နွေရာသီ ကျောင်းပိတ်ရက် ကာလကို အကျိုးရှိစွာ အသုံးချသွားစေချင်

မောင်းသောင်းဝင်း ( တမန်ဟောင်း)

 

ဆောင်းအငွေ့အသက်သည် တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်သည်။ နေ့ဘက်အပူအချိန်သည် တဖြည်းဖြည်း မြင့်တက်လာလျက်ရှိသည်။ အခြေခံပညာကျောင်းများတွင် ပညာသင်နှစ် တစ်နှစ်ကုန်ဆုံးပြီး အတန်းတင် စာမေးပွဲများလည်း စစ်ဆေးပြီးဖြစ်၍ နွေရာသီအတွက် ရက်ရှည် ကျောင်းပိတ်တော့မည်ဖြစ်သည်။ ကလေးငယ်များသည် နွေရာသီ ကျောင်းပိတ်ရက်တွင် ပျော်ပျော်ပါးပါး ကစားရန်၊ အနားယူရန်နှင့် အပန်းဖြေရန် အားခဲထားကြမည်ဟု ထင်ပါသည်။

 

သို့သော် ခေတ်ကာလ အခြေအနေအရ လက်တွေ့တွင်မူ ကလေးများသည် ကစားခွင့်နှင့် အနားယူခွင့် အပြည့်အဝရရှိ ကြလိမ့်မည် မဟုတ်ချေ။ ဆိုလိုသည်မှာ မိဘအုပ်ထိန်းသူများသည် နွေရာသီ ကျောင်းပိတ်ရက်တွင် ကလေးများကို သုံးလပြတ်ကျူရှင်နှင့် သင်တန်းပေါင်းစုံသို့ တက်ခိုင်းရန်အပြိုင်အဆိုင် စုံစမ်းထားကြပြီးဖြစ်သည်။

 

အတန်အသင့် အနားပေးသင့်

 

နွေရာသီကျောင်းပိတ်ရက်တွင် ကလေးငယ်များကို အတန်အသင့် အနားပေးပြီးမှသာ ၎င်းတို့ စိတ်ပါဝင်စားသည့် သင်တန်းတစ်ခုခုကို တက်ခိုင်းသင့်ပေသည်။ သင်တန်းပေါင်းစုံကို တစ်ခုပြီးတစ်ခု ဆက်တိုက် တက်ခိုင်းခြင်းသည် တိုးတက်မှုမရှိသည့်အပြင် ကလေးများ၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သည်။ အပန်းဖြေ လေ့လာရေးခရီးထွက်ခြင်းနှင့် ဘုရားဖူးသွားခြင်းတို့သည် ကလေးငယ်များကို ပြင်ပဗဟုသုတများစွာ တိုးပွားစေပါသည်။ ထို့အပြင် တနယ်တကျေးရှိ အဘိုး၊ အဘွားများထံ သွားရောက်လည်ပတ်ခြင်းသည်လည်း စိတ်ကြည်နူးမှု ရရှိစေပါသည်။ ဘိုးဘွားများကို ကန်တော့ခြင်းသည် မြန်မာလူမျိုးတို့၏ အစဉ်အလာကြီးမားသော အလေ့အထကောင်း တစ်ခုပင်ဖြစ်သည်။

 

မည်သည့်သင်တန်းတက်မှာလဲ

 

နွေရာသီတွင် ရပ်ကွက်၊ ကျေးရွာ၊ ရုံး၊ ဌာနအလိုက် အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ရေကူး၊ တိုက်ကွမ်ဒို၊ ရှေးဦး သူနာပြု၊ ယဉ်ကျေးလိမ္မာစသည့် သင်တန်းပေါင်းစုံ ဖွင့်လေ့ရှိကြသည်။ ထိုသင်တန်းများအနက် မိမိကလေးကို ဘယ်လိုသင်တန်းမျိုးတွင် ထားသင့်ပါသလဲ။ ကလေး၏ ဝါသနာနှင့် ဆန္ဒကိုလည်း လျစ်လျူမရှုသင့်ချေ။ မိဘများအနေဖြင့် လက်တွေ့ကျသော သင်တန်းကိုသာ ရွေးချယ် တက်ခိုင်းသင့်ပေသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် မိမိ၏ရင်သွေးငယ်များအား မြတ်ဗုဒ္ဓအကြောင်းကို အခြေခံလောက်တော့ သိအောင် သင်ပြပေးထားသင့်သည်။ သို့မှသာ ငယ်စဉ်ကတည်းက ရှောင်ရန်၊ ဆောင်ရန်နှင့် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်မည် ဖြစ်သည်။

