နွေဦးကာလမြူထသောအခါ

 

မောင်မောင်ဖြူ

 

၂၉-၉-၂၀၂၃ ရက်မှအဆက်

 

“ဟင် ဟင် ဌေး၊ ကျွန်တော့်ကို ဒီလောက်တောင် မုန်းနေပြီလားဟင်”ဟု ပြောပြောဆိုဆို ခင်သန်းဌေး၏ ပခုံးနှစ်ဖက်အား သိမ်းကျုံးပွေ့ယူလိုက်ရင်း ပါးပြင်နုနုလေးအား နမ်းလိုက်သည်။

 

“ဖြန်း”

 

ခင်သန်းဌေးမှာ အငိုက်မို့ ရုတ်တရက် ခံလိုက်ရသည်။ သို့သော်ချက်ချင်းလိုပင် ဦးဝင်းအောင်၏ရင်ခွင်ထက်မှ ရုန်းဖယ်ထလိုက်သည်။ ရှက်စိတ်၊ ဒေါသစိတ်များသည် တစ်မုဟုတ်ချင်း ဖြစ်ပေါ်လာကာ ဦးဝင်းအောင်၏ပါးကို တအားရိုက်ချလိုက် ခြင်းဖြစ်သည်။  ထိုနောက် နေရာမှ လျင်မြန်စွာ ထလိုက်သည်။ သူ့တစ်ကိုယ်လုံးသည် ဒေါသစိတ် ကြောင့် ပို၍ပင် အသားများဆတ်ဆတ်တုန်နေသည်။ မျက်နှာတစ်ခုလုံးသည် ရှက်သွေးဖြာကာ ရဲနေသည်။ မျက်လုံးများမှာလည်း ဒေါသစိတ်ကြောင့် ဝင်းဝင်းတောက်လျက်ရှိသည်။

 

ဦးဝင်းအောင်သည် သူ့ပါးကို ပွတ်နေရင်းက နေရာမှ ထလိုက်သည်။ သို့သော် သူ့မျက်နှာကမူ ခပ်ပြုံးပြုံးပင်။

 

“ဟင် ဟင် ဟင်၊ ရှင်ဟာ လူကြီးလူကောင်း ကြောင်သူတော်ကြီးပါလားဟင်။ ဌေးက လူကြီးလူကောင်းမှတ်လို့ ဆက်ဆံနေတာ ဟင်။ ဒီလို ကြမ်းပိုးဆန်ဆန် အပြုအမူမျိုးနှင့်ဆို ဘယ်တော့မှ မဆက်....”

 

ခင်သန်းဌေးသည် သူ့စကားကို ဆုံးအောင်ပင် မပြောလိုက်ရပါ။ ဦးဝင်းအောင်က နောက်တစ်ကြိမ် ရုတ်တရက်ပင် သူ့ခါးလယ်ကို နောက်ကျောမှ လက်နှစ်ဖက်ဖြင့် သိမ်းကျုံးပွေ့ဖက်လိုက်ရင်း ခင်သန်းဌေး၏မျက်နှာလေးကို အငမ်းမရ လိုက်နမ်းနေသည်။ ခင်သန်းဌေးကလည်း ဦးဝင်းအောင်၏ ရင်ဘတ်ကြီးကို လက်နှစ်ဖက်ဖြင့် စုံကန်တွန်းကာ ဦးဝင်းအောင်၏ နှာခေါင်းသရမ်းမှုဘေးမှ လွတ်ကင်းအောင် သူ့မျက်နှာလေးကို နောက်သို့ တအားလှန် ချရင်း ဟိုမှသည်မှ တယမ်းယမ်းနှင့် ရှောင်တိမ်းနေ သည်။ သူ့ပါးစပ်မှလည်း-

 

