ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ အရေးကြီးဆုံး အချက်က အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အပြန်အလှန်ယုံကြည်မှုဖြစ်

နေပြည်တော် မေ ၂၄

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး)၏ ဖွင့်ပွဲအခမ်းအနားကို မေ ၂၄ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းစင်တာ MICC-2 ၌ စတင်ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများ နှင့် ဌာနေကိုယ်စားလှယ်တို့အား ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်နှင့်မျှော်မှန်းချက်များကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

Mr. Daniel Zohar Zonshine (မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယ အစည်းအဝေး)က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက် လုပ်ဆောင်ဖို့ အလွန်အရေးပါတဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။ အစည်းအဝေး ဆိုတာထက် လူနည်းစုတိုင်းရင်းသားတွေရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ် လာဖို့ ထုတ်ဖော်ပြောကြားခွင့်ရှိတဲ့ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်လုပ်ဆောင်ရာမှာ အရေးကြီးဆုံးအချက်ကတော့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား အပြန်အလှန် ယုံကြည်မှုလို့ ကျွန်တော်ထင်ပါတယ်။ အပြန်အလှန်ယုံကြည်မှုနဲ့ စားပွဲဝိုင်းမှာ ဆွေးနွေးတာက ငြိမ်းချမ်းရေးရရှိဖို့နဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ပိုမိုမြန်ဆန်ထိရောက်မယ်လို့ထင်ပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရာမှာ အရေးကြီးဆုံးအချက်ကတော့ အပြန်အလှန် နားလည်မှုပေးခြင်းနဲ့ ဘယ်သူက ဘာကိုလိုချင်တယ်၊ ဘယ်သူက ဘာလိုအပ်တယ် ဆိုတာ သံသယကင်းကင်းနဲ့ သိရှိဖို့ ကြိုးစားပေးခြင်းပါ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစ္စရေး အစိုးရကလိုအပ်တဲ့နယ်ပယ်တွေမှာ တက်တက်ကြွကြွနဲ့ ပံ့ပိုးကူညီမှုတွေ ပေးခဲ့ပါတယ်။ လက်ရှိ အစိုးရအဖွဲ့ ဦးစားပေးလုပ်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်မှု ရရှိမယ်လို့ အကြွင်းမဲ့ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးဆောင်အကောင်အထည်ဖော်နေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့ နှစ်ပေါင်းများစွာတိုက်ပွဲဝင်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ သူ့မှာ နိုင်ငံကို ဦးဆောင်နိုင်တဲ့စွမ်းရည်ရှိပါတယ်။

Mr. Andrew Patrick (မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး)

ဒီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက အလွန်ကိုအရေးကြီတဲ့ အစည်းအဝေးတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ လူနည်းစုတိုင်းရင်းသားအုပ်စုတွေက ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ နေပြည်တော်ကို လာပြီး အစည်းအဝေးကို တက်ရောက်နေကြတာပါ။ အစိုးရအနေနဲ့လည်း ဒီညီလာခံအတွက် အကောင်းဆုံးပြင်ဆင်ထားတာကို တွေ့ရပါတယ်။ ဒီညီလာခံကို တက်ရောက်နေသူအားလုံးက တိုင်းပြည်အနာဂတ်အတွက် အခြေခံကျတဲ့ စည်းမျဉ်းတွေကို ဆွေးနွေးကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရာမှာ အရေးကြီးဆုံးအချက်ကတော့ တိုင်းပြည်မှာ နှစ်ပေါင်းများစွာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြားမှာ အပြန်အလှန်ယုံကြည်မှု မတည်ဆောက်နိုင်ခဲ့လို့ ဖြစ်ပါတယ်။ ဒီပင်လုံ ငြိမ်းချမ်းရေးညီလာခံမျိုး ကျင်းပပေးခြင်းကလည်း အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ယုံကြည်မှုတည်ဆောက်ပေးခြင်းပါပဲ။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ အချိန်ဘယ်လောက်ကြာမလဲ ဆိုတာကတော့ ကျွန်တော်လည်းမသိပါဘူး။ အခြားတိုင်းပြည်တွေမှာတော့ ငြိမ်းချမ်းရေးရရှိဖို့ အချိန်များစွာကြာပါတယ်။ မြန်မာနိုင်ငံက ပဋိပက္ခတွေကို ရပ်တန့်ဖို့ နှစ်(၅ဝ)၊ ဒါမှမဟုတ် နှစ်(၆ဝ)လည်း ကြာချင်ကြာပါမယ်။ ကျွန်တော် သေချာပေါက် ပြောနိုင်တာကတော့ ငြိမ်းချမ်းရေးရရှိဖို့ ဆယ်စုနှစ်နဲ့ချီပြီး အချိန်ကြာမြင့်နိုင်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ တိုင်းပြည်မှာငြိမ်းချမ်းရေးရရှိဖို့ တိုက်ခိုက်မှုတွေ အဆုံးသတ်နိုင်အောင် ကြိုးစားခြင်းဖြစ်ပါတယ်။

