နေရယ်လရယ် အမှန်တရားရယ် ရုပ်သံဇာတ်လမ်းတွဲ ဒုတိယပိုင်းအား ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်လွှင့်ရန်ရှိ

ရန်ကုန် ၂ ဖေဖော်ဝါရီ

 

၂၀၁၅ ခုနှစ်မှာ ရုပ်သံ အစီအစဉ်အဖြစ် ပြသခဲ့တဲ့ နေရယ်လရယ် အမှန်တရား ရုပ်သံဇာတ်လမ်းတွဲရဲ့ ဒုတိယပိုင်းဖြစ်တဲ့ နေရယ်လရယ် အမှန်တရားရယ် ရုပ်သံဇာတ်လမ်းတွဲ (၂) ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် နေ့မှာ စတင်ရိုက်ကူးပြီး နှစ်လည်ပိုင်းတွင် ပြသနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

 

အဆိုပါ  နေရယ်လရယ် အမှန်တရားရယ် ဇာတ်လမ်းအပိုင်း(၂) တွင် အမျိုးမျိုးသော အတက်အကျများကြားထဲတွင် လှုပ်ရှားနေထိုင်ကြရသော ဘဝတွေကို အခြေခံရိုက်ကူးသွားမှာဖြစ်ပြီး ကြုံတွေ့လာသည့် အခက်အခဲတွေ ပြဿနာများ၊ အကျင့်ပျက်ခြစားခြင်း၊ အကြမ်းဖက်ခံရခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ မြေယာ မှတ်ပုံတင်ခြင်း ပြဿနာရပ်တွေ အကြွေးဆပ်ရန်အတွက် အတိုးကြီးကြီးနဲ့ ချေးငွေရယူပြီး ငွေတိုးချေး စားသူတို့၏ သားကောင်ဖြစ်သွားရသူ ဘဝတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလည်ဆိုတာကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်သွားမည်ဟုသိရသည်။

 

ယင်းဇာတ်ကားတွင်  ရှေ့နေမလေး မေ အဖြစ် ဆုပန်ထွာ၊ အောင်မြင်သော ရှေ့နေအဖြစ် ဘုဏ်းသိုက်၊ ရဲလူငယ်စိုင်း သူရ အဖြစ်  မိုးယံဇွန်၊ အရည်အချင်းရှိသော ကျောင်းဆရာမအဖြစ် ခင်ဇာခြည်ကျော်တို့က အဓိက ပါဝင်သရုပ် ဆောင်မည်ဟု သိရသည်။

 

အဆိုပါ ဇာတ်ကား၏ အဓိပ္ပါယ်မှာ တရားဥပဒေအကြောင်းကို အဓိကထားပြီး ရိုက်ကူးပြသသွားတာဖြစ်ပြီး၊  ပထမပိုင်း ရိုက်ကူးခဲ့သော ဇာတ်လမ်းတွင်လည်း လက်ရှိပြည်သူများ ကြုံတွေ့ခဲ့ရသော  ဥပဒေနှင့် ပတ်သက်သော အဖြစ်အပျက်တွေကို ထည့်သွင်းရိုက်ကူးခဲ့ကြောင်း၊ ဒုတိယမြောက် ဇာတ်လမ်းတွဲဖြစ်တာမို့ ပိုမိုထိရောက်မည့် ဇာတ်အိမ်ကောင်းတွေ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

 

ယင်းဇာတ်လမ်းတွင် ပါဝင်သူ သရုပ်ဆောင် မေပန်းချီက     "နေရယ်လရယ်အမှန် တရားရယ်" ဇာတ်ကားဟာ တကယ့်ကို လူတွေ့ရဲ့ တကယ့်ဘဝမှာ ဖြစ်နေတဲ့အကြောင်းတွေကို သေသေချာချာ ဇာတ်ညွှန်းရေးဖွဲ့ပြီး တင်ပြရိုက်ကူးမယ့် ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဥပဒေနဲ့ ပတ်သက်တာတွေကို ဖော်ထုတ်ရိုက်ပြသွားမှာဖြစ်ပြီး တရားမျှတမှု ငြိမ်းချမ်းမှုနဲ့ ရှေ့နေတွေ အကြောင်းပါဝင်မှာပါ။  ဒီဇာတ်ကားကို မြန်မာပြည်ဘက်က အန်တီဆွေ ဇင်ထိုက်၊ ဦးအောင်ကိုလတ်တို့နဲ့ နိုင်ငံခြားသားတွေနဲ့ ကုမ္ပဏီတွေ My Justice အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မရှိဆင်းရဲသားတွေအတွက် တရားဥပဒေ မျှတမှုကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။

 

ဒီလိုပြည်သူ့အတွက် ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ခွင့်ရတဲ့အတွက်လဲ ပန်းချီအနေနဲ့ အတိုင်းမသိ ဝမ်းသာကျေနပ်မိပါတယ်" ဟု ပြောသည်။

 

ကိုလင်း