“ရှင်နော်၊ ရှင် ရှင်။ ခွေးကျင့် ခွေးကြံ မကြံနဲ့။ လွှတ်နော်၊ လွှတ် လွှတ် လွှတ်”ဟုသာ ဆိုနေရှာ ရတော့သည်။ မိန်းမအားနှင့် ယောက်ျားအားမို့ ခင်သန်းဌေးမှာ ဦးဝင်းအောင်၏လက်မှ လွတ်အောင် မရုန်းနိုင်ရှာပေ။

 

ဦးဝင်းအောင်ကလည်း သူ့နှာခေါင်းကြီးနှင့်မီရာ ခင်သန်းဌေး၏ မေးစေ့၊ လည်ပင်း၊ ရင်သားတို့ကို တရကြမ်း လိုက်နမ်းနေတော့သည်။ ထိုနောက်တော့ သူသည်ခင်သန်းဌေး၏ကိုယ်လုံးကလေးကို သိမ်းကျုံး ပွေ့ယူမလိုက်ပြီး နေရာမှ လှမ်းထွက်လိုက်သည်။

 

ထိုအခိုက် “ဟေ ဌေးရေ၊ ဌေး။ ဌေးရေ၊ ဘယ်ကလဲဟေ့” ဟူသော စမ်းစမ်းမြင့်တို့၏ တကြော်ကြော် ဟစ်အော်ခေါ်ဆိုနေသံက ရုတ်တရက် ထွက်ပေါ်လာလေသည်။

 

သည်တော့မှလည်း ခင်သန်းဌေး၏ ကိုယ်လုံးကလေးကို တအားသိမ်းကျုံး ပွေ့ဖက်ထားပြီး တစ်ဖက်ချုံကွယ်သို့ လှမ်းထွက်စပြုနေသော ဦးဝင်းအောင်သည် လန့်ဖျပ်သွားကာ တန့်ခနဲရပ်ပစ်လိုက်သည်။ သူ့လက်များကလည်း အမှတ်မထင် လျှော့ချလိုက်ပြီး သူ့မျက်နှာက ခေါ်သံများကြားရာ ဘက်ဆီသို့ လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။

 

ဤတွင်မှ သတိလစ်ခမန်း ချောက်ချားတုန်လှုပ်သွားသော ခင်သန်းဌေးမှာ ရုတ်ခြည်းသတိဝင်လာပြီး ယခုကဲ့သို့ အမြင်မတော်သည့်ရှုခင်းအား စမ်းစမ်းမြင့်တို့ ရုတ်တရက်မြင်တွေ့သွားမည်ကို သေမလောက်ကြောက်ရွံ့သွားရာ၊ မိမိကို သိမ်းကျုံး ပွေ့ဖက်ထားသော ဦးဝင်းအောင်၏လက်များ အရှိန်လျော့သွားသည်နှင့်တစ်ပြိုင်နက် ဦးဝင်းအောင်၏ ရင်ဘတ်ကြီးကို ကြောက်အားလန့်အားဖြင့် တအားဆောင့်တွန်းချလိုက်သည်။

 

“ဘိုင်း” ခနဲ ဟူသော အသံနှင့်အတူ ဦးဝင်းအောင်သည် ခြေရင်းရှိ စမ်းချောင်းရေထဲသို့ တလိမ့်ခေါက်ကွေး ကျသွားတော့သည်။

 

ယင်းသို့ တစ်ပြိုင်နက် ခင်သန်းဌေးသည် ဖိနပ်ကလေးကို ကပျာကယာပြေးစီး၊ စာအုပ်ကလေး ကောက်ကိုင်ကာ ချာခနဲလှည့်၍ ထိုနေရာမှ လျင်မြန်စွာ ပြေးထွက်ခဲ့တော့သည်။

 

 

[ ၃၃ ]

 

