နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၁၂-၄-၂၀၂၃ ရက်မှအဆက်

“ဥပမာ၊ စိုက်ပျိုးရေးပဲလုပ်တယ် ထားကြပါစို့ရဲ့။ ဒီစိုက်ပျိုးရေးကို စုပေါင်းမလုပ်ဘဲ တစ်ဦးစီပဲ လုပ်တယ်ထား။ ဒီထဲမှာ တစ်ယောက်ယောက်ဟာ အခန့်မသင့်တာကြောင့် ပျက်စီးဆုံးရှုံးသွားရင် ဒီလူဟာ တော်တော်နဲ့ နာလန်မထူနိုင်တော့ဘူး။ တကယ်လို့သာ စုပေါင်းလုပ်ရင် ရစရာရှိ အချိုးကျ ဝေပုံကျရသလို ဆုံးရှုံးစရာရှိတဲ့အခါမှာ မျှပြီးခံရတာမို့ ဘာမှ ထိခိုက်မသွားနိုင်ဘူးပေါ့။

“အဲဒီလိုပဲ ထန်းကိုလည်း စုပေါင်းလုပ်ရင် စရိတ်ကုန်သက်သာသလို ကုန်ပစ္စည်း ထန်းလျက်လည်း ပိုထွက်လာနိုင်စရာအကြောင်းရှိတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ ထန်းသမားတွေဟာ ထန်းလျက်ကို တစ်ဦးစီ ကိုယ့်ဟာကို ကျိုချက်နေတာထက် စုပေါင်းပြီးသာ ကျိုချက်မယ်ဆိုရင် ဘယ်နည်းနဲ့မဆို သက်သာမှာ အမှန်ပဲ။

ကဲ ဥပမာ ဆိုကြပါစို့။ ထန်းသမားတစ်ယောက်ဟာ တစ်နေ့မှာ ထန်းလျက်ချက်ဖို့ ထင်းဖိုးသုံးကျပ် ကုန်တယ်ပဲထား။ ဆယ်ရက်ဆိုရင် ငွေ ၃ဝိ။ ထန်း သမားဆယ်ဦးစုလိုက်ရင် ငွေ ၃၀ဝိ ကုန်မယ်။ အဲဒီ ထန်းသမားဆယ်ဦးရဲ့ ဆယ်ရက်တွက် ငွေ ၃ဝဝိ ကို ထင်းအကုန်ဝယ်ပြီး ထန်းလျက်ကျိုကြည့်ပါ။ ဘယ်နည်းနဲ့မဆို ၁၀ ရက် ရှိတဲ့အခါမှာ ထင်း ၂ဝဝိ ဖိုးလောက်ပဲ ကုန်မယ်။ ဘာ့ကြောင့်ဆိုတော့ ထမင်းဟင်းများ ချက်တဲ့အခါမှာ တစ်ရှိန်တည်း တစ်အိုးပြီး တစ်အိုးချက်ရရင် ထင်းကုန်သက်သာပြီး တော်တော်ကြာလို့ မီးအရှိန်သေပြီးမှ တစ်ခါမီးထိုးချက်ရတယ်ဆိုရင် ပိုပြီး ထင်းကုန်များတယ်ဆိုတာ ထမင်းဟင်းချက်တဲ့ အိမ်ရှင်မတိုင်း သိပါတယ်”

“အဲသည်ဟာတော့ ဆရာကြီးပြောတာ ဟုတ်သပျို့” ဟု ဘကြီးထွန်းဘော်က ဝင်ထောက်ခံလိုက်၏။

ဆရာကြီး ဦးလှဒင်ကလည်း သူ့စကားကို အရှိန်ရနေပြီဖြစ်၍ ဆက်လက်ပြောပြန်သည်။

“ဒီတော့ တစ်လသာ ထန်းလျက်ချက်မိရင် ငွေ ၃ဝဝိ ပိုထွက်မလာဘူးလား။ တစ်ဦးတွက်စီဆိုရင် ငွေ ၃ဝဝိ စီ အပိုထွက်လာနိုင်စရာ အကြောင်းရှိတယ်။ ဒီထက် ပိုထွက်ရင်သာထွက်မယ်။ လျော့တော့မလာပါဘူး”

“ဒါနဲ့ ဆရာကြီး၊ သည်လို ကျိုချက်တဲ့အခါမှာ ကိုယ့်ဒယ်အိုး ကိုယ့်ထန်းရည်နဲ့လာပြီး ကျိုရမှာလား” ဟု ဦးထွန်းဖေက မေး၏။