 

ယဉ်ကျေးလိမ္မာသင်တန်း

 

လူမျိုးတိုင်းတွင် သက်ဆိုင်ရာ ယုံကြည်ကိုးကွယ်မှု ဘာသာများ ရှိကြသည်။ ဘာသာတရား၏ အဆုံးအမများလည်း ရှိကြသည်။ ထိုသို့ဘာသာတရား၏ အဆုံးအမများအတိုင်းသာ လိုက်နာကျင့်ကြံ နေထိုင်မည်ဆိုလျှင် လောကကြီးသည် အေးချမ်းနေမည်ဖြစ်သည်။ ဆိုရလျှင် နွေရာသီတွင် မြန်မာကလေးငယ်များအတွက် လက်တွေ့ အကျိုးဖြစ်ထွန်းသော သင်တန်းတစ်ခုသည် ယဉ်ကျေးလိမ္မာ သင်တန်းပင် ဖြစ်သည်။ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်ဖူးသည့် ကလေးငယ်တစ်ဦး မြတ်စွာဘုရား၏ ဖြစ်တော်စဉ်၊ အခြေခံ ဗုဒ္ဓဘာသာအကြောင်းတို့ကို ဘာသာရေးအား ထဲထဲဝင်ဝင် သက်ဝင်ယုံကြည်မှု မရှိသော လူကြီးများထက်ပင် ပို၍သိရှိကြသည်။ ထိုသင်တန်းတွင် ဘုရား၊ တရားနှင့် သံဃာ့ ဂုဏ်တော်များ၊ ပရိတ်၊ ပဋ္ဌာန်းများ၊ သီလများ၊ လူ့ကျင့်ဝတ်များစသည့် ဗုဒ္ဓဘာသာ လူမျိုးတစ်ဦး သိသင့်သိထိုက်သည်များကို သင်ကြားပေးလေ့ရှိသည်။

 

ထိုသို့ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်ဖူးသည့် ကလေးငယ်တစ်ဦးသည် ဘုရားဝတ်ပြု ရှိခိုးခြင်း၊ အိပ်ရာမဝင်မီ မိဘများအား ကန့်တော့ခြင်းနှင့် ထမင်း မစားမီ မိဘများ၊ အသက်အရွယ်ကြီးသူများကို ဦးချပြီးမှသာ စားသောက်ခြင်းကဲ့သို့သော ဝတ္တရားများ ပြောစရာပင် မလိုတော့ချေ။ အချိန်တန် အရွယ်ရောက်လာသည့် အခါတွင်လည်း ဗုဒ္ဓဘာသာအကြောင်းကို ဘာသာခြားများက မေးမြန်းလာလျှင် ခြေခြေမြစ်မြစ် ရှင်းပြနိုင်မည်ဖြစ်သည်။ တချို့သောသူများသည် အသက်အရွယ် ရလာသည့်တိုင်အောင် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို တခြားသူများ နားလည်သည်အထိ လိပ်ပတ်လည်အောင် ပြောပြနိုင်စွမ်း မရှိကြချေ။ မိမိ ကိုးကွယ်ရာဘာသာကို ငယ်စဉ်က စနစ်တကျ လေ့လာသင်ယူ ကိုးကွယ်ခဲ့ခြင်း မရှိသူများသည် ယောင်ဝါးဝါးသာ ဖြစ်နေမည် ဖြစ်သည်။ ထို့ကြောင့် လူငယ်များသည် နွေရာသီတွင် ယဉ်ကျေးလိမ္မာ သင်တန်းတက်ထားသင့်ပေသည်။

 

အင်္ဂလိပ်စာသင်တန်း

 

