နွေဦးကာလမြူထသောအခါ

 

မောင်မောင်ဖြူ

 

၃၁-၃-၂၀၂၃ ရက်မှအဆက်

 

“အဲ၊ အဲ။ နေပါဦး ဆရာကြီး။ စစ်ကိုင်းခရိုင် အုန်းတောကျေးရွာလေးမှာ ညီလာခံ နှီးနှောဆွေးနွေးပွဲကြီးတွေ လုပ်တယ်ဆိုတော့ ကျုပ်တို့လို ထန်းသမားတွေကရော သည်နှီးနှောဖလှယ် ပွဲကြီးမှာ တက်ရောက်ပြီး မဆွေးနွေး ကြဘူးလား”

 

ဘကြီးထွန်းဘော်က ဆရာကြီး ဦးလှဒင်၏ စကားအပြတ် ဝင်မေးလိုက်သည်။

 

“ထန်းသမားတွေပါ  တက်ပြီးဆွေးနွေးတယ်ဆိုတဲ့ အကြောင်းတော့ မတွေ့ရဘူး”

 

ဆရာကြီး ဦးလှဒင်က အမှန်အတိုင်း ပြောပြလိုက်ရာ ဘကြီးထွန်းဘော်က

 

“စစ်ကိုင်းခရိုင်ထဲမှာ  နှီးနှောပွဲ လုပ်တယ်ဆိုတော့ စစ်ကိုင်းနဲ့ မုံရွာက နီးတယ်မဟုတ်လား။ ပြီးတော့ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ မန္တလေး၊ အင်းဝ တို့မှာလည်း ထန်းတက်ပြီး ကျုပ်တို့လို အသက်မွေးတဲ့ ထန်းသမားတွေလည်း အများကြီးရှိတယ် မဟုတ်လား။ ကျုပ်တို့ ထန်းသမားတွေကို အစိုးရက မေ့နေလို့ ကျန်များနေတာလားဗျာ”

 

“အရီးထွန်းဘော် ပြောသလို ဟုတ်ချင်လည်း ဟုတ်မပေါ့။ ဒါတော့ အမှန်မပြောနိုင်ဘူး”

 

ဆရာကြီး ဦးလှဒင်က ဘကြီးထွန်း ဘော်၏ အမေးကို ရှင်းပြသည်။ ထိုနောက် ဆက်လက်ပြီး -

 

“ဒါပေတဲ့ ထန်းကို အဓိက အသက်မွေး ဝမ်းကျောင်းအဖြစ်ထားပြီး အသက်မွေး မြူနေကြတဲ့ နယ်တွေဟာ မြန်မာပြည်မှာဆိုရင် ခုနက နယ်တွေအပြင် ကျွန်တော်တို့ ကျောက်ပန်းတောင်းနယ်၊ နောက် မလှိုင်၊ တောင်သာ၊ မိတ္ထီလာ၊ မြင်းခြံ၊ ပုဂံ၊ ညောင်ဦး၊ ပြည် စတဲ့ နယ်တွေရော ဆိုရင် မနည်းပါဘူး။ ဒီအထဲ အဓိက မဟုတ်သော်လည်း တောင်သူတစ်ဖက်နဲ့ ထန်းတက်နေတဲ့ နယ်တွေပါဆိုရင် မြန်မာပြည် အနှံ့အပြားမှာ ရှိပါတယ်။ အောက်မြန်မာပြည် အချို့နယ်တွေမှာ ဆိုရင်လည်း လယ်တစ်ဖက်နဲ့ အနည်း အကျဉ်းစီ ထန်းတက်နေကြတာကို တွေ့ရပါတယ်”

 

“သည်လိုဆိုရင် ကျုပ်တို့ မြန်မာပြည်မှာ ထန်းနဲ့ အသက်မွေးနေတဲ့ နယ်ဟာ မနည်းပါလား”

 

ဦးစံကျော်ကလည်း ဆရာကြီး ဦးလှဒင်ထံမှ သိရချက်ကို တအံ့တသြဖြင့် ဝင်ထောက်လိုက်သည်။

 

