ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်ရေးစကားဝိုင်းကျင်းပ

တာရာ၊ ကေကေ၊ ဓာတ်ပုံ-သူရဇော်

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်ရေးစကားဝိုင်းတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် ကျော်ဝင်းသိန်း၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းတို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်။

အစီအစဉ်မှူး။ ။ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနဲ့ စပ်လျဉ်းပြီး နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးနဲ့ ပတ်သက်ပြီး တံခါးဖွင့်ဝါဒကို ကျင့်သုံးလာတာနဲ့အမျှ အခွင့်အလမ်းတွေ ပေါ်ပေါက်လာသလို စိန်ခေါ်မှုတွေလည်း ရှိလာပါတယ်။ လက်ရှိမှာ ဘယ်လိုအခွင့်အလမ်းတွေ၊ စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာ ဒုတိယဝန်ကြီးအနေနဲ့ အရင်ဆုံး ဆွေးနွေးပေးစေလိုပါတယ်။

ဒုတိယဝန်ကြီး။ ။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ အမြဲတမ်းလိုလို ကြုံတွေ့ရတာက စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အမြဲတမ်းယှဉ်တွဲပြီး ကြုံတွေ့ရတဲ့ စိန်ခေါ်မှုကတော့ တည်ငြိမ်မှုကို ထိပါးလာတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ ဥပမာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက လိုတာထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြင့်မားလာတယ်ဆိုရင် ငွေကြေးဖောင်းပွမှု (Inflation) ကလည်း လိုက်လာတတ်ပါတယ်။ ငွေကြေးဖောင်းပွမှု လိုက်လာရင် စီးပွားရေးဝန်းကျင် တည်ငြိမ်မှုကို ထိပါးလာတဲ့သဘောရှိပါတယ်။ အဲဒီလိုပဲ စီးပွားရေး တံခါးဖွင့်ဝါဒ ကျင့်သုံးလိုက်တဲ့အခါမှာ အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေ အများကြီးရလာပါတယ်။ တစ်ပြိုင်တည်းမှာပဲ စိန်ခေါ်မှုတွေ အများကြီးကြုံလာ ရတတ်ပါတယ်။

ဥပမာဆိုရရင် နိုင်ငံတစ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် တံခါးဖွင့် လိုက်တယ်ဆိုရင် နိုင်ငံတကာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တစ်ဟုန်ထိုး ဝင်လာတတ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဝင်လာတဲ့အခါ တာဝန်ယူမှု၊ တာဝန်ခံ မှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှု (Responsible Investment) တွေ ဝင်လာနိုင်သလို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဝင်လာနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အမြဲတမ်းပြောနေတာကတော့ တံခါးဖွင့်လိုက်ရင် လေကောင်းလေသန့် ဝင်လာနိုင်တာဖြစ်သလို ယင်ကောင်တွေလည်း ဝင်လာနိုင်တာပဲ၊ ယင်ကောင်ဝင်လာမှာကြောက်တဲ့အတွက် တံခါးပိတ်လိုက်ရင် လေကောင်းလေသန့် ရလာမှာမဟုတ်ပါဘူး။

အဲဒီလို တံခါးဖွင့်လိုက်ပြီဆိုတာနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာသလို နိုင်ငံတကာ အထောက်အပံ့အကူအညီတွေလည်း ဝင်လာပါတယ်။ အဲဒါကို Development Assistant လို့ ခေါ်ပါတယ်။ နိုင်ငံတကာ အထောက်အပံ့အကူအညီတွေကို နိုင်ငံအများစု ပေါင်းစပ်ထားတဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်တွေ (Multilateral Development Partner) လို့လည်းခေါ်တဲ့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် စတဲ့အဖွဲ့အစည်းတွေရှိသလို နိုင်ငံတစ်ခုချင်းက အကူအညီပေးတဲ့ Bilateral Development Partner တွေလည်း ရှိပါတယ်။ ဒီလို အကူအညီတွေကိုပေးတဲ့အခါ အကောင်အထည်ဖော်ရမယ့် အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ ဒီအဖွဲ့အစည်းတွေကတော့ NGO ၊ INGO နဲ့ CSO လို့ခေါ်တဲ့ လူမှုအဖွဲ့အစည်းတွေ ပါပါတယ်။

တံခါးဖွင့်လိုက်တဲ့အခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတယ်၊ နိုင်ငံခြားအကူအညီ အထောက်အပံ့တွေ ဝင်လာတယ်။ ဒီအကူအညီ အထောက်အပံ့တွေကို အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေက အကောင်အထည်ဖော်ပါတယ်။ ဒါပေမယ့် ဒီအခွင့်အလမ်းတွေ အများကြီးရလာတယ်ဆိုပေမယ့် စိန်ခေါ်မှုတွေကလည်း ပါလာပါတယ်။ အဲဒီစိန်ခေါ်မှုတွေက ဘာတွေလဲဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို အခွင့်အရေးယူ အသုံးချပြီး အလွဲသုံးစားလုပ်ပြီး ဖွံ့ဖြိုးမှုအကူအညီတွေကို အကောင်အထည်ဖော်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ NGO၊ INGO နဲ့ CSO တွေကိုလည်း အသုံးချပြီး နိုင်ငံတကာ ရာဇဝတ်မှုတွေ ကို ကျူးလွန်နေတဲ့၊ ငွေကြေးခဝါချမှုနဲ့အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှု ကျူးလွန်နေတဲ့အဖွဲ့တွေက အသုံးချဆောင်ရွက်နေတာကိုလည်း ကြုံရတတ်ပါတယ်။

