ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် နိုင်ငံတည်ဆောက်ရေး

ဒီဇင်ဘာလ ၁၉ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး မာန်အောင်မြို့ဒေသခံပြည်သူများနှင့်လည်း ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။ ဓာတ်အားပေးစက်ရုံဖွင့်ပွဲတွင်လည်းကောင်း၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍လည်းကောင်း အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်နယ်ငြိမ်းချမ်း တည်ငြိမ်ရေးနှင့်ပတ်သက်၍ သူ၏သဘောထား အမြင်များကို ပွင့်လင်းစွာပြောကြားခဲ့သည်ကို တွေ့ရသည်။ ။

ရခိုင်ပြည်နယ်သည် ဆယ်စုနှစ်များစွာဖွံ့ဖြိုးတိုးတက်မှုမှာ နောက်ကျကျန်နေခဲ့ကြောင်း၊ နောက်ကျကျန်နေလို့ အထူးဂရုစိုက်တာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်မှ လှည့်ကြည့်တာ မဟုတ်ကြောင်းပြောခဲ့ပြီး လက်ရှိအစိုးရ ၂၀၁၆ ခုနှစ်မှာ တာဝန်ယူ ကတည်းက ရခိုင်ပြည်နယ်၏ပြဿနာများကို မိမိတို့ဖြေရှင်းမှ ဖြစ်မည်။ မဖြေရှင်းလျှင် တစ်ကမ္ဘာလုံးကနေပြီး မိမိတို့နိုင်ငံကို ထိခိုက်နိုင်တဲ့ လုပ်ရပ်များ လုပ်လာနိုင်တယ်ဆိုတာကို ခန့်မှန်းမိခဲ့ကြောင်း ပြောသည်။ ထို့နောက် ARSA အကြမ်းဖက်သမားများနှင့် စတင်ဖြစ်ပွားခဲ့သော ပြဿနာများ၏ အကြောင်းရင်းမှန်ကို ဆက်လက်ပြောကြားခဲ့သည်။ “၂၀၁၆ခုနှစ်မှစပြီးဖြစ်သော လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်သမားများက ရဲစခန်းတွေကို စပြီးတိုက်ခိုက်တာများကလည်း ဒီလိုတည်ငြိမ်သွားမည့်အ ခြေအနေကို မရောက်စေချင်လို့ လုပ်တာဖြစ်ကြောင်း၊ ဒီလိုလုပ်ပြီးမှ ပြင်ပမှနေပြီး အကြောင်းအမျိုးမျိုးဖြင့် မိမိတို့နိုင်ငံကို ဖိအားပေးအောင်၊ အမြင်စောင်းအောင် ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဤသည်မှာ ပြဿနာ၏ဇာစ်မြစ်အမှန်တရားဖြစ်ပါသည်။ ဤအမှန်တရားကို ပြည်ပနှင့် ပြည်တွင်းမှ ဝေဖန်ရေးသမားများက လျစ်လျူရှုခဲ့ကြသည်။ ၂၀၁၆ ခုနှစ်က အစိုးရဖွဲ့ပြီး နှစ်လအကြာမှာပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးများ အားလုံးပါဝင်သော ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုအစိုးရထံမှ ခွင့်ပြုငွေ အများဆုံးရရှိသည့်အပြင် အခြားသီးခြားဖွံ့ဖြိုးရေးရန်ပုံငွေများပါ ပံ့ပိုးပါဝင်ခဲ့ကြခြင်း ဖြစ်သည်။ ယခု ရခိုင်ပြည်နယ်မြောက်ပိုင်းသည် နေရပ်စွန့်ခွာသူများ ပြဿနာသာမက AA လက်နက်ကိုင်အဖွဲ့ပါ တည်ရှိလာသဖြင့် ဖွံ့ဖြိုးရေး စီမံကိန်းအားလုံးလောက် ရပ်ဆိုင်းနေရ ည်ဟု ဆိုပါသည်။ စစ်တွေမြို့ပင်လျှင် အရောင်းအဝယ်များကျဆင်းနေသည်။ ရခိုင်မြောက်ပိုင်း၏ မြို့နယ်ငါးခုလောက်တွင် လက်နက်ကိုင် လှုပ်ရှားမှုများရှိနေ၍ ပြည်သူများအဖို့ ကောင်းရောင်းကောင်းဝယ်၊ လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်စေပါသည်။ တိုက်ပွဲရှောင်ဒုက္ခသည်များပင် တစ်သိန်းနီးပါးရှိနေပြီဟု သတင်းများက ဆိုပါသည်။ ရခိုင်ပြည်နယ်သည် မူလက လူနေမှုနိမ့်ကျနေရာမှ ပိုမိုဆိုးရွားသော အခြေအနေသို့ ရောက်ရှိလာနိုင်သည်။

