နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၁-၉-၂၀၂၃ ရက်မှအဆက်

“အရင်ကဆိုရင် ထန်းလျက်ကို မြို့ကကုန်သည် ပွဲစားတွေဆီ ထန်းလျက်အတိုင်း သွားရောင်းလိုက်တာပဲ။ အခုတော့ ဌေးဌေးမြင်တဲ့အတိုင်းပဲစနစ် တစ်မျိုးပြင်လိုက်တယ်။ အဝယ်ဒိုင်တွေ စားသုံးသူတွေဆီက အော်ဒါရလာရင် အခုလို အကျအနအတွင်းက ပလတ်စတစ်အိတ်ခံ ထန်းလျက်ထည့်ပြီး ကောင်းမွန်စွာ ချုပ်လုပ်ပေးလိုက်တော့ မိုးရာသီမှာဆိုရင် လေလုံနေလို့ စိုမှာငိုမှာ မကြောက်ရတော့ဘူး။ အဲနောက်ပြီး ကျွန်တော်တို့ဆီက ထွက်ကုန်မှန်းလည်းသိအောင် အခုလို အမှတ်တံဆိပ်ရိုက်ပြီး ပေးလိုက်တယ်”

အလုပ်သမားများလုပ်နေသည်ကို ကိုအေးဆွေက လက်ညှိုးထိုး၍ ပြလိုက်ရင်းက ရှင်းပြနေသည်။

“ဒါနဲ့ နေပါဦး ကိုအေးဆွေ၊ ထန်းလျက်တောင်း၊ ထန်းလျက်ပိုမှန်ရင် အချိန်အစိတ်ပဲလား။ ဒီထက် ပိုမိုမထည့်တော့ဘူးလား” 

ခင်သန်းဌေးသည် အလုပ်သမားများ လုပ်နေသည်ကို စိတ်ဝင်စားစွာ ကြည့်နေရာမှ လှမ်းမေးလိုက်သည်။

“မပိုပါဘူး။ ခြေနိုင် လက်နိုင်ဖြစ်အောင်ဆိုပြီး အချိန်အစိတ်ပဲ ထည့်ထားပါတယ်။ ဒါပေမဲ့ အလျော့တွက်ဆိုပြီး ၅၀ ကျပ်သားတော့ ပိုပြီးထည့်ထားသေးတယ်။ အဲဒီလို ကျွန်တော်တို့က တညီတည်း အတိအကျချိန်ထည့်ပြီး ထုတ်လုပ်လိုက်တော့ ဝယ်ယူ စားသုံးတဲ့လူတွေအဖို့ အထူးချိန်တွယ်စရာမလို တော့ဘူးပေါ့”

ထို့နောက် အခြားတစ်ခန်းသို့ ပြောင်းရွှေ့ကြည့်ပြန်သည်။ ထိုအခန်းတွင်မူ အသက်အရွယ် ခပ်ကြီးကြီး ယောက်ျားကြီးများသည် ထန်းလျက် တစ်ပိဿာဝင်၊ နှစ်ပိဿာဝင်၊ သုံးပိဿာဝင် ထန်းဖူးပုံးလေးများအဖြစ် ထန်းရွက်နုများဖြင့် ရက်လုပ်လျက်ရှိ၏။ ထန်းဖူးပုံးလေးများကို အစိမ်း၊ အနီ၊ အပြာ၊ အနက်၊ အဖြူ စသည်ဖြင့် ရောင်စုံရောနှော၍ အကွက်ဖော်ကာ ရက်လုပ်ထားကြသည်။ အလွယ်တကူ ဆွဲယူသွားရန်လည်း ဘေးမှ ထန်းလျှော်ကြိုးဖြင့် တပ်ပေးထား၏။