Dr. Stephan Paul Jost (WHO Representative to Myanmar)

ဒီနေ့စတင်ကျင်းပတဲ့ ဒီအခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ နှစ်(၇ဝ)နီးပါး ပြည်တွင်းပဋိပက္ခတွေကို ရပ်တန့်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တက်တက်ကြွကြွ ဆွေးနွေးနေတာ မြင်တွေ့ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ ငြိမ်းချမ်းရေးမရရှိဘဲနဲ့တော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုညီလာခံက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရေးပါတယ်လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေးရရှိဖို့ အချိန်ဘယ်လောက်ကြာမလဲဆိုတာကတော့ မြန်မာပြည်သူတွေအပေါ်မှာပဲ မူတည်ပါတယ်။ အမြင်မတူညီတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းဆီကို ရောက်အောင်ဖိတ်ပြီး ငြိမ်းချမ်းရေးကိစ္စဆွေးနွေးခြင်းဟာ အစိုးရက မဖြစ်မနေလုပ်ဆောင်ရမယ့် လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ ကျွန်တော့် အမြင်ကိုပြောရရင် အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်ရာမှာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပေးအယူလုပ်ကောင်းလုပ်ရပါမယ်။ မြန်မာနိုင်ငံမှာ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အဓိက စိန်ခေါ်မှုအခက်အခဲတွေကတော့ ယုံကြည်မှု တည်ဆောက်ရာမှာ အပြန်အလှန်နားလည်မှုမရှိခြင်းဖြစ်ပါတယ်။ မတူညီတဲ့ အဖွဲ့အစည်းတွေအကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်မှသာ ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ အပြန်အလှန်နားလည်မှုရှိခြင်း၊ ယုံကြည်ခြင်းက အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အခြေခံအကျဆုံး အချက်တွေပဲ ဖြစ်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့က တပ်မတော်နဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေအကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်ပေးနိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူအားလုံးက တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် မတူညီတဲ့အဖွဲ့အစည်းတွေအကြား ယုံကြည်မှုတည်ဆောက်ပေးမယ်လို့ မျှော်လင့်ပါတယ်။

Mr. JarmoKuuttila (မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံရုံး သံရုံးတာဝန်ခံ)

အမျိုးအစားမတူတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကသူတို့ရဲ့ ခံယူချက်နဲ့ ဒီငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်တာဖြစ်တဲ့အတွက် အခက်အခဲ၊ အတားအဆီးတွေကတော့ အနည်းနဲ့အများရှိနေမှာဖြစ်ပါတယ်။ သို့သော်လည်း သူတို့ကိုယ်တိုင်က ဒီဆွေးနွေးပွဲကို စိတ်ပါလက်ပါ လာရောက်ကြတဲ့အတွက် အပြုသဘောဆောင်တဲ့ လက္ခဏာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ကတော့ အချိန်ဘယ်လောက်ကြာမယ် ဆိုတာ ပြောရခက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလက်ရှိအစိုးရက တိုင်းရင်းသား အားလုံးကို တစုတစည်း တည်းဖြစ်အောင် စုစည်းပေးနိုင် တာကိုတွေ့ရပါတယ်။ ဒါကလည်းအမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ရှေ့ခြေလှမ်းတစ်လှမ်းပဲဖြစ်ပါတယ်။ ဖင်လန် အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နည်းလမ်းနှစ်ခုကနေ အကူအညီပေးနေပါတယ်။ နည်းလမ်းတစ်ခုကတော့ ငွေကြေးထောက်ပံ့မှု အပိုင်းဖြစ်ပါတယ်။ အခုဆိုရင် ဖင်လန်အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် ငြိမ်းချမ်းရေးရန်ပုံငွေနှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ပံ့ပိုးကူညီနေပါတယ်။ ဒုတိယနည်းလမ်းကတော့ ဖင်လန်နိုင်ငံက Euro-Burma Office ကို ပံ့ပိုးကူညီပေးနေပါတယ်။ အနာဂတ်မှာလည်းရှေ့ ဆက်ကူညီပေးဖို့ ရှိပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လုပ်ဆောင်ရာမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခက်အခဲတွေအများကြီးရှိနေပါတယ်။ လက်ရှိလက်မှတ်ရေးထိုးပြီး  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တပ်မတော်ကိုပံ့ပိုးကူညီဖို့လိုအပ်သလို လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေကိုလည်း လက်မှတ်ရေးထိုးချင်လာအောင် စည်းရုံးသိမ်းသွင်းဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍပိုမိုကျယ်ပြန့်လာဖို့ လိုအပ်ပါတယ်။ အမျိုးသမီးအရေအတွက် များလာတာနဲ့အမျှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ အထောက်အကူ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

တွေ့ဆုံမေးမြန်း-ကျော်ထိုက်စိုး
ဓာတ်ပုံ-သုတ