နွေရာသီဖြစ်သော်လည်း ပိတ်ချင်းမြောင်ရေတံခွန်၌ ရေအဆက်မပြတ် ထွက်ရှိနေသောကြောင့် လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ

ပြင်ဦးလွင် ၁၆ မေ

 

ပြင်ဦးလွင်မြို့၏ နာမည်ကျော်နေရာတစ်ခုဖြစ်သော ပိတ်ချင်းမြောင် သဘာဝရေတံခွန်သည် နွေရာသီကာလ ဖြစ်သော်လည်း ဂူအတွင်းမှ ရေများ အဆက်မပြတ် ထွက်ရှိနေသောကြောင့် လာရောက်အပန်းဖြေ လည်ပတ်သူတို့ ပျော်ရွှင်စွာ ရေချိုးကစားကြသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိကြောင်း သိရသည်။

 

ပြင်ဦးလွင်ရှိ ပိတ်ချင်းမြောင်ရေတံခွန်သည် ဝက်ဝံကျေးရွာအတွင်း တည်ရှိပြီး ပြင်ဦးလွင်မြို့နှင့် (၁၂)မိုင်ကွာဝေးသည်။ ပိတ်ချင်းမြောင်ရေတံခွန်သည် မဟာနန္ဒမူလိုဏ်ဂူတော်အဖြစ်လည်းကောင်း၊ သဘာဝ ရေတံခွန်အဖြစ်လည်းကောင်း နာမည်ကျော် ထင်ရှားသည်။ အဆိုပါဒေသတွင် နံ့သာဖြူ၊ ကရမက်၊ ထုံကျင် နာကျင်အကိုက်အခဲပျောက်၊ အဆစ်အမြစ်လိမ်းဆေး စသည့် ဆေးဖက်ဝင်သည့် သဘာဝဆေးမြစ်ဆေးဥတို့ကို ဝယ်ယူရရှိနိုင်သည့်အတွက်ကြောင့် ဆေးဝါးဝယ်ယူတို့ဖြင့် စည်ကားလျက်ရှိသည်။

 

ပိတ်ချင်းမြောင်သို့ လာရောက်လည်ပတ်ပါက ဂူအဝင်ဝမှ လိုဏ်ဂူတော်ဆုံးသည်အထိ ၁၆၀၈ ပေရှည်ပြီး အချို့နေရာများတွင် ပေ (၄၀)၊ အချို့နေရာများတွင် ပေ (၁၂၀) ကျယ်ဝန်းကာ လိုဏ်ဂူတော်ကြီးအတွင်းရှိ များပြားလှသော ဘုရားစေတီပုထိုး ရုပ်ပွားတော်အဆူဆူတို့အား ဖူးမြော်ကြည်ညိုနိုင်သည့်အပြင် ဂူအဝင်ဝရှိ ရေတံခွန်ငယ်များ၊ ဂူအနီးရှိ သုံးထပ်ရေတံခွန် စသည့် ရေတံခွန်တို့၌ ပျော်ရွှင်စွာ ရေကစားနိုင်သည်။

 

ယခုကဲ့သို့ နွေရာသီကာလ၌ ပိတ်ချင်းမြောင် ရေတံခွန်၌ ရေအနည်းငယ်မျှ နည်းပါးတတ်သော်လည်း ပြင်ဦးလွင်ဒေသ၌ မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိခြင်းကြောင့် ရေများနေခြင်း၊ ရေများမှာလည်း အမြဲတစေ အေးမြကြည်လင်လျက် ရှိနေခြင်းတို့ကြောင့် လာရောက်လည်ပတ်သူတို့ စိတ်ကျေနပ်ကာ စည်ကားလျက် ရှိကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

သက်နိုင်(ပြင်ဦးလွင်)