တစ်ဖက်ခန်းတွင်မူ အမျိုးသမီးအတော်များများသည် အလုပ်လုပ်လျက်ရှိ၏။ အမျိုးသမီးအချို့သည် ပလတ်စတစ်အိတ်များတွင် အိတ်အလိုက် ထန်းလျက် အကောင်းစားများကို တစ်ပိဿာ၊ နှစ်ပိဿာ၊ သုံးပိဿာ စသည်ဖြင့် အတိအကျ ချိန်တွယ်ထည့်လျက်ရှိ၏။ ၎င်းထည့်ပြီး ပလတ်စတစ်များကို အမျိုးသမီး အချို့က ဖယောင်းတိုင်မီးများဖြင့် ပိတ်နေသည်။ တစ်ဖန် ၎င်းပိတ်ပြီး ပလတ်စတစ် ထန်းလျက်အိတ် များကို အချို့အမျိုးသမီးများက လှပသော ရောင်စုံ “ထန်းဖူးပုံးလေး” များထဲသို့ ထည့်သွင်းလိုက်ကာ အဖုံးများကိုရက်လုပ်၍ ပိတ်ကြသည်။ ထို့နောက် ကျန်အမျိုးသမီးအချို့က ၎င်းထန်းဖူးပုံးလေးများဘေးတွင် လက်တစ်ဝါးခန့်ရှိ ကုန်အမှတ်တံဆိပ် စာရွက်လေးများကို ကော်ဖြင့်ကပ်နေကြသည်။

အားလုံးသော အမျိုးသမီးများလည်း စီတန်းပြီး မျက်နှာချင်းဆိုင် နေရာယူကာ အလုပ်လုပ်လျက်ရှိသည်။ တစ်ဦးလုပ်ပြီးသောအလုပ်ကို နောက်တစ်ဦးက ဆက်လက်ကမ်းယူ ဖြည့်စွက်၍ အဆင့်ဆင့် ပြုလုပ်သွားရာ နောက်ဆုံးတွင် အဆင်သင့်ဆွဲယူ သွားနိုင်ရန် ကုန်အမှတ်တံဆိပ်ကပ်ပြီး ထန်းလျက် ထန်းဖူးပုံးလေးများအဖြစ် ထွက်လာသည်။

“ဘယ်လိုလဲ ဌေးဌေး။ ထန်းလျက်ကောင်း ဝယ်ယူ စားသုံးသူတွေအဖို့ အလွယ်တကူ သယ်ဆောင်သွား နိုင်အောင်၊ သန့်ရှင်းမှုလည်းရှိအောင်၊ နောက်ပြီး ထန်းလျက်စိုခြင်း ငိုခြင်းဘေးကလည်းကင်းအောင်၊ ရောင်းပန်းလည်းလှအောင် ဒီလိုစနစ်တကျ ထုတ်လုပ်ရတာပဲ”

ကိုအေးဆွေသည် ထန်းလျက် တစ်ပိဿာဝင် ထန်းဖူးပုံးလေး တစ်ပုံးကို ကောက်ယူဆွဲပြရင်း ခင်သန်းဌေးအား ရှင်းပြသည်။ ခင်သန်းဌေးကမူ ကိုအေးဆွေ ရှင်းပြသွားသည်ကို တစ်ဖက်က နားထောင်ရင်း မျက်လုံးများက အလုပ်သမားများ သွက်လက်ကျွမ်းကျင်စွာ လုပ်ကိုင်သွားကြသည်ကို စိတ်ဝင်စားစွာဖြင့် ကြည့်နေသည်။

“မမဌေးနှယ်၊ သလိုထည့်ပြီး ထဖူးပုံးလေးတွေနဲ့ ထညက်ဆိုရင် သိပ်ပြီးရောင်းကောင်းတာပဲ။ ကျောက်ပန်းတောင်းဈေးထဲက ဆိုင်တွေကိုဆိုရင် မနိုင်နိုင်လောက်အောင် ဖောက်သည်ပေးနေရတယ် မမဌေးရဲ့” 