ထိုစဉ် နောက်ဘက်နားရှိ ဆယ်ရင်ကလည်း -

 

“သလိုဆိုရင် စောစောက ထန်းစိုက်ထားတဲ့ မြေတွေဟာ ဧကခြောက်သောင်းလောက် ရှိတယ်လို့ ကြားလိုက်ရတယ်။ သည်လောက်ကပါ့မလား ဆရာကြီး” ဟု စဉ်းစားစရာ အချက်လေးများပါ ထည့်၍ ဝင်မေးလိုက်သည်။

 

“ဟုတ်ကဲ့၊ ဒါဟာလည်း စဉ်းစားစရာ အချက်ပါပဲ။ အဲဒီတော့ ကျွန်တော်မှတ်သား လေ့လာထားတဲ့ နှစ်အလိုက် ထန်းစိုက်ပျိုးထားတဲ့ ဧကတွေ ကြည့်ပြီး ပြောကြရအောင်”

 

ထိုနောက် ဆရာကြီး ဦးလှဒင်သည် သူ့ဖိုင်တွဲလှန်၍ နှစ်အလိုက် ထန်းစိုက်ပျိုးထားသော စာရင်းဇယားပါ ဧကများကို ရှင်းပြဆွေးနွေးလေသည်။

 

“ဒီစာရင်းဇယားမှာကြည့်ပါ။ ၁၉၁ဝ ခုနှစ်က မြန်မာပြည် တစ်ပြည်လုံးမှာ စိုက်ပျိုး ပေါက်ရောက် နေပြီးဖြစ်တဲ့ ထန်းမြေဧကပေါင်းဟာ တစ်သိန်း နှစ်သောင်းကျော် ရှိပါတယ်။ ဒါပေတဲ့ အခြားနှစ်တွေရဲ့ စာရင်းနဲ့ ၁၉၄၇ ခုနှစ် အထိ စာရင်း၊ နောက် ၁၉၆၂ ခုနှစ် စာရင်း မှာဆိုရင်  ထန်းမြေဧကပေါင်းဟာ နှစ်သောင်းကနေပြီး ခြောက်သောင်း ကျော် ပတ်ဝန်းကျင်မှာချည်း ဖြစ်နေပါတယ်။

 

“ဒီနေရာမှာ ကျွန်တော်တို့ စဉ်းစားဖို့ ရှိပါတယ်။ ထန်းပင်ဆိုတာမျိုးဟာ တခြား ကောက်ပဲ သီးနှံပင်တွေလို သုံးလေးလအတွင်းမှာပဲ စိုက်ပျိုးပေါက်ရောက် ဖြစ်ထွန်းပြီး သေကျေသွားတဲ့ သက်ငယ်အပင်မျိုး  မဟုတ်ပါဘူး။ နှစ်ရှည်စီမံကိန်းချပြီးမှ စိုက်ပျိုးရတဲ့ ထာဝရအပင်မျိုးပါ။

 

“ထန်းတစ်ပင်ဟာ စပြီး စိုက်တဲ့အချိန် ကစပြီး အနှစ် ၂ဝ လောက်ရှိမှ သီးခိုင် နို့ခိုင်တွေ ထွက်ပြီး ထန်းရည် ခံယူရရှိ တယ်မဟုတ်လား။ မြေကောင်းပြီး အင်မတန် ထန်းသန်တဲ့အပင်ကျမှ ၁၅ နှစ် ၁၆ နှစ် လောက်နဲ့ ထန်းထွက်ကြ တယ် မဟုတ်လား။ အဲဒီလို ၁၆ နှစ်သား လောက်ကစပြီး အနှစ် ၆ဝ၊ ၇၀ လောက်ထိ ထန်းတက်ပြီး ထန်းရည်ခံ ယူကြတယ် မဟုတ်လား။ ဟိုဘက်ကျ တော့သာ ထန်းပင်မြင့်လွန်းလို့ မတက် နိုင်တော့တာ။ ထန်းသက်ကျတော့ လည်း အနှစ် ၁၀၀ လောက်ကနေပြီး နှစ်ပေါင်း ၁၅၀ လောက်ထိ မခုတ်လှဲဘဲ ထားရင် အသက်ရှည်တယ်လို့ ဆိုကြ တယ်မဟုတ်လား။ ဒါပေမဲ့ ထန်းသက် မစေ့မီ လူတွေက ခုတ်လှဲပြီး အသုံးပြု ပစ်လိုက်လို့သာ။ အေးလေ ထန်းပင် အကြောင်း ကျွန်တော့်ထက် ခင်ဗျား တို့က ပိုသိပါတယ်”

