ငြိမ်းချမ်းရေး အလင်းရောင်အောက်သို့

နေပြည်တော် ၁၅ ဇူလိုင်

“ရှေ့ကိုပေါက်အောင် ဆက်လက်ပြီးရှေ့ကိုရောက်အောင် လျှောက်လှမ်းကြရာမှာ တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြတဲ့ သူတွေအချင်းချင်း တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီကြဖို့ အရေးကြီးပါတယ်။

 

ပန်းတိုင်တူ၊ လမ်းကြောင်းတူနေကြပြီဖြစ်တဲ့ ဒီလိုအချိန်မှာ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆိုသလို ဝိဝါဒကွဲပြားစရာ အဖြေရှာမှုတွေ၊ ထွေပြားများမြောင်လာမယ်ဆိုရင် အားလုံးမျှော်မှန်းတဲ့ ရလဒ်နဲ့လည်း ဝေးကွာလာနိုင်တာကို အထူးသတိပြုကြဖို့ ပြောကြားလိုပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ငြိမ်းချမ်းရေးပန်းတိုင်သို့ အင်အားစုများ တူရူတက်လှမ်းနိုင်ရေးအသိပေးပြောကြားခဲ့သည်။

 

ဆက်လက်၍ “အားလုံး ညှိနှိုင်းလက်ခံပြီးတဲ့နောက်မှာ အခုတစ်မျိုးတော်ကြာတစ်မျိုး အနေအထားတွေ မကြာခဏ ဖြစ်ပေါ်လာရင် ယုံကြည်မှုတွေ ပျက်ပြားသွားစေနိုင်သလို ငါ့မြင်းငါစိုင်းဆိုတဲ့ အခြေအနေတွေနဲ့လည်း ကြုံတွေ့လာရနိုင်ပါတယ်။ ငြိမ်းချမ်းရေးဟာ ဖိအားပေးပြီး ရယူနိုင်တာမျိုးမဟုတ်ဘဲ နားလည်မှု၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ကြရတာမျိုး ဖြစ်ပါတယ်။ အမှောင်ထုကိုအမှောင်ထုနဲ့ ဖြိုခွင်းနိုင်မှာမဟုတ်ဘဲ အလင်းတန်းနဲ့သာ ဖြိုခွင်းဖယ်ရှားနိုင်တာ ဖြစ်ပါတယ်။ NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ၊ ငြိမ်းချမ်းရေးအလင်းရောင် ရစေမယ့်ဖြစ်စဉ်မှာ မပါဝင်ကြသေးတဲ့ အင်အားစုတွေ၊ ပုဂ္ဂိုလ်တွေကို ကျွန်မတို့ ပြည်ထောင်စုကြီးအပေါ် စေတနာထား၊ သစ္စာစောင့်ပြီး ပါဝင်လာဖို့ ဖိတ်ခေါ်ပါတယ်” ဟု NCA လက်မှတ်မထိုးရသေးသော အဖွဲ့များ ငြိမ်းချမ်းရေးအလင်းရောင်အောက်သို့ ဝင်ရောက်ကြပါရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ကမ်းကြိုဆိုခဲ့သည်ကို ဝမ်းမြောက်ဖွယ် ကြားသိလိုက်ပါသည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အလေးအနက်ထားပြောကြားခဲ့သည်။

 

NCA  သည် ငြိမ်းချမ်းရေးအတွက် ပထမပြတင်းတံခါး၊ ကနဦးခြေလှမ်းဖြစ်သည်။ နိုင်ငံရေး ဆွေးနွေးပွဲများအတွက် အဓိကဝင်ပေါက်ဖြစ်သည်။ မတူကွဲပြားသည့် အင်အားစုများအကြား ရခဲလှသည့် ဆုံချက်တစ်ခု၊ မျှခြေတစ်ရပ်ဖြစ်သည်။ NCAသည် ငြိမ်းချမ်းရေးအတွက် အရေးပါသည့် လုပ်ငန်းစဉ်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်တွင် အင်အားစုများအားလုံး ပါဝင်လာရေး တံခါးဖွင့်ပေးထားသည်။ နိုင်ငံတော်၏ ခေါင်းဆောင်များက လက်ကမ်းကြိုဆို အစဉ်အမြဲ ဖိတ်ခေါ်လျက်ရှိသည်။

 

NCA  သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဆိုပြုချက်များကို အခြေပြု၍ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် ဆွေးနွေးပြီး ပေါ်ထွက်လာခြင်းဖြစ်သည်။ ခိုင်မာသည့် စာချုပ်စာတမ်းတစ်ခု၊ ပဋိညာဉ် စာတမ်းတစ်ရပ်အဖြစ် တိုင်းသိ၊ ပြည်သိ၊ နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့်အတူ ပေါ်ပေါက်လာခြင်းဖြစ်သည်။ လက်ရှိကာလတွင် NCA  မှအစပြုခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပစ်ခတ်တိုက်ခိုက်မှုများ လျော့နည်းကျဆင်းလာအောင် အထောက်အကူပြုနိုင်ခဲ့သည်။ မည်သည့်ခေတ်အခါကမျှ မပေါ်ပေါက်ဖူးသေးသည့် နိုင်ငံရေး ဆွေးနွေးပွဲများကို မျက်ဝါးထင်ထင် မြင်တွေ့စေနိုင်သည်။ ရလဒ်ကောင်းများအဖြစ် နိုင်ငံရေးသဘောတူညီချက်များကို ပြည်ထောင်စု သဘောတူညီချက်၏ အစိတ်အပိုင်းများအဖြစ် လက်မှတ်ရေးထိုးနိုင်သော တိုးတက်ဖြစ်ထွန်းမှုများ ရရှိခဲ့သည်။

 

သို့ဖြစ်ရာ NCA မှ ဆောင်ကြဉ်းပေးလိုက်သည့် အပစ်အခတ် ရပ်စဲနိုင်ခြင်း အကျိုးဆက်များကြောင့် လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု အသီးအပွင့်များကို ပဋိပက္ခဒေသများအကြား နေထိုင်ခဲ့ကြရသည့် တိုင်းရင်းသားပြည်သူများ တဖြည်းဖြည်းချင်း တိုးမြှင့်ခံစားရရှိနေကြပြီဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ်ကြိုဆိုမှုနှင့်အညီ NCA  တွင် လက်မှတ်မထိုးရသေးသည့် အဖွဲ့များ၊ အင်အားစုများ၊ ပုဂ္ဂိုလ်များ ငြိမ်းချမ်းရေးအလင်းရောင်အောက်သို့ အေးချမ်းစွာ ဝင်ရောက်ကြဖို့ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။

 

ကြေးမုံ