ထွေးရီက ဝင်ရောက်၍ အားရပါးရ ပြောပြလိုက်သည်။

ထို့နောက် ခင်သန်းဌေးသည် ထုတ်လုပ်ပြီး အဆင်သင့်ဖြစ်နေသော ထန်းဖူးပုံးလေးတစ်ခုကို သေချာစွာကိုင်ကြည့်ရင်း အမှတ်တံဆိပ်အားလည်း ဂရုစိုက်ကြည့်၏။ ထန်းသမားတစ်ယောက်သည် ထန်းပင်ပေါ်သို့တက်နေလျက် လုံမပျိုတစ်ယောက် က ထန်းပင်အောက်တွင် မြူအိုးကောက်နေပုံဖြစ်သည်။ နောက်ပြီး ထန်းလျက်၏ အမျိုးအမည်ဖြစ်သော “ရေမထိထန်းလျက်” ဟူသောအမည်နှင့် “အချိန် ၂ ပိဿာ၊ ကျောက်ပန်းတောင်းမြို့၊ လက်ပံပင်ကျေးရွာ၊ စုပေါင်းထန်းလုပ်ငန်း၊ ထန်းလျက်ထုတ်လုပ်ရေး ဌာနမှထုတ်လုပ်သည်” ဟူသော စာတန်းများ ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။

“အင်း၊ ဒီအမှတ်တံဆိပ်ဟာ ဒီလုပ်ငန်းနဲ့ သိပ်ဟပ်မိပြီး သဘာဝအကျဆုံး အမှတ်အသား တစ်ခုပဲနော်” ဟု ခင်သန်းဌေးက စိတ်ထဲတွင်ရှိသည့်အတိုင်း ချီးကျူးလိုက်သည်။

“အဲဒါဟာလေ ကိုရင်ဆွဲတာပေါ့။ ကိုရင်က တံဆိပ်လုပ်တဲ့လူကို နမူနာဆွဲပြပြီးမှ မှာယူအလုပ်ခိုင်းတာ မမဌေးရဲ့”

ထွေးရီက သူ့ကိုရင်အတွက် ဂုဏ်ယူကာ ဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ ကိုအေးဆွေကိုမူ ပြုံး၍သာနေ၏။

“ဒီအခန်းထဲမှာရှိတဲ့ ကုန်ပစ္စည်းတွေက ဘာလုပ်တာလဲ၊ ဈေးဆိုင်လားဟင်”
နောက်အခန်းတစ်ခုသို့အရောက်တွင် ခင်သန်းဌေး က မေးလိုက်၏။ အခန်းထဲတွင် ဆန်အိတ်များ၊ ဆီပုံးများ၊ ငရုတ်၊ ကြက်သွန်၊ ပဲအမျိုးမျိုး၊ ဆပ်ပြာခဲ၊ ဆေးလိပ်၊ မီးခြစ်၊ ဖယောင်းတိုင်မှအစ အထည်အလိပ်၊ စည်သွတ်ဘူးများအထိ ကုန်ပစ္စည်းအတော် စုံစုံလင်လင် ရှိလေသည်။

“ဒါ ကျွန်တော်တို့ စုပေါင်းလုပ်ငန်းရဲ့ သမဝါယမ အသင်းဆိုင်ပေါ့။ ကျေးရွာလလသသရဲ့ လက်အောက်ခံ ဆိုင်ခွဲလေ။ အရင်တုန်းကတော့ ဒီဘုံထန်းတော နယ်မြေမှာရှိတဲ့ လူတွေဟာ ကျောက်ပန်းတောင်းမှာပဲ ကိုယ်ကြိုက်သလို ဝယ်ယူစားသုံးကြတယ်။ အခုတော့ အများရဲ့တိုက်တွန်းချက်အရ အခုလို ဒီဆိုင်ကို ဖွင့်လိုက်တာပဲ။ ခုဆိုရင် ဒီကဝယ်ယူစားသုံးတဲ့သူတွေအဖို့ ဈေးအများကြီး သက်သာသွားတာပေါ့။ ကုန်ပစ္စည်လည်း အိမ်တိုင်ရာရောက်ဝယ်ရသလို အချိန်ကုန်လည်း သိပ်သက်သာတယ်။ အဖွဲ့ဝင်တွေဆိုရင် အချိန်မရွေး ကြွေးယူရတယ်။ နောက် လုပ်ခရမှဆပ်ရုံပဲ”