“ဒီလို မဟုတ်ပါဘူး။ အားလုံး ထန်းရည်တွေကို စုပေါင်းပြီး ကျိုရမှာပါ။ စုပေါင်းတဲ့အခါမှာ အိုးခြင်နဲ့ စုပေါင်းပြီး ရောကျိုချက်ရမယ်။ တစ်ခါရလာတဲ့ ထန်းလျက်ကျတော့လည်း သူ့အိုးခြင်အလိုက် အချိုးကျပြန်ပြီး ထန်းလျက်ကို ခွဲယူရမယ်ပေါ့”

ဦးထွန်းဖေက ကျေနပ်ဟန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်နေ၏။ 

“ဒီအဆင့်ဟာ ပထမအဆင့်ပါ။ ဒုတိယအဆင့်က ဘယ်လိုလဲဆိုရင် သည်လိုပဲ။ ထန်းသမားဆယ်ဦး စုပေါင်းပြီး လုပ်တယ်ပဲထား။ ထန်းသမားဆယ်ဦးဆိုရင် မြူအိုးကောက်တဲ့လူဟာ ဆယ်ယောက်တော့ ရှိစမြဲပဲ။ ဒီမြူအိုးကောက်တဲ့ ဆယ်ယောက်ဟာ ဆယ်ယောက်လုံး မြူအိုးကောက်စရာ မလိုဘူး။ ငါးယောက်ထဲ ကောက်ရုံနဲ့ လုံလောက်တယ်။ ဒီတော့ ငါးယောက်စီပါတဲ့ အပိုင်း ၂ ပိုင်း ခွဲထားပြီးတော့ တစ်အုပ်စု၊ နှစ်အုပ်စုရယ်လို့ အမည်ပေးထားရမယ်။ တစ်အုပ်စုက မြူအိုးကောက်ရင် နှစ်အုပ်စုက ထန်းလျက်ကျိုချက်ရုံပဲ။ အဲထန်းလျက်လုံးစရာ ရှိတော့မှသာ ဆယ်ယောက်လုံး စုပေါင်းပြီး မြန်မြန်ပြီးအောင် လုံးပေးရုံပဲရှိတယ်။

“ဒီတော့ လုပ်အားသက်သာမသွားနိုင်ဘူးလား။ တစ်အုပ်စုက မြူအိုးကောက်နေချိန်မှာ နှစ်အုပ်စုက တခြားကိုယ်ပိုင်လုပ်ငန်းတစ်ခုကို လုပ်နေနိုင်သလို၊ နှစ်အုပ်စု ထန်းလျက်ကျိုချက်နေချိန်မှာလည်း  တစ်အုပ်စုက အနားယူပြီး နေနိုင်တယ်။ ဒီလို မြူအိုးကောက်တာ ကျိုချက်တာဟာလည်း အလှည့်နဲ့ပေါ့။ အခုဆိုရင် တစ်ဦးတည်းထန်းတက်ရတော့ မြူအိုးကောက်တဲ့လူဟာ အင်မတန်ဆင်းရဲတယ်။ သူဟာ မြူအိုးလည်း ကောက်လိုက်ရသေးတယ်။ တစ်ခါ မြူအိုးကောက်ပြီးလို့ မောလို့မှ နားမနေနိုင်သေးဘူး။ ဆက်ပြီး မီးပူခံ ထန်းလျက်ကျိုရသေးတယ်။ ထန်းလျက်လုံးတဲ့နေရာမှာလည်း တစ်ယောက်တည်းနဲ့ မပြီးသေးဘူး။ နောက် လုပ်အားတစ်အား စုပေါင်းမှ တွင်တွင်ကျယ်ကျယ်နဲ့ ပြီးတယ်။ ကိုယ်ခွဲလက်ခွဲရှိတဲ့ အိမ်ဆိုရင် နည်းနည်းတော်သေးရဲ့။ မရှိတဲ့အိမ်ဆိုရင် အတော်ကို ကသီလင်တနိုင်တယ် ဆိုတာ ခင်ဗျားတို့ကိုယ်တွေ့ပါ”

ဤနေရာတွင် ကိုအေးဆွေနှင့် ထန်းသမားများမှာ ဆရာကြီး ဦးလှဒင်၏စကားကို စိတ်ကြိုက်တွေ့သွားသဖြင့် ခေါင်းတညိတ်ညိတ် ဖြစ်နေကြသည်။

ထိုနောက် ဆရာကြီးဦးလှဒင်သည် တတိယအဆင့်တွင် မည်သို့မည်ပုံ မည်ကဲ့သို့ မူစနစ်များဖြင့် လုပ်ကိုင်သွားရမည်ဖြစ်ကြောင်း  စသည်တို့ကို အသေးစိတ် ရှင်းပြသွားပြန်သည်။ ထန်းသမားများ ကလည်း နားမရှင်းသည့် အချက်အလက်များ၊ မသိ နားမလည်သော အကြောင်းအချက်များကို ဖြတ်၍မေးကြ၏။ ၎င်းတို့ချင်းလည်း ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည် စသည်ဖြင့် ငြင်းခုံကြ၏။ ဆရာကြီး ဦးလှဒင်ကလည်း ၎င်းတို့ သဘောပေါက်အောင် ပြန်လည် ဖြေကြား၏။ ရှင်းပြ၏။

