ငြိမ်းချမ်းရေးကို တည်ဆောက်ကြစို့

တိုင်းရင်းသားပြည်သူအားလုံး၏ တူညီသောဆန္ဒ၊ စုပေါင်းညီညွတ်သော စွမ်းအား၊ စည်းလုံးညီညွတ်မှုခွန်အား၊ အမျိုးသားခေါင်းဆောင်ကြီးများ “တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးသော တိုင်းသူပြည်သားအားလုံး၏ စွန့်လွှတ်စွန့်စား အနစ်နာခံ ကြိုးပမ်းအားထုတ်မှုများကြောင့် မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖြစ်ပေါ်လာခဲ့သည်။

လွတ်လပ်ရေးဖခင်ကြီးများနှင့် မျိုးချစ်မြန်မာတိုင်းရင်းသားပြည်သူ အပေါင်းတို့ ကြိုးပမ်းအားထုတ် ရယူပေးခဲ့သော လွတ်လပ်ရေးမှာ တိုင်းပြည်၏ ကံကြမ္မာသည် တိုင်းသူပြည်သားများ၏ လက်ဝယ်တွင် ရှိရေးဖြစ်သည်၊ လွတ်လပ်ရေး၏ရည်ရွယ်ချက်ဖြစ်သည့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးသည် နိုင်ငံသူ နိုင်ငံသားအားလုံး လုံခြုံစိတ်ချ အေးချမ်းသာယာသောဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ဖြစ်သည်။ ယင်းသို့ပိုင်ဆိုင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်သော အရေးအကြီးဆုံးကိစ္စဖြစ်သည်။

တိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်သော စွမ်းပကားဖြင့် လွတ်လပ်သည့်နိုင်ငံ တည်ဆောက်ပြီးသည်နှင့် လွတ်လပ်ရေး၏အနှစ်သာရဖြစ်သော တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တန်းတူညီမျှ အခွင့်အရေးရခြင်း၊ အေးချမ်းသာယာ ဝပြောခြင်းတို့နှင့် ပြည့်စုံသည့် ပြည်ထောင်စုနိုင်ငံတော် ထူထောင်ရမည့် မျှော်လင့်ချက်များ ထွန်းတောက်သည်။ လွတ်လပ်သည့် ပြည်ထောင်စုကြီး ထူထောင်နိုင်ရန်အတွက် မျှော်လင့်ချက်များ စတင်ထွန်းတောက်ခဲ့မှုနှင့်စပ်လျဉ်း၍ (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်း ပြောကြားခဲ့သည်။

"ထွန်းတောက်တဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ဖို့ ကျွန်မတို့ခေတ်မှာ ဆက်ပြီးတော့ လုပ်သွားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အခု ကျွန်မတို့ဟာ ၂၀ ရာစုနှစ် ကျွန်မတို့ လွတ်လပ်ရေးဖခင်ကြီးများ စတင်ခဲ့တဲ့ ပင်လုံကို ၂၁ ရာစုနှစ်ကနေပြီးတော့ အဆုံးသတ်ဖို့လိုပါတယ်။ အဆုံးသတ်တယ်ဆိုတာ တကယ့်ကို ထာဝရတည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးရဖို့ ကျွန်မတို့အားလုံး ကြိုးစားဖို့ဟာ တာဝန်တစ်ရပ်ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

လွတ်လပ်ရေးခေါင်းဆောင်ကြီးများသည် တိုင်းပြည်လွတ်လပ်ရေး အတွက် ၂၀ ရာစုပင်လုံတွင် စည်းလုံးညီညွတ်မှုခွန်အားများကို အခိုင်အမာ တည်ဆောက်ပေးခဲ့သည်။ လွတ်လပ်သောနိုင်ငံ ဖြစ်တည်ရေးအတွက် သွေးစည်းညီညွတ်ရေး သန္ဓေကို မျိုးစေ့ချပေးခဲ့သည်။ လွတ်လပ်ရေး ခေါင်းဆောင်ကြီးများ မျိုးစေ့ချပေးခဲ့သော အမြူတေဖြင့် လွတ်လပ်ရေး မျှော်လင့်ချက်များအား ပြီးမြောက်အောင် လုပ်ကိုင်ရာတွင် လက်ရှိမျိုးဆက်တွင်ပင် ပြီးပြတ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ဘိုးဘွား၊ မိဘများ ဆောင်ကြဉ်းပေးခဲ့သော လွတ်လပ်ရေးအမွေ တာဝန်မှာ လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သလို လွတ်လပ်ရေး၏ အနှစ်သာရ၊ လွတ်လပ်ရေး၏ မျှော်လင့်ချက်ဖြစ်သည့် ငြိမ်းချမ်းသာယာဝပြောသည့် လူ့ဘောင်ကို လက်ရှိမျိုးဆက်များက မဖြစ်မနေ ကြိုးပမ်းတည်ဆောက်ကြရမည် ဖြစ်သည်။ ကြိုးပမ်းတည်ဆောက်၍ ရရှိလာမည့် မှန်ကန်ကောင်းမွန်သော အမွေအနှစ်များကို အနာဂတ် မျိုးဆက်သစ်များအတွက် ထားပေးခဲ့ရမည်ဖြစ်သည်။ သို့မှသာ လွတ်လပ်ရေးအမွေထားခဲ့ပေးသော ဘိုးဘွားမိဘများကို ကျေးဇူးဆပ်ရာ ရောက်မည်ဖြစ်သလို လက်ရှိနှင့် အနာဂတ်အတွက် တာဝန်ကျေပွန်သော နိုင်ငံသားကောင်းများဟု သတ်မှတ်နိုင်မည်ဖြစ်သည်။

မျက်မှောက်ကာလ နိုင်ငံသားများအနေဖြင့် အတိတ်အတွက်တာဝန်၊ အနာဂတ်အတွက်တာဝန်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ရန်အတွက် ပစ္စုပ္ပန်ကာလသည် အထူးအရေးကြီးပေသည်။ နောင်မျိုးဆက် သစ်များအတွက် အမွေကောင်းများကို ထားခဲ့ပေးရန်အတွက် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပါဝင် ကြိုးပမ်းဆောင်ရွက်ကြရန် အရေးကြီးပေသည်။ နိုင်ငံသူ နိုင်ငံသားအားလုံး၏ စုပေါင်းညီညွတ်သော စွမ်းအားဖြင့် ပါဝင်ဆောင်ရွက်ကြပါက လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်သည် ချောမွေ့လာမည်ဖြစ်သည်။

သို့ဖြစ်ရာ ကျွန်ုပ်တို့ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်းများသည် ငြိမ်းချမ်းရေးကို ရယူနိုင်သော ပြည်ထောင်စုသားချင်းဖြစ်သည်ဆိုသည့် ယုံကြည်ချက်ကို မွေးမြူ၍ မတူကွဲပြားသော တိုင်းရင်းသားအချင်းချင်း အပေါ်တွင် ယုံကြည်မှုတည်ဆောက်ကာ ထိုမတူကွဲပြားသော အင်အားများဖြင့် ထာဝရငြိမ်းချမ်းရေးကို အခိုင်အမာတည်ဆောက်ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