ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများ ပြန်လည်သုံးသပ်ခြင်းနှင့် အမျိုးသားအဆင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ပူးပေါင်း၍ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများ ပြန်လည်သုံးသပ်ခြင်းနှင့် အမျိုးသားအဆင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်၊ Hilton ဟိုတယ်၌ ကျင်းပသည်။
 
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဝင် ဗိုလ်ချုပ်အောင်သူက မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်၏ တိုးတက်မှု ဆောင်ရွက်မှု အခြေအနေများ၊ ဥပဒေမူဘောင်များ ပိုမိုတိုးတက်ခိုင်မာအောင် သုံးသပ်ဆောင်ရွက်ရန်၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲ ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်အောင် အလေးထားဆောင်ရွက်ရန်များကို မှာကြားသည်။
 
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကိုယ်စား AML/CFT ဆိုင်ရာ ကျွမ်းကျင်သူပညာရှင် Ms. Francisca Fernando မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရသည့် အကြောင်းအရင်းများ၊ မြန်မာနိုင်ငံ၏ AML/CFT စနစ် ပိုမိုတိုးတက်အောင်ဆောင်ရွက်ရန် အထောက်အကူပေးမည့် အစီအစဉ်များ၊ မဟာဗျူဟာရေးဆွဲနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြသည်။
 
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ် ကျော်ဝင်းသိန်းနှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနနှင့် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံရှေ့နေအသင်း၊ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်း၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၅)ဦးခန့် တက်ရောက်သည်။ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
 
(သတင်းစဉ်)