ခင်သန်းဌေးမှာ တစ်ခုပြီးတစ်ခု တွေ့မြင်လိုက်ရတိုင်း မိမိထင်မြင်သည်ထက် အောင်မြင်နေသည်ကို တွေ့မြင်နေရသဖြင့် အံ့သြ၍သာနေရတော့သည်။ ယင်းသို့ ကိုအေးဆွေတွင် ခေါင်းဆောင်သွားနိုင်မှု၊ စီမံခန့်ခွဲ ထိန်းသိမ်းသွားနိုင်မှု၊ တိုးတက်သော အယူအဆများဖြင့် ပြုပြင်ပြောင်းလဲတီထွင်လိုမှု၊ ကြိုးပမ်း လိုမှု စသောအရည်အသွေးများရှိသည်ကို မျက်ဝါးထင်ထင် မြင်လာရသောအခါ ကိုအေးဆွေအား အထင်ကြီးလာသည်။ အလိုလို လေးစားမြတ်နိုး စိတ်များက ရင်ထဲဝယ် တဖွားဖွားပေါ်လာတော့သည်။

ထိုအခိုက် သံချောင်းသံ သုံးချက်တိတိ ခေါက်လိုက်သံကို ကြားလိုက်ရသည်။ ထိုအသံကြားသည် နှင့်တစ်ပြိုင်နက် ထွေးရီသည် ခင်သန်းဌေးအား နှုတ်ဆက်၍ ထွက်သွားလေသည်။

“ဒါ၊ ဒါ၊ ဘယ်ကခေါက်တဲ့ သံချောင်းသံလဲ။ နာရီသံချောင်းသံလားဟင်”

ခင်သန်းဌေးသည် သူ့လက်မှနာရီကို ကြည့်လိုက်ရင်းက ကိုအေးဆွေအား မေးလိုက်၏။ သူ၏ နာရီသည် သုံးနာရီထိုးနေပေပြီ။ 

“နာရီသံချောင်းသံဆိုလည်း ဟုတ်ပါတယ်။ တကယ်တော့ အလုပ်ဆင်းတဲ့ အချက်ပေးသံချောင်းပေါ့”

“ဟင်၊ ဟိုအဆောက်အအုံတွေထဲမှာ လူတွေအလုပ်ဆင်းနေကြတယ်မဟုတ်လား”

ခင်သန်းဌေးက နားမလည်သလို ပြန်မေးလိုက်သည်။

“ဪ၊ ဌေးဌေးကလည်း ထန်းပိုင်ရှင်သမီးပီပီ ထန်းသမား လုပ်ငန်းအကြောင်း နားမလည်ရှာပဲကိုး” ဟု ကိုအေးဆွေက ရယ်မော၍ ပြောလိုက်ရင်း ခင်သန်းဌေးကို တစ်ချက်စိုက်ကာ ကြည့်လိုက်သည်။ ခင်သန်းဌေးကလည်း မချိုမချဉ်မျက်နှာလေးဖြင့် ကိုအေးဆွေကိုပြန်၍ ဖျတ်ခနဲကြည့်ရင်း မျက်စောင်း လေးတစ်ချက် ထိုးလိုက်သည်။ ထိုအခါဝယ် ကိုအေးဆွေ ၏ရင်ထဲ၌ ဖိုခနဲဖြစ်သွားသည်။