မျက်မှောက်ကာလတွင် အင်္ဂလိပ်စာသည် ကမ္ဘာသုံး ဘာသာစကားတစ်ခုလို ဖြစ်လာသည်။ ထို့ကြောင့် ခေတ်လူငယ်များသည် အင်္ဂလိပ်စာသင်တန်းကိုလည်း မဖြစ်မနေ တက်ထားသင့်သည်။ လူငယ်များတိုးတက်ရေးအတွက် အထောက်အကူပြုသော ဘာသာရပ်များကို အင်္ဂလိပ်စာဖြင့် ထုတ်ဝေထားလေ့ ရှိကြသည်။ ထို့အပြင် နောက်ဆုံးပေါ် နည်းပညာပစ္စည်းများကိုလည်း အင်္ဂလိပ် စာတတ်ထားမှသာ ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုနိုင်မည်ဖြစ်သည်။ ကျန်းမာရေးအတွက် မှီဝဲရန်လိုအပ်သည့် ဆေးညွှန်းကိုပင် အင်္ဂလိပ်စာတတ်မှသာ ဖတ်ရှုနိုင်မည်ဖြစ်သည်။ အင်္ဂလိပ်စာကျွမ်းကျင်မှု ရှိသူသည် မိမိကိုယ်ကို ပိုမိုယုံကြည်ပြီး တိုးတက်မှုရရှိနေကြသည်။

 

ဆန့်ကျင်ဘက်အနေဖြင့် အင်္ဂလိပ်စာမတတ်သူများသည် နောက်ကျကျန်ရစ်ခဲ့မည်မှာ အသေအချာ ပင်ဖြစ်သည်။ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း လူငယ်များသည် အနာဂတ်တွင် ကြီးမားသောတာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ အထူးသဖြင့်နိုင်ငံ့ခေါင်းဆောင်များ၊ ဘာသာရေးခေါင်ဆောင်များ၊ တတ်သိပညာရှင်ကြီးများ ဖြစ်လာကြမည်ဖြစ်သည်။ ထိုသို့ အရေးကြီးသော တာဝန်များကို ထမ်းဆောင်ကြမည့် လူငယ်များသည် အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ တတ်မြောက်ထားဖို့ လိုသည်။ ထို့ကြောင့် နွေရာသီ အားလပ်ရက်တွင် အင်္ဂလိပ်စာသင်တန်းကိုလည်း တက်ထားသင့်ပေသည်။

 

ကွန်ပျူတာသင်တန်း

 

ထိုနည်းတူစွာ ကွန်ပျူတာပညာသည်လည်း တတ်ထားရန် လိုအပ်ပေသည်။ လူမှုကွန်ရက်သည် လူငယ်များ အကြားတွင် ရေးပန်းစားလျက်ရှိသည်။ ထို့ကြောင့် ကလေးငယ်များသည် ငယ်စဉ်ကတည်းကကွန်ပျူတာ ကိုင်တွယ်နည်း အခြေခံသင်တန်း တက်ထားသင့်သည်။ ကွန်ပျူတာသည် ရုံးလုပ်ငန်းများ၊ သိပ္ပံနှင့် နည်းပညာများ၊ တီထွင်မှုများ၊ စက်မှုလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများတွင် မရှိမဖြစ် အထောက်အကူပြု ပစ္စည်းဖြစ်သည်။ နေရာတိုင်းတွင် ကွန်ပျူတာပညာရှင်များ လိုအပ်လျက်ရှိသည်။ ကွန်ရက်ချိတ်ဆက်မှုများ၊ အရေးကြီးစာနှင့် ဓာတ်ပုံမှတ်တမ်းများ ပေးပို့ခြင်း၊ လက်ခံခြင်းတို့ကို အင်တာနက်မှတစ်ဆင့် ချိတ်ဆက်ပေးပို့ ထုတ်ယူ နိုင်သည်အထိ တတ်မြောက်ထားသင့်သည်။ ကွန်ပျူတာ အသုံးပြု၍ ပါဝါပွိုင့်ဖြင့် တင်ပြခြင်းသည် ထိရောက်မှုရှိလှပေသည်။ ကွန်ပျူတာကို စာစီ၊ စာရိုက်အဆင့်ထက် ပိုသောအနေအထားအထိ တတ်မြောက်အောင် လေ့လာသင်ယူထားရန် လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် နွေရာသီအားလပ်ရက်တွင် ကွန်ပျူတာသင်တန်းကိုလည်း တက်ထားသင့်ပေသည်။

 

ရေကူးသင်တန်း

 

