ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၀) ကျင်းပ

နေပြည်တော် ၂၈ ဇူလိုင်

 

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရုံးအမှတ် (၃၈) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးမဟာဗျူဟာ (၂၀၁၉-၂၀၂၃) (၅)နှစ် စီမံကိန်းနှင့်ပတ်သက်၍ ပထမနှစ် ၂၀၁၉ ခုနှစ်၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ မဟာဗျူဟာနယ်ပယ်(၅)ခုရှိ ကော်မတီများ၏ တင်ပြချက်များကို စုစည်းပြီး ၂၀၁၉ ခုနှစ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၉ ရက်တွင် ဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း မဟာဗျူဟာ (၅)နှစ် စီမံကိန်း၏ ၂၇ ဒသမ ၂၇ ရာခိုင်နှုန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ဦးဆောင်ကော်မတီ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့က ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ လိုအပ်သည့် အမိန့်နှင့် ညွှန်ကြားချက်ပေါင်း (၃၄)ခုကို ထုတ်ပြန်နိုင်ခဲ့ပြီး လက်တွေ့နယ်ပယ်တွင်လည်း တိုးတက်ဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ခဲ့မှုအား တွေ့ရမည်ဖြစ်ပါကြောင်း။

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့သည့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task : Force-FATF) ၏ မျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာနိုင်ငံအပေါ် ဆုံးရှုံးနိုင်ခြေ အန္တရာယ်မြင့်မားသည့်အတွက် စောင့်ကြည့်ရမည့် နိုင်ငံများစာရင်း  (Jurisdictions under increased monitoring) ထည့်သွင်းပြီး ဆောင်ရွက်ရမည့် အကြံပြုတိုက်တွန်းချက်များကို ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါအချက်များအား အကောင်အထည်ဖော်ရန် Action Plan ရေးဆွဲပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ (Designated Non-Financial Businesses and Professions-DNFBPs) နှင့် ဆက်စပ်သည့် အသင်းအဖွဲ့များ၌ ဥပဒေ မူဘောင်ခိုင်မာပြီး အသင်းဝင် မှတ်ပုံတင်စနစ် ထူထောင်ရန် ဗဟိုအဖွဲ့အနေဖြင့် သက်ဆိုင်ရာ ကြီးကြပ်ရေးအာဏာပိုင်များကို တွန်းအားပေးဆောင်ရွက်ခြင်း၊ အကူအညီပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ပြစ်မှုနှင့် သိမ်းဆည်းထားသော သက်သေခံပစ္စည်းများ ဘဏ္ဍာသိမ်းဆည်းသည့် အချိန်အထိ မူလအတိုင်း တန်ဖိုးထိန်းသိမ်းထားနိုင်ရေးအတွက် သိမ်းဆည်းပစ္စည်း စီမံခန့်ခွဲမှုစနစ် ထူထောင်ရန် နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၀ ရက်တွင် သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီ အဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် တာဝန်ပေးအပ်ခြင်း၊ သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှုဆိုင်ရာ ညွှန်ကြားချက်တို့အား ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအသစ်တွင်လည်း ထိုပြဋ္ဌာန်းချက်များကို ဖြည့်စွက်ထားရှိပါကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်း တိုးတက်အောင်မြင်ရေး၊ မြန်မာနိုင်ငံကို စောင့်ကြည့်နိုင်ငံများ စာရင်းတွင် ထည့်သွင်းထားခြင်းမှ ကင်းလွတ်စေရန် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်နှင့် လိုအပ်သည့် အကြံဉာဏ်များ ပေးကြပါရန် ပြောကြားသည်။

 

ထို့နောက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက ယခင်ပြုလုပ်ခဲ့သည့် အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၉) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ၂၀၂၀ ပြည့်နှစ်အတွင်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရ အမှုစစ်ဆေးနေမှုများနှင့် နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းနိုင်မှု အခြေအနေများကိုလည်းကောင်း  ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် တင်အောင်ဝင်းက အမျိုးသားအဆင့် မဟာဗျူဟာအကောင် အထည်ဖော်မှုနှင့် ကြီးကြပ်ရေးကော်မတီ(၅)ခု၏ တိုးတက်ဆောင်ရွက်မှု အစီရင်ခံစာများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဖြည့်စွက်ဆွေးနွေးကြသည်။

အစည်းအဝေးသို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ၊ ကိုယ်စားတက်ရောက်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်