ပုပ္ပားမှပြန်လာပြီးသည့်နောက် ဦးဝင်းအောင်သည် ခင်သန်းဌေးတို့အိမ်ဘက်သို့ ခြေဦးမလှည့်သည်မှာ ရက်ပေါင်းအတော်ပင် ကြာခဲ့ပေပြီ။ ထိုအခါ ဦးမြမောင်၊ ဒေါ်လှတင်နှင့် မညွန့်မေတို့သည် ဦးဝင်းအောင်တစ်ယောက် ဘာ့ကြောင့် အိမ်သို့ မလာပါသနည်းဟု တစ်ဦးနှင့်တစ်ဦး မကြာခဏ မေးမြန်းကြရင်း ညည်းနေကြသည်။ ခင်သန်းဌေး အနေဖြင့်မူ ပုပ္ပားတွင် ဖြစ်ခဲ့ရသည့် မဖွယ်မရာကိစ္စကြောင့်သာ မိမိအား မျက်နှာပူ၍ ရုတ်တရက် မလာဝံ့သေးကြောင်း တပ်အပ်သေချာ သိငြားသော်လည်း မည်သို့မျှ ဖွင့်ဟ၍မပြောဆိုခဲ့ပေ။ နှုတ်ပိတ်ရေငုံ၍ သာနေခဲ့သည်။

 

ထိုကြောင့်လည်း မသိလိုက်မသိဘာသာ နေခဲ့သည်။ အမှန်မှာမူသည်ကဲ့သို့ ဦးဝင်းအောင် တစ်ယောက် အိမ်သို့မလာလေလေ ကြိုက်လေလ ဖြစ်ကာ ကျေနပ်ဝမ်းသာနေသူမှာ ခင်သန်းဌေးပင် မဟုတ်ပါလား။

 

“သမီးရေ၊ ဒီမှာ မောင်ဝင်းအောင် ရောက်နေတယ်ဟေ့။ လာပါဦး”

 

 တစ်ညတွင် ဒေါ်လှတင်သည် ဘုရားကိုးဆူ ကပ်သောအိမ်သို့သွားရာမှ အပြန်တွင် ဦးဝင်းအောင်အား တစ်ပါတည်း ခေါ်လာသည်ကို ကြားရသည်။ သို့သော် ခင်သန်းဌေးသည် မိမိအိမ်ခန်းထဲတွင် စာကြည့်နေရာမှ အိမ်ရှေ့သို့ ထွက်၍မတွေ့လိုက်ပေ။

 

“မောင်ဝင်းအောင်ကို ဟေ့၊ အတင်းဇွတ်ခေါ်ခဲ့ရတယ်။ ဒါတောင် အိမ်ထဲထိမလိုက်ပါဘူးဆိုပြီး ဇွတ်ငြင်းနေသေးလို့ ကားပေါ်က အတင်းဆွဲချခေါ်ခဲ့ ရတယ်”

 

မိခင် ဒေါ်လှတင်က အခြားအိမ်သားများအား ဆက်လက်ပြောနေသည့်အသံကို နောက်ထပ်ကြားနေရသည်။ တစ်ဖန် ဒေါ်လေး၏ အပြစ်တင်သံများကိုပါ ဆက်လက်ကြားနေရပြန်သည်။

 

“အောင်မယ်၊ ကိုဝင်းအောင်တို့များ ခုမှပဲ ကျွန်မတို့ဘက် မျက်စိလည်လာဖော်ရပေတော့တယ်။ ဘယ်လိုလဲဟင်။ တခြားမှာ လည်စရာအိမ်တွေ တိုးနေပြီလား” ဟု ဒေါ်လေး၏ စကားနာထိုးသံပါ ကြားနေ ရပြန်၏။

 

သို့သော် ဦးဝင်းအောင်ကမူ မည်သို့မျှ ပြန်လှန်၍ပြောဆိုနေသံကို မကြားရပေ။ တဟဲဟဲ ရယ်နေသံကိုသာ ကြားနေရသည်။

 

