ငြိမ်းချမ်းရေးကိုလိုလားသည်ဆိုပါလျှင်

မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျှောက် အမြစ်တွယ်ခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများအား ဖြေရှင်းနိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံနိုင်ငံရေး ဆွေးနွေးပွဲများသည် ပထမဆုံးပေါ်ပေါက်လာသည့် သမိုင်းဝင် နိုင်ငံရေး အခင်းအကျင်းဖြစ်သည်။ ထိုအခင်းအကျင်းတွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာပြီး အားလုံးသဘောတူ လက်ခံသည့် နိုင်ငံရေးသဘောတူညီချက်များရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံရေး သဘောတူညီချက်များရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံအဖို့ အလွန်ပင် ရှည်လျားလွန်းသည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာပြီး ယနေ့ထက်ထိတိုင် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပြီ ဖြစ်သည်။ ငြိမ်းချမ်းရေးခရီးသည် မြန်မာ့နိုင်ငံရေး ခရီးလမ်းတွင် မှောင်တခါ၊ လမ်းတစ်လှည့်နှင့် ဝိုးတဝါး ကာလများကို ဖြတ်သန်းနေသည်။ တစ်ခါတစ်ရံတွင် အားတက်စရာများ ကြုံရသလို တစ်ခါတစ်ရံတွင် စိတ်ပျက်စရာများနှင့်လည်း ကြုံရသည်။ ငြိမ်းချမ်းရေးခရီးမှာ အနိမ့်အမြင့်၊ အတက်အကျများနှင့် စိန်ခေါ်မှုများ စောင့်ကြုံနေသည်။

ငြိမ်းချမ်းရေးတွင် ကိုယ့်မူ၊ သူ့မူ၊ ကိုယ့်ရပ်တည်းချက်၊ သူ့ရပ်တည်ချက်များကို အသေဆပ်ကိုင်ပြီး အလျှော့အတင်း၊ အပေးအယူ မလုပ်နိုင်သောကြောင့်ဟုလည်း ဆိုနိုင်ပါသည်။ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားရင်၊ အမှန်တကယ် ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက် ချင်တယ်ဆိုရင် ပျော့ပျောင်းညင်သာမှုနဲ့ သဘောထားကြီးသူတို့လည်း လိုအပ်တယ် ဆိုတာကို သတိချပ်စေချင်ပါတယ်" ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၄) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် အသိပေးထောက်ပြထားသည်။

မငြိမ်းချမ်းခြင်း၏ ဆိုးမွေများ၊ ငြိမ်းချမ်းခြင်း၏ ရလဒ်များကို ထဲထဲဝင်ဝင် နှစ်နှစ်ကာကာ သိမြင်သည်အမှန်ဆိုလျှင် ငြိမ်းချမ်းရေးအတွက် အတော်အတန် ခရီးရောက်မည်ဟု ထင်မြင်ယူဆပါသည်။ မငြိမ်းချမ်းသော လက်နက်ကိုင် ပဋိပက္ခများကြောင့် စည်းစိမ်ဥစ္စာနှင့် အလုပ်အကိုင်များ ဒေါ်လာဘီလီယံနှင့်ချီပြီး ဆုံးရှုံးနေသည်။ တန်ဖိုးမဖြတ်နိုင်သည့် လူ့အသက် ပေါင်းများစွာပေးဆပ်ခဲ့ရသည်။ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရသည်။ တိုင်းရင်းသားများ ကျန်းမာရေး၊ ပညာရေးနှင့်အလှမ်းဝေးပြီး လူမှုဘဝနိမ့်ကျခဲ့ရသည်။ အကြီးမားဆုံး ဆုံးရှုံးမှုမှာ ပြည်ထောင်စု၏ အနာဂတ် မှုန်ဝါးနေခြင်း ဖြစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်လျှင် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင် မည်ဖြစ်သည်။ ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှုများ ရရှိမည်။ သယံဇာတခွဲဝေမှုနှင့် အခွန်အကောက်ခွဲဝေမှုများ ရရှိမည်။ ဖက်ဒရယ်ယူနစ်များ အားလုံးသည် တန်းတူရည်တူရှိရမည်။ ပြည်နယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သည့် ကိုယ်ပိုင်အခြေခံဥပဒေများ ရှိရမည်။ ပြည်နယ်များ၏ အာဏာများကို ခွဲဝေကျင့်သုံးသည့်အခါ ပြည်သူလူထုကို အခြေခံရမည် စသည့် အခြေခံမူများကို အစိုးရအနေဖြင့် လက်ခံထားပြီး ဖြစ်သည်။ ယင်းတို့သည် တိုင်းရင်းသားအားလုံး၏ လိုလားချက်ဖြစ်ပြီး ယင်းတို့ကို သဘောတူချမှတ်နိုင်ရန် တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းတွင် ပါဝင်ကြဖို့ အရေးကြီးသည်။ ငြိမ်းချမ်းခြင်း၏ အကျိုးအပြစ်များကို သိရှိထားကြပြီး ဖြစ်သည်။ လူနည်းစု တိုင်းရင်းသားများ၏ ခံစားမှု၊ နာကျင်မှုများကို နှလုံးသားဖြင့် စာနာနားလည်မှုပေးပြီး ပဋိပက္ခဖြေရှင်းရေးကို ဦးတည်သည့် ငြိမ်းချမ်းရေးတွင် ပါဝင်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသည်ဆိုပါလျှင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို အမှန်တကယ် တည်ဆောက်ချင် ပါသည်ဆိုလျှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ထားသည့် ပျော့ပျောင်းညင်သာမှုနှင့် သဘောထား ကြီးမှုတို့ကို လက်ကိုင်ထားကာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာကြဖို့ လိုရင်းဖြစ်ပါသည်။    ။

ကြေးမုံ