ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမှတ်စဉ်(၂/၂၀၁၉) အစည်းအဝေး ကျင်းပ

နေပြည်တော်  ၅  နိုဝင်ဘာ

 

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၉)ကို   ယနေ့နံနက် ၁၀ နာရီက  နေပြည်တော်ရှိ  ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အဖွင့်အမှာစကားပြောကြားသည်။

 

အစည်းအဝေးတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ငွေကြေး ဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ဝင်းသိန်း က ယခင် ပြုလုပ်ခဲ့သည့် အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၉)ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှု၊ ၂၀၁၉ ခုနှစ်အတွင်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အမှုစစ်ဆေး နေမှုနှင့် နိုင်ငံ့ဘဏ္ဍာ သိမ်းဆည်းနိုင်မှု၊ နည်းပညာပိုင်းဆိုင်ရာ လိုက်နာမှုနှင့် လက်ငင်းရလဒ်များ အပေါ် ဌာနအဖွဲ့အစည်းအသီးသီးက ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ် (To Do List) နှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ငွေကြေး ဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) ၏ စံနှုန်း သတ်မှတ်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရှေ့လုပ်ငန်း အစီအစဉ်များ ဆွေးနွေးရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူများက  ဖြည့်စွက်ဆွေးနွေး ခဲ့ကြသည်။

 

အစည်းအဝေးကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ အဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ  တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

 

(ရဲပြန်ကြား)