“ကဲ ဒီလောက်ဆိုရင် ခင်ဗျားတို့လည်း စုပေါင်းထန်းလုပ်ငန်းကို အတော်အတန်တော့ သဘော ပေါက်ရောပေါ့။ ဒီတော့ ခင်ဗျားတို့ တတိယအဆင့်ကပဲ တစ်ခါတည်း စလုပ်ကြမလား။ ဒါမှမဟုတ် အစမ်းသဘောနဲ့ ပထမအဆင့်လောက်ကိုပဲ စတင် လုပ်ကြည့်ကြဦးမလား။ အဲဒါ ခင်ဗျားတို့ စဉ်းစားဆုံးဖြတ်ကြပေါ့ဗျာ။  ကျွန်တော့်အနေနဲ့တော့ ဘာပဲဖြစ်ဖြစ် ဒီစုပေါင်းထန်းလုပ်ငန်းကို လုပ်စေချင်တယ်လေ။ ဘာ့ကြောင့် သည်လိုအတင်းတိုက်တွန်း နေရသလဲဆိုတော့ သည်နေ့ခေတ်ဟာ ကျေးကျွန်ခေတ်၊ အရင်းရှင်ခေတ်၊ ဓနရှင်ခေတ်၊ ထန်းပိုင်ရှင်ခေတ်၊ မြေပိုင်ရှင်ခေတ် မဟုတ်တော့ဘူး။ ကိုယ်ထူကိုယ်ထစနစ်နဲ့ အလုပ်သမားခေတ်ဖြစ်နေပြီ။ သည်နေ့ တော်လှန်ရေးအစိုးရဟာလည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့ ဝါဒနဲ့ လူမှုတော်လှန်ရေးကြီးကို ဆင်နွှဲနေပြီး ခေတ်ကိုအတင်းပြောင်းလဲနေပြီ။ တောင်သူလယ်သမား အလုပ်သမားတွေသာလျှင် တိုင်းပြည်ရဲ့ အရှင်သခင် ကျေးဇူးရှင်တွေပဲဆိုပြီး တိုင်းပြည်ရဲ့ရှေ့တန်းမှာ တင်နေချိန်မှာ ခင်ဗျားတို့လို အသက်နဲ့ နေ့စဉ်နေ့တိုင်းရင်ဆိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ ထန်းသမား အလုပ်သမားတွေဟာလည်း ခေတ်နောက်ကျမကျန် ရစ်ခဲ့စေချင်ဘူး။ တခြား အလုပ်သမားတွေနည်းတူ ရှေ့တန်းမှာ ရောက်စေချင်တယ်”

ထန်းသမားများသည် ဆရာကြီးဦးလှဒင်၏ စကားဝယ် စိတ်ဝင်စားနေကြသည်။

“သည်လိုရောက်အောင် ခင်ဗျားတို့ ထန်းသမားတွေရဲ့ စည်းရုံးမှုအင်အားလိုတယ်။ ပြောင်မြောက် ထိရောက်တဲ့ တွင်တွင်ကျယ်ကျယ် ထွက်နိုင်မယ့် ထုတ်ကုန်ပစ္စည်းတွေ လိုလာတယ်။ သည်လို ထွက်လာအောင် ဘယ်လိုလုပ်ရမလဲ။ အဲ အခုန ပြောခဲ့သလို စုပေါင်းထန်းလုပ်ငန်း အဖွဲ့အစည်းတွေဖွဲ့ပြီး လုပ်သွားဖို့ပဲ။ တကယ်တော့ ဒီစနစ်ဟာ  ဆိုရှယ်လစ်စီးပွားရေးကုန်ထုတ်စနစ်ရဲ့ အခြေခံပဲ။ နောက်ပြီး ဒီနေရာမှာ အစိုးရကလည်း အားပေးသွားမှာပဲ။ ဘာ့ကြောင့်ဆိုတော့ မြန်မာ့ဆိုရှယ်လစ်ပန်းတိုင်ကို ချီတက်သွားတဲ့နေရာမှာ ပြည်သူပိုင်လုပ်ငန်းဟာ ပထမမဏ္ဍိုင်ဖြစ်ပြီးတော့ စုပေါင်း လုပ်ငန်းတွေဟာ ဒုတိယမဏ္ဍိုင်ဖြစ်တယ်ဆိုတာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် စာတမ်းက အတိအလင်း ဆိုထားတယ်။ ဒါကြောင့်မို့ ခင်ဗျားတို့ရဲ့ အလွန်နိမ့်ကျ ဆင်းရဲလှတဲ့ ထန်းတက်သမားများ ဘဝကိုသည်လို စုပေါင်းလုပ်ငန်းတွေနဲ့ မြှင့်တင်မှလည်း ခင်ဗျားတို့ဘဝဟာ မြင့်တက်လာမှာပဲလို့ ကျွန်တော်တော့ အလေးအနက်ပဲ ယုံကြည်မိတယ်။ ကဲ လုပ်ဖို့ မလုပ်ဖို့သာ ခင်ဗျားတို့ စဉ်းစားကြပေါ့ဗျာ။ ကျွန်တော်တော့ ဒါပဲ နောက်ဆုံး ပြောချင်တော့တယ်”

