတ် ၀ ဒသမ ၄၇ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၁ ဒသမ ၇၀ ရာခိုင်နှုန်း၊ ကယ်လ်စီယမ် ၄ ဒသမ ၄၀ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် ၀ ဒသမ ၄၆ ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။ တီကျစ်စာ မြေဆွေး၏ အာဟာရဓာတ်ပါဝင်မှုသည် အခြား မြေဆွေးများထက် နှစ်ဆခန့် ပိုပါသည်။

 

စက်ရုံဖွင့်ပွဲအခမ်းအနား ကျင်းပ

 

ယင်းကဲ့သို့ ကုန်ကြမ်းများ စုဆောင်းပြီးနောက် သဘာဝမြေဩဇာစက်ရုံ စမ်းသပ်လည်ပတ်မှုကို သုံးလခန့် ဆောင်ရွက်ခဲ့သည်။ ဓာတ်ခွဲနမူနာများ ပေးပို့စမ်းသပ်ခဲ့သည်။ လိုအပ်ချက်များကို ပြုပြင် ထည့်သွင်းဆောင်ရွက်ခဲ့သည်။ ထိုသို့စီစဉ်ဆောင် ရွက်ခဲ့ပြီးနောက် စက်ရုံဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

 

နေ့စဉ်ထုတ်လုပ်နိုင်မှု အခြေအနေ

 

စတင်လည်ပတ်ခါစတွင် တစ်ရက်လျှင် ၅၀ ကီလိုဂရမ် အိတ် ၁၀၀ ခန့် ထုတ်လုပ်နိုင်သည်။ ယခုအခါ အိတ်ပေါင်း ၁၅၀ မှ ၂၀၀ အထိ တိုးမြှင့် ထုတ်လုပ်ဖြန့်ဖြူးနေပြီဖြစ်သည်။ ပုံမှန်သဘာဝ မြေဩဇာအိတ်များ၏ ရောင်းဈေးမှာ တစ်အိတ်လျှင် ကျပ် ၁၅၀၀၀ နှုန်းဖြစ်သည်။ ယခုအခါ တီကျစ်စာ မြေဆွေးကိုပါ ထည့်သွင်းထုတ်လုပ်ထားသော အဆင့်မြင့် သဘာဝမြေဩဇာအိတ်များကို ကျပ် ၂၅၀၀၀ နှုန်းဖြင့် စတင်ဖြန့်ဖြူးရောင်းချပေးနေပြီ ဖြစ်သည်။

 

စမ်းဝတီသဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းမှ သဘာဝမြေဩဇာအိတ်များအပြင် သဘာဝ ရွက်ဖျန်းအားဆေးရည်၊ သဘာဝအသီးအပွင့် အားဆေးရည်၊ EM ဖျော်ရည်၊ ထုံးကန့်ဆေးရည်၊ တီကျစ်စာအရည်၊ ငါးအမိုင်နိုအက်စစ်နှင့် တိုင်းရင်း အချဉ်ဖောက်ဆေးရည်တို့ကို ဆက်လက်တိုးချဲ့ ထုတ်လုပ်သွားမည် ဖြစ်သည်။

 

သဘာဝမြေဩဇာအသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

 

သဘာဝမြေဩဇာ၏ လက်ငင်းအကျိုးကျေးဇူး မှာ မည်သည့်ဓာတုရုပ်ကြွင်းမှ မပါဝင်ဘဲ သဘာဝ ထုတ်ကုန်များကိုသာ နည်းပညာမြှင့်ထုတ်လုပ်ထားခြင်းဖြစ်၍ စိုက်ပျိုးစရိတ်သက်သာစွာဖြင့် အထွက်နှုန်း ကောင်းမွန်လာခြင်းပင် ဖြစ်သည်။ ၎င်းအပြင် သုံးစွဲသူ တောင်သူလယ်သမားများအနေဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ရရှိကြမည် ဖြစ်သည် -

(က) မြေဆီလွှာ ပျက်စီးမှုမရှိခြင်းနှင့် Organic Matter များ တိုးပွားလာစေခြင်း

(ခ) သီးနှံပင်အတွက် မြေဆီလွှာအာဟာရ ဓာတ်များကို ကြာရှည်စွာ သိုလှောင် ထိန်းသိမ်းထားနိုင်သဖြင့် ဖြည်းဖြည်းနှင့် မှန်မှန် ထုတ်ယူသုံးစွဲနိုင်ခြင်း

(ဂ) မြေဆီလွှာ၏ အစိုဓာတ်ကို ထိန်းသိမ်းပေး ခြင်း

(ဃ) မြေဆီလွှာအတွင်း အသက်ရှင်နေထိုင်ကြသော အဏုဇီဝပိုးများအတွက် လိုအပ် သောအာဟာရများ ထုတ်ပေးခြင်း

 

 

mdn

 

 

ဂုဏ်ယူပါသည် စမ်းဝတီ

 

စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေး သမဝါယမအသင်းက ထုတ်လုပ် ဖြန့်ဖြူးနေပြီဖြစ်သော သဘာဝမြေဩဇာများကို ကျွန်တော် အထူးတလည် ကြော်ငြာပေးရန် မလိုတော့ပါ။ လက်တွေ့စမ်းသပ် အသုံးပြုနေသော တောင်သူများ၏ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် သတင်းပါးမှုကြောင့် နေပြည်တော်ပတ်ဝန်းကျင် ကျေးရွာများ၊ မြို့နယ်များသို့ သူ၏ဂုဏ်သတင်းက မွှေးပျံ့ရောက်ရှိနေပြီဖြစ်သည်။ လာရောက် ဆက်သွယ် ဝယ်ယူနေကြပြီဖြစ်သည်။ စက်ရုံကကားဖြင့် ကျေးရွာများသို့ လိုက်လံပို့ဆောင်ပေးနေသည်ကိုပါ တွေ့ခဲ့ရ၏။ နိုင်ငံတော်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍကို တိုးမြှင့်ဖော်ဆောင် နေချိန်တွင် စမ်းဝတီသည် သူနိုင်သည့်ဝန်ကို တစ်တပ်တစ်အား ပါဝင်ထမ်းရွက်လျက်ရှိသည်။ သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည် စမ်းဝတီ။ တောင်သူလယ်သမားများ၏အကျိုးကို ဆတက် ထမ်းပိုး တိုး၍ သယ်ပိုးနိုင်ပါစေ …။