အဲဒီလို အသုံးချခံ ဖြစ်မသွားအောင်၊ ကျွန်တော်တို့ကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို အသုံးမချနိုင်အောင်လို့ ကာကွယ်တားဆီးရမယ့် လုပ်ငန်း စဉ်ဟာလည်း ကျွန်တော်တို့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။ နိုင်ငံတကာမှာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုအတွက် ဘယ်လို အားနည်းချက်တွေရှိသလဲ၊ ဘယ်လို ကုစားနိုင်မလဲဆိုတာ စောင့်ကြည့်နေတဲ့ Financial Action Task Force(FATF) လို့ခေါ်တဲ့ ငွေကြေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးအရေးယူမှုတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့ရှိပါ တယ်။ ဒီအဖွဲ့အောက်မှာမှ ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Asia Pacific Group ဆိုတာ ရှိပါတယ်။ ဒီအဖွဲ့က ကျွန်တော်တို့ဆီမှာ အဖွဲ့ဝင်နိုင်ငံ အချင်းချင်း အပြန်အလှန်အကဲခတ်မှု (Mutual Evaluation) ဆိုတဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီလိုဆောင်ရွက်ပြီး ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုအပေါ် ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ လိုက်နာမှုအားကောင်းဖို့အတွက် Action Plan လုပ်ငန်းစဉ် ၉၉ ခုကို ချပေးခဲ့ပါတယ်။ ဒါတွေ ဆောင်ရွက်နိုင်မှသာ စိန်ခေါ်မှုကြီးတစ်ရပ်ကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်အနေနဲ့ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့ တော်တော်လေး ကြိုးစားခဲ့ရပါတယ်။ ကြိုးစားတဲ့အခါမှာလည်း ဒုတိယသမ္မတ ဦးဆောင်တဲ့ Steering Committee လို့ခေါ်တဲ့ ဦးဆောင်ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ ဦးဆောင်ကော်မတီကနေ လိုအပ်တဲ့ အမိန့်ကြေညာစာတွေကို နိုင်ငံတော် သမ္မတရုံးကနေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါအပြင် သက်ဆိုင်တဲ့ဌာန အဖွဲ့အစည်းတွေကနေ လိုအပ်တဲ့ညွှန်ကြားချက်တွေကိုလည်း ထုတ်ပြန်ခဲ့ပါ တယ်။ ဆောင်ရွက်ရမယ့်ကိစ္စတွေကိုလည်း လုပ်ငန်းစဉ်များနဲ့ ဆောင်ရွက်ခဲ့ရပါတယ်။ ဆောင်ရွက်ခဲ့တဲ့အခါ ဒုတိယသမ္မတတစ်ဦး ဦးစီးဆောင်ရွက်တာ ဖြစ်တဲ့အတွက် Technical Compliance လို့ခေါ်တဲ့ ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်တော်တော်များများကို ကျော်လွှားနိုင်ခဲ့ပါတယ်။

ဒါ့ပြင် Implementation Effectiveness (ထိရောက်မှုဆိုင်ရာ အကောင်အထည်ဖော်မှု) ကိုလည်း Immediate Outcomes-IO (လက်ငင်းရလဒ်) အပေါ် မူတည်တိုင်းတာတဲ့ စံနှုန်းတွေရှိပါတယ်။ အဲဒီလို ထိရောက်မှုဆိုင်ရာ အကောင်အထည်ဖော်မှုမှာလည်း သိသာတဲ့ရလဒ်တွေ နိုင်ငံတော်ကနေ အများကြီးရခဲ့ပါတယ်။ အဲဒီလိုရခဲ့တဲ့အတွက် အဖွဲ့ဝင်အချင်းချင်း အပြန်အလှန်အကဲခတ် အစီရင်ခံစာမှာ ပါဝင်တဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် ၉၉ ခုကနေ နောက်ဆုံး ရှစ်ခုအထိသာ ကျန်တဲ့အထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီရှစ်ခုကိုလည်း အချိန်မီ ပြီးစီးအောင် အင်တိုက်အားတိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းကို တံခါးဖွင့် ဝင်လာတယ်ဆိုရင် နိုင်ငံတကာ စံနှုန်းတွေကို လိုက်နာရမှာဖြစ်ပါတယ်။ အဲဒီလို လိုက်နာနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ အဆင်သင့်ဖြစ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာစံနှုန်းတွေ လိုက်နာရန် အဆင်သင့်ဖြစ်ဖို့ကလည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။

အဲဒီတော့ တိုင်းပြည်တံခါးဖွင့်ရင် အခွင့်အလမ်းတွေ ပေါ်လာတယ်၊ အဲဒီ အခွင့်အလမ်းတွေနဲ့အတူ စိန်ခေါ်မှုလည်း ပေါ်လာတယ်။ ဒီစိန်ခေါ်မှုတွေကို အခက်အခဲအဖြစ် မယူဆဘဲ စွမ်းအားဖြစ်စေတဲ့ တွန်းအားတစ်ရပ်ဖြစ်တယ်လို့ ခံယူကြိုးစားနိုင်မယ်ဆိုရင် နိုင်ငံတကာစံနှုန်းနဲ့ညီတဲ့ နိုင်ငံတကာအသိုင်းအဝိုင်း ကို ဝင်ဆံ့နိုင်တဲ့စနစ်တစ်ခုကို တည်ဆောက်သွားနိုင်မယ်လို့ ထင်ပါတယ်။

အစီအစဉ်မှူး။ ။ ဒုတိယအနေနဲ့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို မေးမြန်းလိုပါတယ်။ NGO၊ INGO အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ နေရာမှာ ပါဝင်နေတဲ့အတွက် သူတို့ အသုံးချခံမဖြစ်အောင် ကာကွယ်မှု ဘယ်လိုရှိတယ်ဆိုတာ မျှဝေစေလိုပါတယ်။