ဆရာကြီးဦးလှဒင်သည် သူ့စကားကို ဤတွင် အဆုံးသတ်လိုက်တော့၏။ ထို့နောက် သူသည် အာခြောက်ကာ မောသွားဘိအလား လက်ဖက်ရည်ကြမ်းတစ်ခွက်ကို ငှဲ့၍ သောက်နေတော့သည်။

ထိုအခါ ကိုအေးဆွေက တစ်စခန်း ထလာပြန်သည်။

“ကိုင်း ဦးလေးတို့၊ အစ်ကိုတို့လည်း ဒီစုပေါင်းထန်း လုပ်ငန်းစနစ်တွေအကြောင်းကို အတော်လေးတော့ သဘောပေါက်ကြရောပေါ့။ ဒီအထဲမှာ သဘောကျသူလည်းရှိ မကျသူလည်း ရှိမပေါ့လေ။ ဒါပေမဲ့ တကယ်လို့သာ ဒီစုပေါင်းထန်းလုပ်ငန်းကို စိတ်တူ သဘောတူတွေချည်း စုလုပ်မယ်လို့ဆိုရင် အခု ဆရာကြီး ဦးလှဒင်က သည်လုပ်ငန်း အောင်မြင်သွားတဲ့အထိ ကျွန်တော်တို့ ထန်းသမားဘဝ မြှင့်တင်ရေးအတွက် စေတနာ့ဝန်ထမ်း အမြဲတမ်း အကြံဉာဏ်တွေ ပေးသွားပါလိမ့်မယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့မှာလည်း ထန်းတက်နေတာမို့ ကျွန်တော့်အနေနဲ့ ကာယလုပ်အား ဉာဏလုပ်အားရော ဘဝတစ်ခုလုံးပါ အားလုံးကုန် မြှုပ်နှံပြီး လုပ်သွားပါ့မယ်ဆိုတာ ကတိပြုပါတယ်။ ဦးလေးတို့သာ ညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံး စံပြအဖြစ် တိုင်းပြည်က စံတင် လောက်အောင်သာ ကြိုးစားကြပါလို့ ကျွန်တော် တိုက်တွန်းပါတယ်”

ကိုအေးဆွေက စကားကိုဖြတ်ထားပြီး ထန်းသမား များအား အကဲခတ်လိုက်၏။ ပြီးမှ ဆက်လက်ကာ-

“ဒီတော့ ဦးလေးတို့၊ အစ်ကိုတို့လည်း လုပ်သင့် မလုပ်သင့်ဆိုတာကို ဒီညပြန်ပြီး စဉ်းစားကြည့်ပါဦး။ ကိုယ့်အချင်းချင်းလည်း တိုင်ပင်ညှိနှိုင်းကြည့်ကြပါဦး။ တစ်ပတ်လောက် စဉ်းစားလိုက်ရင် အဖြေ သိနိုင်ပါပြီ”

“ကိုရင် ဟောဒီမှာ စာ။ အမေ ကျောက်ပန်းတောင်း သွားလို့ ဆရာကြီးဦးလှဒင်က ပေးလိုက်တာတဲ့”

တဲအတွင်းသို့ ခေါ်ခေါ်ပြောပြောနှင့် ဝင်လာနေသော ထွေးရီအသံကို ကြားရသဖြင့် ကိုအေးဆွေ သည် စာရင်းအင်းရေးမှတ်နေရာမှ လှည့်ကြည့် လိုက်မိသည်။ ထွေးရီသည် စာအိတ်ပြာပြာလေး ကိုင်ရင်းအနားသို့ ရောက်လာသည်။

ကိုအေးဆွေသည် အပြာနုရောင် စာအိတ်ကလေး မြင်ရကတည်းက ဆရာကြီးဦးလှဒင်ထံမှတစ်ဆင့် ခင်သန်းဌေးဆီမှ  လာသောစာဖြစ်ကြောင်း ရုတ်ခြည်းသိလိုက်ကာ  ဝမ်းသာကြည်နူးသွားသည်။