နွေရာသီတွင် မြို့ပေါ်ရှိ လူကုံထံမိဘများသည် ကလေးများကို ရေကူးသင်တန်း အပြိုင်အဆိုင် တက်ခိုင်းလေ့ရှိကြသည်။ ကျောင်းမပိတ်ခင်ကတည်းက နာမည်ကြီး ရေကူးကန်များတွင် ကြိုတင် စာရင်းသွင်းထားလေ့ ရှိကြသည်။ ငွေကြေး တတ်နိုင်သူများသည် အဖွဲ့ဝင်ကြေး သွင်းထားကြသည်။ ရေကူးတတ်ခြင်းသည်ကောင်းပါသည်။ စာရေးသူ၏သမီးများသည် ရေကူးသင်တန်း တက်လိုကြောင်း ပူဆာဖူးပါသည်။ အကျိုးအကြောင်း နားလည်အောင်ရှင်းပြပြီး ယဉ်ကျေးလိမ္မာ သင်တန်းကိုသာ ဦးစားပေး တက်စေခဲ့ပါသည်။ ယခုဆိုလျှင် မြန်မာကလေးများ လိုက်နာပြုမူအပ်သော အခြေခံကျင့်ဝတ်များကို အထူးတလည် သင်ပြပေးနေစရာမလိုဘဲ ပြုမူကျင့်ကြံတတ်နေပြီဖြစ်ပါသည်။

 

စာရေးသူငယ်စဉ်က ရေကူးသင်တန်း မတက်ခဲ့ရပါ။ ကျေးလက်ဒေသမှာ မွေးဖွား ကြီးပြင်းခဲ့ရသဖြင့် ရေကူး ကန်လည်းမမြင်ဖူးခဲ့ပါ။ သို့သော် သဘာဝကပေးထားသည့် ဧရာဝတီမြစ်ကြီးထဲ၌သာ သင်တန်းနည်းပြ မလိုဘဲ အစ်ကို၊ အစ်မများ၏ လှုပ်ရှားကူးခတ်မှုပုံစံကို ကြည့်ပြီး ရေကူးတတ်ခဲ့ခြင်းဖြစ်သည်။ နည်းစနစ် မှန်၊ မမှန် အတိအကျ မသိရတတ်ပါသည်။ သမီးများကိုလည်း နွေရာသီကျောင်းပိတ်ရက် အညာကျေးလက်ပြန်လျှင် ဧရာဝတီမြစ်ကြီးအတွင်း၌ ရေကူးသင်ပေးမည်ဟု စည်းရုံးထားရပါသည်။

 

ရိုးသားစွာ ဝန်ခံရလျှင် စီးဆင်းမှု မရှိသော ရေကန်ကြီးထဲတွင် လူပေါင်းစုံနှင့် ရေအတူကူးရမည်ကို ဝန်လေးမိပါ၏။ လူ့အတွင်း စိတ်ကို မည်သူမျှ အတိအကျ ခန့်မှန်းနိုင်မည် မဟုတ်ချေ။ ရေကူးနေသူ တစ်ဦးသည် ကန်ထဲတွင် အပေါ့စွန့်ခြင်း ရှိ- မရှိ မည်သူမျှ ခွဲခြားနိုင်မည်မဟုတ်ချေ။

 

အကျိုးရှိစွာအသုံးချသင့်

 

မည်သို့ပင်ဆိုစေကာမူ အတတ်ပညာတစ်ခုခု တတ်မြောက်ထားခြင်းသည် လိုအပ်သည့် အချိန်တွင် အသုံးချနိုင်မည်ဖြစ်သည်။ ရေကူးတတ်ခြင်းသည်လည်း ရေဘေးကြုံသည့်အခါ အသုံးတည့်မည်ဖြစ်သည်။

 

ထို့အပြင် ရှေးဦးသူနာပြု သင်တန်းများ၊ တိုက်ကွမ်ဒို သင်တန်းများကိုလည်း တက်ထားသင့်ပေသည်။ အထူးသဖြင့် လာမည့်ပညာသင်နှစ်အတွက် အင်္ဂလိပ်စာ နှင့် သင်္ချာကို ကြိုတင်လေ့လာ သင်ယူထားသင့်ပေသည်။ ကျန်ဖတ်စာများကို ပုံမှန်စာသင်ချိန်တွင် လေ့လာကျက်မှတ်သွားလျှင် အခက်အခဲ ရှိနိုင်မည် မဟုတ်ချေ။

