နေပြည်တော်တွင် ISO အသိအမှတ်ပြု ဓာတ်ခွဲခန်း တည်ဆောက်လျက်ရှိ

နေပြည်တော်  ၂၅  နိုဝင်ဘာ

အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ရေးအဖွဲ့ ISO အသိအမှတ်ပြု ဓာတ်ခွဲခန်းကို နေပြည်တော် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေး သိပ္ပံကျောင်းဝန်းအတွင်း၌ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တည်ဆောက်လျက်ရှိသည့် ISO အသိအမှတ်ပြု ဓာတ်ခွဲခန်းတွင် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲက ဆောင်ရွက်လျက်ရှိသည့် ပိုးမွှားရောဂါ ဆိုင်ရာများ၊ စိုက်ပျိုးရေး သွင်းအားစု တင်သွင်းတင်ပို့ခြင်းဆိုင်ရာ ထောက်ခံချက် ထုတ်ပေးနိုင်ရေးအတွက် လိုအပ်သော ဓာတ်ခွဲအတည်ပြုခြင်းဆိုင်ရာ လုပ်ငန်းများ၊ ပြည်ပပို့ကုန်များတွင် ဓာတုဓာတ် ကြွင်းပါဝင်မှု စစ်ဆေးခြင်းဆိုင်ရာများ စသည့် ဓာတ်ခွဲခန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ အလားတူ ISO အသိအမှတ်ပြု ဓာတ်ခွဲခန်းကို မန္တလေးမြို့တွင် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ယင်းဓာတ်ခွဲခန်း တည်ဆောက်ရေး လုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်၊ ညွှန်ကြားရေးမှူး ဦးသိန်းတန်နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ညီညီသန်း (နေပြည်တော်)