နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများသို့ သွားရောက်အားပေးကြည့်ရှု

နေပြည်တော် မေ ၈

ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် “ကျေးလက်ဒေသနေပြည်သူများ နှင့်တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း” သင်ကြားခြင်းကို သက်ဆိုင်ရာမြို့နယ်များတွင် ဧပြီ ၆ ရက်မှ မေ ၁၅ ရက်ထိ ၁ ရက်ပျမ်းမျှ ၃နာရီ၊ နာရီအားဖြင့် ၁၂၀၊ ရက် ၄၀ ကြာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

နေပြည်တော် ပြည်ထောင်စုနယ်မြေ စာတတ်မြောက်ရေးလုပ်ငန်း၏ သင်ကြားနေမှုများကို ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းသည် ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာ) နှင့် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် သပြေစမ်းကျေးရွာ အလက(ခွဲ)တွင် ဖွင့်လှစ်သင်ကြားနေသည့် စာသင်ဝိုင်းသို့ လည်းကောင်း၊ ဥတ္တသီရိမြို့နယ်‌ တောင်ညိုမြို့ အထက (တောင်ညို) တွင် ဖွင့်လှစ်သင်ကြားနေသည့် စာသင်ဝိုင်းများသို့လည်းကောင်း သွားရောက်ကြည့်ရှုအားပေးသည်။

ယင်းနောက်စေတနာလုပ်အားပေး နည်းပြ/ကြီးကြပ်များက ရပ်ရွာအတွင်းရှိ စာရင်း ကောက်ယူရရှိထားသူ ဦးတည်အုပ်စုနှင့်ကိုက်ညီသည့် စာသင်သားများကို အခြေခံမြန်မာစာ၊ အခြေခံသင်္ချာဘာသာရပ်များ သင်ကြားနေမှုများနှင့် လူမှုဘဝ မြင့်မားရေးဆိုင်ရာ အသိပညာ ပေးခြင်းဆောင်ရွက်နေမှုများကို ကြည့်ရှု၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ်ပညာ ရေးမှူးများ၊ စာသင်ဝိုင်းတာဝန်ခံ ကျောင်းအုပ်ကြီးနှင့် ရပ်မိရပ်ဖများအား သင်ကြားရေးကာလ အဆင်ပြေချောမွေ့ရေးနှင့် ပြီးဆုံးပါက ဆက်လက်လေ့လာရန်များကို ညှိနှိုင်းဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်