ဦးမင်းထွဋ်။ ။ အကျိုးအမြတ်ရယူခြင်းမရှိတဲ့ အဖွဲ့အစည်းတွေအပေါ်မှာ သူတို့ရရှိတဲ့ ဝင်ငွေကိုလည်း ဘာသာရေး သို့မဟုတ် ကုသိုလ်ရေး သက်သက်ကိုပဲ ပြန်သုံးမယ်ဆိုရင် အဲဒီဝင်ငွေအပေါ်မှာ အခွန်ကောက်ခံခြင်း မရှိပါဘူး။ အခွန်ကင်းလွတ်ခွင့် ပေးထားပါတယ်။ အခွန်ထမ်းတွေအနေနဲ့လည်း အကျိုးအမြတ်ရယူခြင်းမရှိတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းတယ်ဆိုရင် အဲဒီအခွန်ထမ်းတွေရဲ့ စုစုပေါင်းဝင်ငွေကနေ ၂၅ ရာခိုင်နှုန်းထက် မပိုတဲ့ငွေကို စရိတ်အဖြစ် ခွင့်ပြုပါတယ်။ သို့သော်လည်း ကန့်သတ်ချက်တော့ ရှိပါတယ်။ ကန့်သတ်ချက်က အဲဒီအကျိုးအမြတ် ရယူခြင်းမရှိတဲ့ အဖွဲ့အစည်းဆိုတာ နိုင်ငံတော်အဖွဲ့အစည်း အဆင့်ဆင့်ကနေ ကမကထပြုသော သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းဖြစ်ဖို့ လိုပါတယ်။ ဒါကတော့ အကျိုးအမြတ် ရယူခြင်းမရှိတဲ့ အဖွဲ့အစည်းတွေအပေါ်မှာ ဝင်ငွေခွန်နဲ့ ပတ်သက်ပြီး အခွန်ကင်းလွတ်ခွင့် ပေးထားတာပါ။
ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ပတ်သက်ပြီးတော့ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၈ (ခ) (၁) မှာ ပြည်ထောင်စုအစိုးရက အောက်ဖော်ပြပါကိစ္စများနှင့် စပ်လျဉ်း၍ ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပေးခြင်းပြုလုပ်နိုင်တယ် လို့ ပြဋ္ဌာန်းပါရှိပါတယ်။

ပြည်တွင်းပြည်ပအလှူရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံတော်အတွင်း လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များအတွက် လှူဒါန်းသည့် ကုန်စည်များ၊ နောက်တစ်ခုက အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၉ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် ၅ အရ ပြည်တွင်း ပြည်ပအလှူရှင်များမှ ပြည်တွင်း၌ လှူဒါန်းရန် လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များအတွက် တင်သွင်းသော သို့မဟုတ် ပြည်တွင်း၌ ထုတ်လုပ်သော အထူးကုန်စည်များ အပေါ်မှာ ကင်းလွတ်ခွင့်ပေးထားပါတယ်။

ဒါကို ပြန်ပြောရရင် နိုင်ငံတော်အနေနဲ့ အကျိုးအမြတ်ရယူခြင်းမရှိတဲ့ အဖွဲ့အစည်းတွေကို အခွန်ဆိုင်ရာကင်းလွတ်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း တချို့သောသူတွေက ဒီအဖွဲ့အစည်းတွေကို အကာအကွယ် ယူပြီးတော့ ငွေကြေးခဝါချမှုလည်း ဖြစ်လာနိုင်ပါတယ်။

အဲဒီတော့ ၂၀၁၉ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်တဲ့ အခွန်စီမံအုပ်ချုပ်မှုဥပဒေဆိုတာလည်း အတည်ပြုပြီးဖြစ်ပါတယ်။ အဲဒီ ဥပဒေက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်ကစပြီး အသက်ဝင်နေပါပြီ။ အဲဒီဥပဒေ ပုဒ်မ ၃(က) မှာ အခွန်ထမ်းနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိပါတယ်။

အဲဒီမှာအခွန်ထမ်းဆိုတာ အခွန်ဥပဒေတစ်ရပ်ရပ်အရ ကျသင့်တဲ့ အခွန် ကို ပေးဆောင်ရန် တာဝန်ရှိသူအပြင် ပင်ရင်းက နုတ်ယူပြီး ဦးစီးဌာနကို ပေးသွင်းရန် တာဝန်ရှိသူလို့လည်းပါတယ်လို့ ပြောထားပါတယ်။ ဆိုလိုတဲ့ သဘောက ကိုယ်တိုင်အခွန်ပေးဖို့ တာဝန်ရှိသူလည်း ဖြစ်မယ်။ ဒါမှမဟုတ် ကိုယ်က အခွန်ပေးဖို့ တာဝန်မရှိဘူး။ သို့သော်လည်း ပင်ရင်းကနေနုတ်ယူပြီး ငွေပေးချေတဲ့အချိန်မှာ အခွန်ပေးသွင်းရမယ်ဆိုရင်လည်း အခွန်ထမ်းလို့ ဆိုပါတယ်။