 

နွေရာသီ ကျောင်းပိတ်ရက်တွင် ပညာရပ်တစ်ခုခုကိုသာ ဆည်းပူးသွားမည်ဆိုလျှင် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အသုံးတည့်နေမည်ဖြစ်သည်။ ထို့ကြောင့် နွေရာသီ ကျောင်းပိတ်ရက်တွင် အပြည့်အဝ အနားယူပြီး သင်တန်းတစ်ခုခု တက်ရောက်ကာ အချိန်ကို အကျိုးရှိစွာ အသုံးချသွားသင့်ပေသည်။

 

သင်တန်းတက်ခွင့်မရခဲ့

 

စာရေးသူတို့ငယ်စဉ်က နွေရာသီကျောင်းပိတ်ရက်ရောက်လျှင် ယာခင်းစောင့်ရလေ့ရှိသည်။ နေ့စဉ် နံနက် မိုးလင်းသည်နှင့် ထမင်းချိုင့်နှင့် ယာထဲသို့ သွားရသည်။ ယာထဲရောက်လျှင် မြက်ရိပ်၊ ပေါင်းနုတ်၊ အသီးအနှံ ဆွတ်ခူး၊ နေ့လယ်စာစားပြီး ခဏနား။ နားချိန်တွင် သစ်ပင်ရိပ်အောက်၌ စာဖတ်ခဲ့ရသည်။ ညနေဘက်တွင်လည်း အလားတူ လုပ်ငန်းများကိုဆက်လုပ် နေဝင်ချိန်ရောက်မှသာ အိမ်ကိုပြန်ရသည်။ နွေရာသီ ကျောင်းပိတ်ရက် အတော်များများတွင် ယာခင်းထဲ၌သာ အချိန်ကုန်ခဲ့ရပြီး သင်္ကြန်ကာလ ရောက်မှသာ အနားရသည်။

 

မျက်မှောက်ခေတ် ကလေးများလို သင်တန်းများ တက်ရောက်ခွင့် မရရှိခဲ့ပါ။ မည်သို့ပင်ဆိုစေကာမူ ငယ်စဉ်က နွေရာသီကျောင်းပိတ်ရက် ကာလများတွင် မိဘများကို တတ်နိုင်သမျှ ကူညီလုပ်ကိုင်ပေးခဲ့ရသည်များကို ပြန်လည်တွေးတောမိတိုင်း ပီတိအကြိမ်ကြိမ်ဖြစ်ရသည်။

 

ခြုံ၍တင်ပြရလျှင် နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများအား အနားပေးပြီးမှသာ သင်တန်းများ တက်ခိုင်းသင့်ပါသည်။ ထိုသို့သင်တန်းများ တက်ခိုင်းရာတွင် ကလေးများ၏ အနာဂတ်ဘဝကို လက်တွေ့ အကျိုးပြုနိုင်မည့် သင်တန်းမျိုးကိုသာ ဦးစားပေးရွေးချယ်ပေးသင့်ပေသည်။ မိဘများသည် ပကာသနလုပ်ပြီး အလုပ်မဖြစ်သော သင်တန်းမျိုးကို ရွေးချယ်ခြင်းမျိုးမှ ရှောင်ရှားသင့်ပါသည်။ ကာလဒေသအလိုက် မိမိကလေးနှင့် သင့်တော်သည့် သင်တန်းမျိုးကိုသာ ရွေးချယ်သွားရန် လိုအပ်သည်။ သင်တန်းတစ်ခုပြီးတစ်ခု ဆက်တိုက် တက်ခိုင်းကိုလည်း အထူးကရုပြု ရှောင်ရှားသင့်ပါသည်။ ကလေးများကို နားချိန်နှင့် ကစားချိန်ကိုလည်း အပြည့်အဝပေးရန် လိုအပ်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကျောင်းသူ၊ ကျောင်းသား လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက် ကာလတွင် အပြည့်အဝအနားယူပြီး ဝါသနာပါသည့် သင်တန်းတစ်ခုခုသို့ တက်ရောက်ကာ အချိန်ကို အကျိုးရှိစွာ အသုံးချသွားနိုင်ကြပါစေ။

 

(ကြေးမုံ)