ထိုနောက်တော့ ဦးဝင်းအောင်သည် ရှေးယခင်များကကဲ့သို့ ဝင်ထွက်သွားလာနေပြန်သည်။ တစ်ခါတစ်ရံ ခင်သန်းဌေးသည် သူ့ကို မျက်နှာချင်းဆိုင်တွင် အမှတ်မထင်ဆိုသလို တွေ့လိုက်ရ၏။ ထိုအခါတွင် ဦးဝင်းအောင်သည် ခင်သန်းဌေးအား တောင်းပန်လိုသည့်သဘောဖြင့် စကားပြောလိုကြောင်း သူ့မျက်နှာက ဖော်ပြနေသည်။ နှုတ်ဆက်မည့်၊ စကားပြောမည့် ဟန်မျိုးဖြင့် တကဲကဲဖြစ်နေသည်။ သို့သော် ခင်သန်းဌေးကသူ့ကို မျက်နှာခပ်တင်းတင်းထား၍ ကြည့်လိုက်ပြီး တခြားသို့ မျက်နှာကို ရုတ်ခြည်းလွှဲပစ် လိုက်ကာ ရှောင်ထွက်ခဲ့သည်။

 

ဤအခြေအနေများကို ရိပ်စားလာမိသော ဒေါ်လှတင်သည် ဦးဝင်းအောင်အား သမီးနှင့် ရန်ဖြစ်ထားကြသလား၊ စိတ်ကောက်နေကြသလား စသည်ဖြင့် မေးနေသည့်အသံကို ခင်သန်းဌေးသည် အမှတ်တမဲ့ဆိုသလို ကြားနေရ၏။ ဦးဝင်းအောင်ကမူ မည်ကဲ့သို့ ပြန်ပြောသည်ဟုတော့ မသိရပေ။

 

ယင်းသည့်နောက်ဝယ် ဒေါ်လှတင်သည် သမီး ဖြစ်သူ ခင်သန်းဌေးအား တိုးတိုးကျိတ်ကျိတ်ဖြင့် စကားဆိုလာတော့သည်။

 

“သမီးရဲ့၊ ဒီလောက်တောင် စိတ်ကောက်နေရရင် တော်ရော့ပေါ့။ သူ့ခမျာအားနာစရာကြီးပါဟယ်။ မေမေတို့ သမီးတို့လည်း ခင်ရှာပါတယ်။ တခြား နေရာမှာ မခေါ်ချင်တောင်မှ ကိုယ့်အိမ်လာတဲ့အခါ မှာတော့ အိမ်ရှင်ဝတ္တရားအနေနဲ့ ခေါ်ခေါ်ပြောပြော လုပ်မှပေါ့။ ခုတော့ သမီးဟာက သိပ်ရိုင်းရာကျတာ ပဲ။ မောင်ဝင်းအောင် ရောက်လာရင် ထသွားတာ ချည်းပဲ။ ဒါဟာ မိကောင်းဖခင်သားသမီးတစ်ယောက် ရဲ့ အပြုအမူမဟုတ်ဘူးနော်”

 

ဦးဝင်းအောင်က ဒေါ်လှတင်တို့အား မည်သို့သော လုပ်ဇာတ်ခင်းထားသည်ကိုတော့ မသိရပေ။ ခင်သန်းဌေးကတော့မူ မည်သို့မျှ ကျိုးကြောင်း ဖြစ်ရပ်ကို ရှင်းလင်းမပြခဲ့။ သို့ရာတွင် ကြားမှ ဒေါ်လှတင်သည် သမီးဖြစ်သူနှင့် မတော်ရသေးသော သမက်လောင်းတို့၏ တင်းမာနေမှုကို သင်ပုန်းချေ၍ ငြိမ်းချမ်းရေးရယူကြရန်သာ တွင်တွင်ကြီး စေ့စပ်ရေး လုပ်နေတော့သည်။ သို့တစေ ခင်သန်းဌေးကမူ မိခင်လုပ်သူအား မည်သို့မျှ ကျိုးကြောင်းဆင်ခြေ ပြ၍ ငြင်းဆိုကန့်ကွက်ခြင်း ပြုမနေတော့ပေ။ ဦးဝင်းအောင်ကိုသာ မျက်နှာချင်းမဆိုင်မိအောင် ကြိုးစား၍ ရှောင်နေတော့သည်။