ဥပမာနဲ့ တင်ပြရမယ်ဆိုရင် အကျိုးအမြတ်ရယူခြင်းမရှိတဲ့ အဖွဲ့အစည်းတွေမှာ ဝန်ထမ်းတွေ ရှိပါတယ်။ အဲဒီဝန်ထမ်းတွေကို လစာတွေ ပေးထားရပါတယ်။ တစ်နှစ် ဝန်ထမ်းတွေရဲ့ လစာသည် ၄၈ သိန်းကျော်တယ်ဆိုရင် ဝင်ငွေ ခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီဝင်ငွေခွန်ပေးဆောင်ရမယ့် ဝန်ထမ်းတွေကို လစာပေးတဲ့အချိန်မှာ နုတ်ယူပေးသွင်းပြီးတော့ ပြည်တွင်းအခွန်များ ဦးစီးဌာနကို ပေးသွင်းရမှာဖြစ်ပါတယ်။ အခုလည်း ပေးသွင်းလျက် ရှိပါတယ်။ ကျွန်တော်တို့ ရရှိတဲ့ စာရင်းဇယားအရဆိုရင် အကျိုးအမြတ်ရယူခြင်းမရှိတဲ့ အဖွဲ့အစည်းတွေကနေ နှစ်စဉ်လစာပေါ်မှာ ဝင်ငွေခွန်ပေးဆောင်တာ ကျပ် ၁၀ ဘီလီယံလောက် ရှိပါတယ်။

နောက်တစ်ခုကတော့ အခွန်စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၉ မှာ အခွန်ထမ်း တစ်ယောက်ချင်းကို အခွန်မှတ်ပုံတင်နံပါတ်တွေ ထုတ်ပေးရမယ်ဆိုတာလည်း ပါပါတယ်။ နောက် ပုဒ်မ ၂၂ မှာကတော့ အဲဒီအခွန်ထမ်းတွေက ဝင်ငွေနှစ် ကုန်ဆုံးပြီး ရက်ပေါင်း ၉၀ အတွင်းမှာ ကျွန်တော်တို့ဆီကို ဝင်ငွေကြေညာလွှာ တင်သွင်းဖို့ လိုပါတယ်။ ဆိုလိုတဲ့သဘောကတော့ ကျွန်တော်တို့မှာ ပုံစံလည်း ရှိပါတယ်။ ဥပမာ အဖွဲ့အစည်းတွေက ရရှိတဲ့ငွေတွေက ဘာဖြစ်တယ်၊ သုံးတာက ဘာဖြစ်တယ်၊ လက်ကျန်ရှိတယ်၊ မရှိဘူး၊ ပြီးတော့ ပုံသေပိုင်ပစ္စည်းက ဘာတွေပါဆိုတာ၊ လှူဒါန်းတဲ့ ငွေဆိုရင်လည်း စာရင်းပူးတွဲပေးရင် အခါအား လျော်စွာ စစ်ဆေးပြီး ငွေကြေးခဝါချမှုတွေကို ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီးတော့လည်း လုပ်ထုံးလုပ်နည်းကို အမိန့်ကြေညာစာထုတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ရွေးချယ်တင်မြှောက်တဲ့ အစိုးရတွေ ပေါ်ပေါက်လာပြီးတဲ့နောက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကနေ မြန်မာနိုင်ငံကို လှူဒါန်းတာ၊ ထောက်ပံ့တာ အများကြီး ရှိလာပါတယ်။ အဲဒီထဲမှာ တချို့က နိုင်ငံခြားငွေနဲ့ ထောက်ပံ့တာလည်း ရှိပါတယ်။ နိုင်ငံခြားငွေနဲ့ ထောက်ပံ့တာတွေမှာ လိုအပ်တဲ့ စိစစ်မှုတွေကို ဆောင်ရွက်ပေးရတဲ့အတွက် တချို့လည်း အနည်းငယ်ကြန့်ကြာမှုရှိတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။

အစီအစဉ်မှူး။ ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ရော ပြည်ပက လှူဒါန်းမှုတွေအပေါ် စိစစ်တဲ့အခါမှာ ကြန့်ကြာမှုတွေဖြစ်ပေါ်နေတာ ဘာကြောင့်ဆိုတာ ဆွေးနွေးပေးပါ။

ဒေါ်မေတိုးဝင်း။ ။ ကျွန်မ ပထမဦးစွာ ဆွေးနွေးလိုတာက ကျွန်မတို့နိုင်ငံရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုအကြောင်းပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားသုံးငွေကို စီမံခန့်ခွဲတာက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေဖြစ်ပါ တယ်။ အဲဒီဥပဒေနဲ့ တစ်ဆက်တည်း စည်းမျဉ်းဆိုတာလည်း ထုတ်ပြန်ထားပါတယ်။ ဒီဥပဒေနဲ့ စည်းမျဉ်းကို ကိုင်တွယ်ကျင့်သုံးတဲ့ အဖွဲ့အစည်းကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဖြစ်ပါတယ်။

ဒီဥပဒေနဲ့စည်းမျဉ်းအရ သာမန်အသုံးစရိတ်လို့ခေါ်တဲ့ Current Account Transaction တွေဖြစ်တဲ့ Trade နဲ့ ပတ်သက်ပြီး ကုန်သွယ်မှုအတွက် ပေးချေမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ပြန်ရချက်တွေ၊ နိုင်ငံသို့ ဝင်တာထွက်တာတွေကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုထားပါတယ်။ ဒီကိစ္စတွေကို ဗဟိုဘဏ်ကို တင်ပြစရာမလိုပါဘူး။ ဒီနေ့ဆွေးနွေးတဲ့ အကြောင်းအရာဖြစ်တဲ့ အမြတ်အစွန်းကို အဓိကမထားတဲ့ အဖွဲ့အစည်းတွေရဲ့ လှူဒါန်းငွေတွေနဲ့ပတ်သက်လို့ ဥပဒေအရ တစ်ဖက်သတ်လွှဲပြောင်းမှုများလို့ခေါ်ပါတယ်။