ထို့ကြောင့်ပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေးကို တစ်ပြိုင်နက် ရရှိအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တစ်ခုပြီးတစ်ခုမဟုတ်ကြောင်း တစ်ချိန်တည်းမှာ နှစ်ခုစလုံးကိုအောင်မြင်အောင်လုပ်ရမှာဖြစ်ကြောင်း၊ ဒါကြောင့် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တစ်ပြိုင်တည်းမှာ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားဆောင်ရွက်နေတာဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုမရှိတော့ ကျေနပ်မှုမရှိဘူး၊ ကျေနပ်မှုမရှိတော့ ဒေါသတွေကပွားတယ်၊ ဒေါသတော့ လက်နက်ကိုင်တိုက်ခိုက်ရေးကို တွန်းပို့တယ်၊ မငြိမ်းချမ်းတော့ ဖွံ့ဖြိုးတိုးတက်မှုမရှိဘူးဆိုသည့် အဆိုးကျော့သံသရာက ဖောက်ထွက်နိုင်အောင် ကြိုးစားနေတာဖြစ်ကြောင်း” မာန်အောင်ကျွန်းပြည်သူလူထု နှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ယခုလို ပြည်သူကိုကိုယ်စားပြုသော လွှတ်တော်များရှိလာချိန်၊ ပြည်သူ့ဆန္ဒ အလေးထားသော ပြည်သူ့အစိုးရရှိလာချိန် တိုင်းရင်းသား မိဘပြည်သူအားလုံး၏ မျှော်မှန်းချက်များနှင့် ကိုက်ညီသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူများ ချမှတ်နိုင်ဖို့နိုင်ငံရေး ဆွေးနွေးပွဲများ ရှိလာနေချိန်မျိုးတွင် လက်နက်ကိုင်တောင်းဆိုနေဖို့ လိုပါရဲ့လား၊ မိမိတို့လိုလားချက်များကို နိုင်ငံရေးနည်းနှင့် စေ့စပ်အဖြေရှာမယ်ဆိုရင် ထိခိုက်နာကျင်မှု အနည်းဆုံးမဖြစ်ဘူးလား ဆိုသည်များကို သေသေချာချာ  စဉ်းစားသုံးသပ်စေချင်ကြောင်း "လည်း ဆက်လက်ပြောကြားခဲ့သည်။

ဤအမြင်သဘောထားများမှာ ရခိုင်ပြည်နယ်တစ်ခုတည်းသာမက မငြိမ်းမချမ်းဖြစ်နေသော တိုင်းပြည်၏အခြားသော အစိတ်အပိုင်းများ အားလုံးနှင့်ပါ အကျုံးဝင်နေပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး တိုင်းပြည်တည်ဆောက်ရေးအမြင်များကို နားလည်လက်ခံ၍ အခက်အခဲမှန်သမျှ အတူတကွကျော်လွှားအောင်ပွဲ ံနိုင်ရန် အရေးကြီးကြောင်း တင်ပြရပါသည်။ ။

မြန်မာ့အလင်း