 

ထိုအခါ ဦးဝင်းအောင်သည် သူ့အပေါ်တွင် ခင်သန်းဌေးက သည်မျှအထိ မကျေနိုင်မချမ်းနိုင်ဘဲ မဆက်ဆံလိုသော အခြေအနေလက္ခဏာများကို ရိပ်စားလာမိဟန်တူသည်။ တွေ့ဆုံစကားပြောနိုင်ဖို့ ဆက်လက်မကြိုးစားတော့ပေ။ သို့ရာတွင် မိဘများ ဖြစ်သော ဦးမြမောင်၊ ဒေါ်လှတင်ကိုမူ ရှေးကထက် ပိုမို၍ ရင်းရင်းနှီးနှီး ဆက်ဆံလာသည်။ လိုက်လျောမှု များ ပြုလာသည်။ တိုးတိုးတိတ်တိတ်ဖြင့် ဘာတွေ ပြောမှန်းမသိ ပြောနေသည်ကိုတော့ ခင်သန်းဌေးက တွေ့မြင်လာရသည်။

 

သည်နောက်တော့ ဒေါ်လှတင်သည် ခင်သန်းဌေး နှင့် ကိုအေးဆွေတို့၏ ဆက်ဆံပြုမူပုံများကို စုံစမ်းလာတော့သည်။ စစ်ဆေး လာတော့သည်။ ကိုအေးဆွေတို့၏ ဘုံထန်းတောစုပေါင်းလုပ်ငန်းဌာနသို့လည်း အပျိုအရွယ်လေး တစ်ယောက်အနေဖြင့် သွားလာဝင်ထွက်ခြင်း မပြုသင့်ကြောင်း စသည်ဖြင့် တားမြစ် ပိတ်ပင်လာတော့သည်။

 

အမှန်မှာ ကိုအေးဆွေတို့ ဘုံထန်းတော စုပေါင်းလုပ်ငန်းဌာနသို့သွားသည် ဆိုသည်ကလည်း ခင်သန်းဌေး တစ်ယောက်တည်းအနေဖြင့် သွားလာဝင်ထွက်နေခြင်းတော့ မဟုတ်ပေ။ တစ်ခါတစ်ရံသာ တစ်ဦးတည်း သွားလာမိခြင်းဖြစ်၏။ အများအားဖြင့်မူ အဖော်တစ်ဦးနှစ်ဦးတော့ ပါသွားစမြဲဖြစ်သည်။ သွားသည်ဆိုသည်ကလည်း တမင်တလုပ်တော့ သွားသည်မဟုတ်ပေ။ ကျောင်းသို့သွားရင်း ကျောင်းချိန်စောနေသည့်အခါ ခဏတစ်ဖြုတ် ဝင်သွားမိသလို ကျောင်းဆင်းတွင်လည်း ကျောင်းကြိုမြင်းလှည်း အလာနောက်ကျသည့်အခါမှသာ လမ်းလျှောက်ထွက်လာရင်း မြင်းလှည်းစောင့်ရင်း ဆိုသလို ဝင်မိကြခြင်းဖြစ်၏။

 

ကိုအေးဆွေကလည်း ခင်သန်းဌေးတို့ ဝင်ရောက် လာသည်ဆိုလျှင်ပင် ပျာပျာသလဲ ဆီးကြိုနှုတ်ဆက်ရှာသည်။ ဂရုတစိုက် ဧည့်ခံပြုစုရှာသည်။ အာလာပသလ္လာပဆိုသလို ဟိုအကြောင်း သည်အကြောင်း စသည်ဖြင့် ပြောရင်း အချိန်ကုန်ခဲ့ကြသည်။

 

ဆက်လက်ဖော်ပြပါမည်။