အဖွဲ့အစည်းတွေကို အမျိုးမျိုးသော လှူဒါန်းငွေတွေ နိုင်ငံခြားငွေတွေနဲ့ ဝင်လာပါတယ်။ အမေရိကန်ဒေါ်လာ တစ်သောင်းနှင့် အောက်နဲ့ညီမျှတဲ့ ပမာဏဆိုရင် ဗဟိုဘဏ်ကို တင်ပြစရာ မလိုပါဘူး။ နိုင်ငံခြားသုံးငွေရောင်းဝယ် ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ပေးထားတဲ့ဘဏ်များ (AD ဘဏ်) တွေက တစ်ဆင့် လွတ်လပ်စွာဆောင်ရွက်နိုင်ပါတယ်။ ဘဏ်တွေက စိစစ်စရာရှိတာတော့ စိစစ်ရပါတယ်။

အမေရိကန်ဒေါ်လာ တစ်သောင်းအထက်နှင့် ညီမျှတဲ့ ပမာဏဆိုရင်တော့ ဗဟိုဘဏ်ကို တင်ပြရပါတယ်။ ကျွန်မတို့ဆီကို တင်လာပြီဆိုရင်တော့ အရင်ဦးဆုံး ဘဏ်တွေက ငွေကိုလက်ခံမယ့်သူရဲ့ အချက်အလက်တွေကို စိစစ်ရတာ တွေရှိပါတယ်။ Know Your Customer တို့၊ Customer Due Diligence တို့ အရ စစ်ဆေးရပါတယ်။ ပြီးလို့ ကျွန်မတို့ဗဟိုဘဏ်ကို တင်ပြလာပြီဆိုရင်လည်း စိစစ်ပါတယ်။ ဘယ်လိုစိစစ်သလဲဆိုတော့ ဒီငွေတွေကို သူတို့ပြောတဲ့ လုပ်ငန်းစီမံချက်တွေမှာ တကယ်သုံးစွဲနေခြင်း ရှိ/မရှိ၊ ငွေရရှိရာ ဇာစ်မြစ်ဟာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေး ထောက်ပံ့မှုတို့ကနေ ကင်းရှင်းခြင်း ရှိ/မရှိ တို့ကို စစ်ပါတယ်။

ဘာဖြစ်လို့ ဒီလိုစိစစ်ရသလဲဆိုတော့ တရားမဝင်တဲ့ လုပ်ရပ်တွေဖြစ်တဲ့ ငွေကြေးခဝါချတာတို့ အကြမ်းဖက်ငွေကြေးထောက်ပံ့တာတွေက ဘဏ်လုပ်ငန်းစနစ်ကို အသုံးပြုပြီး ဝင်ရောက်လာမှာစိုးလို့ ဖြစ်ပါတယ်။ အဓိကကတော့ ဒီငွေတွေကိုသုံးပြီး အကြမ်းဖက်ငွေကြေးထောက်ပံ့တာကို ကျူးလွန် ကြမှာစိုးတဲ့အတွက် တားဆီးဖို့အတွက် စိစစ်ရတာဖြစ်ပါတယ်။ အဲဒီလို စိစစ်ရတဲ့အတွက် အချိန်နည်းနည်း ကြာပါတယ်။ အများဆုံး နှစ်ပတ်လောက် ကြာပါတယ်။

ကျွန်မတို့ သုံးသပ်ရရှိတာကတော့ အမြတ်အစွန်းမရတဲ့ အဖွဲ့အစည်းတွေက မွန်မြတ်တဲ့လုပ်ငန်းတွေကို ကျွန်မတို့နိုင်ငံမှာ လုပ်နေကြတာ ဖြစ်ပါတယ်။ အဲဒီအတွက် သူတို့လှူဒါန်းငွေတွေကိုလည်း ကျွန်မတို့က အားပေးပါတယ်။ ဒါပေမယ့် ဒီလှူဒါန်းငွေတွေကို အသုံးချပြီး တရားမဝင်တဲ့ လုပ်ရပ်တွေ ဆောင်ရွက်တာကို တားဆီးနိုင်ဖို့အတွက် ဒီလိုစိစစ်တာတွေ လုပ်ရတာ ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းတွေက မွန်မြတ်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေကြတာ ဖြစ်တဲ့အတွက် သူတို့ကို သေသေချာချာ သတ်သတ်မှတ်မှတ် အသိအမှတ်ပြု တဲ့ အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ပြီးပြီဆိုရင်တော့ ဒီအဖွဲ့အစည်းတွေဟာ ပိုပြီးထင်သာမြင်သာရှိသွားမှာဖြစ်တဲ့အတွက် စိစစ်ရတာ ပိုမြန်ပြီး ပိုလွယ်ကူပါတယ်။ ဒီလိုအဖွဲ့အစည်းတွေကို အသိပညာပေးတာ၊ စည်းရုံးလှုံ့ဆော်တာတွေကို ဆောင်ရွက်သွားဖို့တော့ လိုအပ်ပါတယ်။

အစီအစဉ်မှူး။ ။ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့အနေနဲ့ရော ငွေကြေးခဝါချသူတွေနဲ့ အကြမ်းဖက်သူတွေအပေါ် ငွေကြေးထောက်ပံ့သူတွေက အကျိုးအမြတ်တွေ ရယူခြင်းမရှိတဲ့ NGO ၊ INGO တွေအပေါ် ဘယ်လိုအသုံးချနေပါသလဲ။ ဘယ်လိုစိစစ်တွေ့ရှိရပါသလဲ။