 

“ဟုတ်မယ်ဗျို့၊ ခုထက်ထိတောင် မတ္တရာနယ်ဘက်မှာဆိုရင် အိမ်ရှေ့ ကနောင်မင်းသားကြီးရဲ့ ထန်းတော တွေတောင် ရှိနေသေးတယ်လို့ ပြောသံ ကြားရတယ်”

 

ဘကြီးထွန်းဘော်က ဒိုးဒိုးဒေါက် ဒေါက်နှင့် ဝင်ထောက်လိုက်သည်။

 

ထိုနောက် အခြားထန်းသမားများ ကလည်း ဘယ်ရွာ ဘယ်ကျောင်းထဲက ထန်းပင်သည် အနှစ်တစ်ရာလောက် ရှိနေပြီ၊ ဘယ်အနောက်ဘက် စည်းရိုး က ထန်းပင်ညီနောင်မှာလည်း အနှစ် ရှစ်ဆယ်ကျော်လောက် ရှိနေပြီဟု ပြောသံကြားရကြောင်း စသည်ဖြင့် တစ်ယောက်တစ်ပေါက် ဝင်ရောက်ပြောနေကြသည်။

 

ထိုနောက် ဦးလှဒင်က သူ့စကားကို ဆက်ပြန်သည်။

 

mdn

 

“အဲဒီလို တစ်ခါစိုက်ထားရင် နှစ်ပေါင်း တစ်ရာကိုးဆယ်လောက် အသက်ရှည်တဲ့ ထန်းပင်စိုက် မြေဧကတွေရဲ့ တစ်နှစ်နဲ့တစ်နှစ် ကွာခြားမှု စဉ်းစားစရာအချက်ပါပဲ။ ကြည့်လေ ၁၉၁ဝ ခုနှစ်က ထန်းမြေဧကပေါင်း တစ်သိန်းနှစ်သောင်းကျော် ရှိရင် ဒီ့အရင် ၁၉ဝ၅ ခုနှစ်မှာလည်းကောင်း၊ ဒီဘက် ၁၉၂ဝ ခုနှစ် မှာလည်းကောင်း ထန်းဧကမြေဟာ တစ်သိန်းကျော်ချည်း ရှိရမှာပဲ။ အဲဒီလိုပဲ ၁၉၄၇ ခုနှစ်နဲ့ ၁၉၆၂ ခုနှစ်ထိလည်း တစ်သိန်းကျော်ချည်း ရှိရမှာပဲ။ ဘယ်နည်းနဲ့မှ သေကျေ မကုန်နိုင်သေးပါဘူး။ ပြီးတော့ နောက် ထပ်စိုက်ပျိုးတဲ့ အပင်၊ မျိုးဆက်ပျံ့နှံ့ပြီး အလေ့ကျပေါက်လာတဲ့အပင်။ တစ်နေရာမှာ ထန်းတောဖြစ်မိရင် ဒီထန်းတောဟာ ဘယ်တော့မှ မပြုန်းတော့ဘူး မဟုတ်လား။ ဒါလည်း ခင်ဗျားတို့ အသိပါ။

 