“ကျွန်တော်တို့ ထန်းသမားတွေမှာ ထန်းလုပ်ငန်းနဲ့ပတ်သက်လို့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက ကုန်ကြမ်းထုတ်လုပ်တဲ့အပိုင်း၊ နောက်တစ်ပိုင်းက ကုန်ချောအဖြစ်ထုတ်လုပ်တဲ့ အပိုင်းရယ်လို့ရှိတယ်။ ပထမအပိုင်းက ထန်းတက်ကိရိယာဖြစ်တဲ့ ရင်းထောင်၊ ရင်းဆွဲ ပြင်တာကအစ ထန်းပင်မှ ထန်းရည်များ ထွက်လာအောင် ပြင်တာဆင်တာ။ နောက်အရည်ရအောင် တက်လှီးတာ။ တစ်ခါရလာတဲ့ ထန်းရည်ကို အကောင်းအဆိုးရွေးချယ်ပြီး ထန်းရည်စစ်ယူတာက အစ ကျိုမယ့်ဒယ်အိုးထဲရောက်တဲ့အထိပေါ့။ ဒါဟာ ကုန်ကြမ်းထုတ်လုပ်တဲ့ အပြင်လုပ်ငန်း ပထမအပိုင်းပဲ။

“နောက် ဒုတိယအပိုင်းကတော့ အိုးထဲရောက်လာတဲ့ ထန်းရည်တွေကို လုပ်ချင်တဲ့ထန်းလျက် အမျိုးအစားတွေဖြစ်လာအောင် စနစ်တကျ ခွဲထုတ် ကျိုချက်ယူရတယ်။ တစ်ခါ ရလာတဲ့ထန်းလျက်တွေကို အမျိုးအစားခွဲခြားပြီး စောစောက ဌေးဌေး မြင်ခဲ့ရသလို တောင်း၊ ပို၊ ပုံးတွေထဲမှာထည့်ပြီး အမှတ်တံဆိပ်ကပ်ပြီးတဲ့အထိ ဝယ်ယူစားသုံးသူတွေ အလွယ်တကူ သယ်ယူသွားနိုင်အောင် ထုတ်လုပ်ရတယ်။ အဲသည့်အပိုင်းဟာ အတွင်းလုပ်ငန်း ဒုတိယ အပိုင်းပဲ”

“ဒီလောက်တော့ ကိုအေးဆွေ ပြောမှတဲ့လား။ ဌေးလည်း နားလည်ပါတယ်လေ။ ခု သံချောင်းခေါက်တာနဲ့ ဘာဆိုင်လို့လဲရှင့်” ဟု ခင်သန်းဌေးက မေးလေးထိုးကာ ငေါ့တော့တော့ပြောလိုက်၏။

“ဆိုင်ပြီလားဗျာ။ အဲဒီတော့ ခုတင်ကခေါက်တဲ့ သုံးနာရီ သံချောင်းသံဟာ အပြင်လုပ်ငန်းဖြစ်တဲ့ ထန်းတက်အလုပ်သမားတွေ၊ မြူအိုးကောက်တဲ့ အလုပ်သမတွေတွက် အလုပ်ဆင်းချိန်ပေါ့။ တစ်ခါ အလုပ်သိမ်းသံချောင်းဆိုလည်း ဟုတ်တယ်။ ခုဆိုရင် ဟိုအဆောက်အအုံတွေထဲက အလုပ်လုပ်နေတဲ့ အတွင်းလုပ်ငန်း အလုပ်သမားတွေဟာ အလုပ်သိမ်းကြပြီ။ တချို့က သက်ဆိုင်ရာအလုပ်ကို ဆက်လုပ် တယ်။ အချို့ကတော့ ကိုယ့်အိမ်ကိုယ်ပြန်ပြီးတော့ ရေခပ်၊ ထမင်းချက်၊ အနားယူကြပေါ့။ သဘောကတော့ နေ့လယ်ပိုင်း အလုပ်သိမ်းပြီး သက်ဆိုင်ရာ လူများက ညနေပိုင်း အလုပ်လုပ်ကြဟေ့ ဆိုတဲ့ အချက်ပေး နာရီသံချောင်းပေါ့ဗျာ”

“ဪ၊ ဒီလိုလား”

ဆက်လက်ဖော်ပြပါမည်။