ရဲမှူးချုပ်ကျော်ဝင်းသိန်း။ ။ ပထမဦးဆုံးအနေနဲ့ ဒုတိယဝန်ကြီး ပြောသွားတဲ့ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ FATF က ထုတ်ထားတဲ့ စံနှုန်းတွေ (Standard) ရှိပါတယ်။ အဲဒီဟာ အချက် ၄၀ ရှိပါတယ်။ ကျွန်တော်တို့ကလည်း FATF ရဲ့ Regional Body ဖြစ်တဲ့ (APG - Asia Pacific Group) က အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒီစံနှုန်းတွေကို လေးစားလိုက်နာရမယ်။ အကောင်အထည်ဖော်ရမယ်ဆိုတဲ့ ကတိကဝတ်တွေရှိပါတယ်။

အဲဒီအကြံပြုချက် ၄၀ က အချက် ၈ မှာ NPO လို့ခေါ်တဲ့ အကျိုးအမြတ် မယူတဲ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး သီးခြားထုတ်ပြန်ထားတာ ရှိပါတယ်။ အချက် ၈ က ဘာတွေ ပြောထားသလဲဆိုတော့ ပရဟိတအဖွဲ့တွေဟာ နိုင်ငံ တွေ တစ်နံတစ်လျားမှာ ကောင်းရာကောင်းကျိုးတွေ လုပ်ကြတယ်။ သို့သော် သူတို့သည် အကြမ်းဖက်မှုနဲ့ အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့တဲ့ ကိစ္စတွေ၊ ငွေကြေးခဝါချခြင်းတွေအပေါ်မှာ အမြတ်ထုတ်နိုင်၊ အလွဲသုံးခံရနိုင်တဲ့ အန္တရာယ်ရှိတဲ့အဖွဲ့တွေဖြစ်တယ်လို့ သူတို့က သုံးသပ်ထားတယ်။

ဘယ်လိုအချက်တွေလဲဆိုရင် ပုံမှန်အားဖြင့်ဆိုရင် နံပါတ် ၁ က သူတို့အဖွဲ့တွေ အားလုံးဟာ အကြမ်းဖက်အဖွဲ့အစည်းတွေက တရားဝင်အဖွဲ့အစည်းတွေအဖြစ် ထူထောင်ထားတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဆိုလိုတာက အကြမ်းဖက်အဖွဲ့အစည်းပဲ သို့သော် သူကမှတ်ပုံတင်ပြီး တရားဝင်ဖွဲ့စည်း ထူထောင်ထားတယ်။ ဥပမာပြောပါဆိုရင် ကမ္ဘာကျော် Mumbai Attack မိုဘိုင်းမှာ တိုက်ခိုက်သွားတဲ့ Lashkar – e – Taiva ဆိုရင် အရင်တုန်းက ပါကစ္စတန်မှာ ထူထောင်ထားတယ်။ NGO အဖွဲ့အစည်းဖြစ်တယ်။ လူမှုရေး လုပ်ငန်းတွေလုပ်တယ်။ စိုက်ခင်းတွေ၊ မွေးမြူရေးခြံတွေလုပ်တယ်။ နောက်ပိုင်းတော့ သူက အကြမ်းဖက်မှုတွေကို အင်နဲ့အားနဲ့ ထောက်ပံ့နေတဲ့အကြမ်းဖက် Second Lineup လို့ အယ်လ်ကိုင်းဒါးရဲ့ Successor လို့တောင် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းဖြစ်လာခဲ့တယ်။

နောက်တစ်ချက်က သူက ပိုင်ဆိုင်မှုကို ထိန်းချုပ်တာတွေကို လွတ်ကင်းအောင်၊ အကြမ်းဖက် ငွေကြေးထောက်ပံ့တဲ့ လမ်းကြောင်းကို ဖုံးကွယ်ဖို့အတွက်ကို တရားဝင်ပရဟိတအသင်းတွေကို သူက အသုံးချတယ်။ ဆိုလိုတာက အကြမ်းဖက်မှုကို ထောက်ပံ့ချင်တဲ့အတွက် တရားဝင်ပရဟိတအသင်းတစ်ခုကို ငွေလှူတယ်။ ဒီငွေကို ဘယ်နေရာမှာ သုံးရမယ်ဆိုပြီး ချည်နှောင်တယ်။ သုံးစေ ချင်တဲ့နေရာသည် သူပေးချင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်မယ့်အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ ဖြစ်နေတယ်။ အဲဒါမျိုးကို အသုံးချလေ့ရှိတယ်။

တတိယအပိုင်းအနေနဲ့ကတော့ ဆောင်ရွက်တဲ့အခါမှာ ရည်ရွယ်တုန်းကတော့ တရားဝင်လုပ်ငန်းတွေဆောင်ရွက်ဖို့ ရည်ရွယ်ပြီး လှူဒါန်းတဲ့ငွေကို တခြားအကြမ်းဖက်တဲ့ လုပ်ငန်းတွေမှာ အသုံးချတယ်။ အဲဒီလို အသုံးချတာ တွေကို ရှိနိုင်တယ်လို့ လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံတွေဟာ ကိုယ့်နိုင်ငံထဲမှာရှိတဲ့ ပရဟိတအသင်းတွေ(NPO) တွေကို သေသေချာချာ သုံးသပ်စစ်ဆေးတဲ့စနစ် (Supervision)၊ စောင့်ကြပ်စစ်ဆေးတဲ့စနစ် (Moni-toring) တွေ၊ သူတို့ရဲ့ Registration တွေကို ကြပ်မတ်ဆောင်ရွက်ရမယ်။ သူတို့ရဲ့ လုပ်ငန်းနဲ့ ဘဏ္ဍာရေးကိစ္စတွေအားလုံးကိုလည်း ထင်သာမြင်သာရှိအောင် လုပ်ရမယ်ဆိုပြီး ပြဋ္ဌာန်းပါတယ်။ အဲဒီပြဋ္ဌာန်းချက်တွေနဲ့အညီ ကျွန်တော်တို့ကလည်း အကောင်အထည်ဖော်ဆောင်ရွက်ရတယ်။