“ကျွန်တော် ထင်တယ်လေ။ ထန်းလျက် အဖြစ် ထုတ်လုပ်ဖို့ ထန်းတက်တဲ့ ထန်းတောတွေကိုပဲ အဓိကထားပြီး စာရင်းယူတယ်လို့ ထင်ပါတယ်။ ဒီတော့ ဒီနေ့မြန်မာပြည်မှာ အရင်သေတဲ့ အပင် တွေက သေကျေကုန်ဦးတော့၊ နောက်ထပ် ပေါက်လာတဲ့ အပင်တွေကောဆိုရင် မတက်တဲ့ထန်းရော တက်တဲ့ထန်းရော (ထန်းလျက်အဖြစ် ထုတ်ယူခြင်းကို ဆိုလိုသည်) ထန်းမြေဧကပေါင်းဟာ တစ်သိန်းကျော်လောက်ရှိပြီး ထန်းပင်ပေါင်း ဟာလည်း ၄၊ ၅ သန်း လောက် ရှိလိမ့်မယ် ခန့်မှန်းရပါတယ်”

 

“သလိုဆိုရင် ကျုပ်တို့လို ထန်းသမား တွေရော၊ မြန်မာပြည် တစ်ပြည်လုံးမှာ ဘယ်လောက်လောက်ရှိမယ် ထင်သလဲ ဆရာကြီး”

 

 ဦးစံကျော်က ဝင်ရောက် စပ်စုလိုက် ပြန်သည်။

 

“ဒီနေရာမှာ အပိုင်းနှစ်ပိုင်းခွဲပြီး ပြောရလိမ့်မယ် ထင်ပါတယ်။

(၁) ထန်းကို အဓိကထား၍ အသက် မွေးသူ ထန်းသမား ဦးရေပေါင်း ၁ သိန်းကျော်

(၂) လယ်ယာတစ်ဖက်နှင့် ထန်းတက်သူ  ထန်းတောင်သူ  ဦးရေပေါင်း ၁ သိန်းကျော်

 ပေါင်း ၂ သိန်းကျော်

“ဒီခန့်မှန်းချက်အရ ထန်းကိုအဓိကထား အသက်မွေးသူ မှီခိုသူပေါင်းပါဆိုရင် ပျမ်းမျှလူဦးရေဟာ ၅ သိန်းကျော် လောက်တော့ ရှိလိမ့်မယ်ထင်ပါတယ်”

 

“ဒါနဲ့ နေပါဦး ဆရာကြီး” ဟု ကိုစံအေး က မဝံ့တဝံ့ဖြင့် အသံပြုလိုက်သည်။

 

ဦးလှဒင်သည် အသံကြားရာ ကွပ်ပျစ် စွန်းဘက်သို့ လှမ်းကြည့်လိုက်သည်။

 

သည်တော့မှ ကိုစံအေးက သူ့စကားကို ဆက်လက်ပြောဆိုလာသည်။

 

“ကျွန်တော်တို့ ဟိုကိစ္စဗျာ၊ ဘာတဲ့ ဦးနုအစိုးရလက်ထက်တုန်းက ထန်းပင် တွေကို ခုတ်လှဲပြီး စက္ကူစက်တည်မယ် ဆိုလား ဘာဆိုလား သတင်းကြားလိုက်ရ တယ်။ ဘာ့ကြောင့်ဆိုတော့ ထန်းပင်တွေ ဟာ ထန်းလျက်ချက်ဖို့အတွက် ဒီ့ပြင် သစ်ပင်တွေကို ခုတ်လှဲ မီးဆိုက်ပစ်ရလို့ ဒီထန်းပင်တွေဟာ သစ်ဘီလူးတွေတဲ့။ သို့မို့လို့ကြာရင် သစ်တောတွေ ပြုန်းကုန်ပြီး မိုးခေါင်သွားလိမ့်မယ်တဲ့။ အဲဒါ နောက်ထပ် ဘယ်လိုသတင်းကြားသေးသလဲ ဆရာကြီး”

 

ဆက်လက်ဖော်ပြပါမည်။