ကျွန်တော်တို့ဟာ APG အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် APG က ၂၀၁၈ ခုနှစ်မှာ ကျွန်တော်တို့ နိုင်ငံကိုလာပါတယ်။ APG ရဲ့ စံနှုန်းတွေထဲမှာ အဖွဲ့ဝင် နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်တဲ့ လုပ်ငန်းစဉ်တွေဆိုတာ ရှိတယ်။ သူတို့ နိုင်ငံတွေကိုသွားပြီး အဖွဲ့ဝင်အဖြစ် အကဲဖြတ်ခဲ့ရတယ်။ သူတို့ကလည်း ကျွန်တော်တို့နိုင်ငံကို လာပြီး အကဲဖြတ်တယ်။ အဲဒီလိုအကဲဖြတ်ချက်တွေထဲ မှာ ကျွန်တော်တို့နိုင်ငံရဲ့ (Recommendation 8- R 8) မှာလည်း ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ပြဋ္ဌာန်းဥပဒေထဲမှာ စနစ်တကျ မှတ်ပုံတင်ခြင်း၊ ကြီးကြပ်တာ၊ စစ်ဆေးတာတွေ၊ လုပ်ငန်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိတာတွေ၊ နောက်ပြီး လေးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်တင်တဲ့ အစီရင်ခံစာတွေ၊ နှစ်ချုပ်စာရင်းစစ်ဆေးတာတွေကို ခိုင်ခိုင်မာမာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေမှာ အားနည်းတာတွေရှိတယ်လို့ သူတို့က ထောက်ပြတာတွေရှိတယ်။

သူတို့ရဲ့ ထောက်ပြချက်ကို စောစောက ဒုတိယဝန်ကြီးပြောတဲ့ အချက် ၉၉ ချက်မှာ တစ်ချက်ပါတဲ့အတွက် ဒါကိုလည်း Recover လုပ်တဲ့အနေနဲ့ အကုန်လုံးလုပ်ရမယ့်လုပ်ငန်းတွေ စုစည်းပြီး အမျိုးသားအဆင့်မဟာဗျူဟာကို ရေးဆွဲလိုက်တယ်။ ရေးဆွဲတဲ့ အထဲမှာ အပိုဒ် 1.3.3 မှာ ထည့်ထားတယ်။ အခုဆိုရင် ကျွန်တော်တို့မှာ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဥပဒေ ၂၀၁၄ ရှိပါပြီ။ အဲဒါကို ပြန်ပြီး သုံးသပ်နေတယ်။ ဒါနဲ့ ပတ်သက်ပြီး FATF က သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီ ကျွန်တော်တို့ရဲ့ Legal Framework တွေ၊ အဖွဲ့အစည်း ကြီးကြပ်စစ်ဆေးတာတွေ၊ စောင့်ကြည့်တာတွေ၊ စနစ်တကျမှတ်ပုံတင်ဖို့ ပျက်ကွက်တဲ့အခါ ဘယ်လိုအရေးယူဆောင်ရွက်တယ်ဆိုတာတွေ ပါဝင်အောင် ကျွန်တော်တို့ ပြန်ပြီး ဆောင်ရွက်နေပါတယ်။

အဓိက Focal အနေနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်တယ်။ Support Institution တွေကတော့ ရှေ့နေချုပ်ရုံး၊ ပြီးတော့ ကျွန်တော်တို့ FIU ဖြစ်ပါတယ်။ ကျွန်တော်တို့ပေါင်းပြီး ဒါကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

ဦးဆက်အောင်။ ။ အဓိက ရဲမှူးချုပ်ပြောသွားသလိုပါပဲ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုတာ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံတည်း လုပ်ရတဲ့ကိစ္စမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ၊ နိုင်ငံပေါင်းစုံမှာ လုပ်နေရတဲ့ ဆောင်ရွက်မှုတစ်ခု ဖြစ်ပါတယ်။ အဲဒီဆောင်ရွက်မှုမှာပါတဲ့ အဖွဲ့ဝင်နိုင်ငံအချင်းချင်းကို အပြန်အလှန်အကဲဖြတ်တဲ့ Mutual evaluation ကလည်း မြန်မာနိုင်ငံ တစ်နိုင်ငံတည်းကို လာလုပ်တာ မဟုတ်ပါဘူး။

အခြားနိုင်ငံတွေ Mutual evaluation လုပ်တဲ့အခါမှာလည်း မြန်မာနိုင်ငံကလည်း ပါဝင်ဆောင်ရွက်နိုင်တဲ့သဘောပါ။ ကျွန်တော်တို့ရဲ့ နိုင်ငံအတွက် အဖွဲ့ဝင်နိုင်ငံအချင်းချင်းကို အပြန်အလှန်အကဲဖြတ်ခြင်းကို ဆောင်ရွက်သွား တာက ၂၀၁၇ ခုနှစ်မှာ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ Mutual evaluation Report ထွက်လာပါတယ်။

မကြာခင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှာပဲ Mutual evaluation Report ကို တရုတ်နိုင်ငံမှာလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒေသတွင်းနိုင်ငံတွေတင်မဟုတ်ဘဲ အနောက် နိုင်ငံတွေမှာပါ အနည်းဆုံး ၅ နှစ်၊ ၆ နှစ်မှာ တစ်ကြိမ် Mutual evaluation ကို ဆောင်ရွက်ပါတယ်။ ဆောင်ရွက်တဲ့အခါ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှု အပေါ် ငွေကြေးထောက်ပံ့မှုတွေကို ဘယ်လိုတိုက်ဖျက်မယ်၊ တိုက်ဖျက်မှု လုပ်ငန်းစဉ်တွေက ဘယ်နေရာတွေ အားနည်းနေတယ်၊ အားနည်းနေတာတွေ ကို အားကောင်းအောင်ပြန်လုပ်ဖို့ Action Plan တွေကို ချမှတ်တာ ဖြစ်ပါတယ်။

အဲဒီလို လုပ်တဲ့အချိန်မှာ FATF လို့ ခေါ်တဲ့အဖွဲ့က Recommendation ၄၀ ချမှတ်ထားပါတယ်။ ဒီ Recommendation ၄၀ ကတော့ မြန်မာတစ်နိုင်ငံတည်း မဟုတ်ဘူး။ နိုင်ငံတကာက ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီ ၄၀ ကတော့ ဥပဒေဆိုင်ရာအားနည်းချက်တွေကို ပြုပြင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခေါ်တာတော့ Technical Compliance - TC လို့ ခေါ်ပါတယ်။ ဒါပေမယ့် ငွေကြေးခဝါချမှုတွေ၊ အကြမ်းဖက်မှုအပေါ် ငွေကြေးတိုက်ဖျက်မှုတွေက နိုင်ငံတကာမှာ ပုံစံအမျိုးမျိုး ပြောင်းလာတဲ့အတွက် ဥပဒေအားကောင်းအောင် လုပ်ရုံနဲ့မရတော့ဘဲ အကောင်အထည်ဖော်တဲ့နေရာမှာလည်း အားကောင်းအောင် နောက်ပိုင်းမှာ FATF က သူ့ရဲ့ စံချိန်စံညွှန်းကို ပိုပြီးတော့ တိုးမြှင့်တဲ့ စံချိန်စံညွှန်းကို ဆောင်ရွက်ခဲ့ပါတယ်။

ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်တွေကို အားကောင်းအောင် ဆောင်ရွက်ရုံတင်မကဘဲ Implementation Effectiveness ကို Immediate Outcome- IO ဆိုပြီး လက်ငင်းရလဒ် ၁၁ ခုကိုလည်း အားကောင်းအောင် ဆောင်ရွက်ရမယ် ဆိုတဲ့အပိုင်းတွေ ပါရှိလာပါတယ်။

အဲဒီတော့ တဖြည်းဖြည်းနဲ့ နိုင်ငံတကာမှာ ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ကလည်း ပုံစံတစ်မျိုးပြီးတစ်မျိုး ပြောင်းလာတာဖြစ်သလို နိုင်ငံတကာကြီးကြပ် ရေးအဖွဲ့ဖြစ်တဲ့ FATF ကလည်း နိုင်ငံတကာက ဆောင်ရွက်ရမယ့် တိုက်ဖျက် ရေးလုပ်ငန်းတွေကိုလည်း တဖြည်းဖြည်း ပိုမိုတင်းကျပ်တဲ့ ဆောင်ရွက်မှုတွေ ဆောင်ရွက်ရအောင် တင်းကျပ်လာပါတယ်။

အဲဒီတော့ ကျွန်တော်တို့တွေကလည်း နှစ်တိုင်းနှစ်တိုင်း ပိုပြီးတော့ ကောင်းအောင် ဆောင်ရွက်နေရတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံ အတွက် ၂၀၁၇ ခုနှစ်မှာ Mutual evaluation ကို ဆောင်ရွက်ခဲ့တယ်။ Mutual evaluation Report ကို ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်ခဲ့တယ်။

အဲဒီမှာ ကျွန်တော်တို့ အားနည်းချက်တွေကို ထောက်ပြခဲ့တယ်။ ဆောင်ရွက်ရမယ့် Action Plan ၉၉ ခုကို သတ်မှတ်ခဲ့တယ်။ အဲဒါတွေကို ကျွန်တော်တို့က ဆောင်ရွက်နေတယ်။ ဆောင်ရွက်တဲ့အခါမှာလည်း Technical Compliance အပိုင်းမှာရော IO အပိုင်းမှာပါ ဆောင်ရွက်နိုင်တာ ဖြစ်တဲ့အတွက် အခုကျွန်တော်တို့ ၈ ခုကျန်တယ်။ အဲဒီ ၈ ခုကိုလည်း ကျွန်တော်တို့ အမြန်ဆုံးဆောင်ရွက်နိုင်အောင် ကြိုးစားပါမယ်။
အဓိက ပြောချင်တာက ဒါတွေအကုန်လုံးက နိုင်ငံတကာမှာ ဆောင်ရွက် နေတဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ဒီလို ငွေကြေးခဝါချ မှုနဲ့ ပတ်သက်တာ၊ အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုတွေနဲ့ ပတ်သက် လာရင် အရင်တုန်းကတော့ နိုင်ငံတကာမှာလည်း Recommendation ၄၀ပဲ ရှိတယ်။ နောက်ပိုင်းမှာ နိုင်ငံတကာကလည်း ပိုပြီးတော့ တင်းကျပ်လာတာ ဖြစ်တဲ့အတွက် နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ကျွန်တော်တို့က ဆက်လက်ပြီး တော့ ဆောင်ရွက်နေရတဲ့အခြေအနေပဲ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ဟုတ်ကဲ့ပါရှင်၊ အခုလို ပြည်သူတွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာနဲ့ ပတ်သက်တာတွေကို ပြည့်ပြည့်စုံစုံ လာရောက်ဆွေးနွေးပေးသွားတဲ့ ဒုတိယဝန်ကြီးနဲ့အဖွဲ့ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ။