ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် ၁၄ ဇန်နဝါရီ 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ဆက်လက်ကျင်းပပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

01

 

အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့သို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)ခင်ဇော်ဦး၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ငြိမ်း၊ ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးဝဏ္ဏအောင်၊ (JMC-U) အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ် အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

02

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC-U) အတွင်းရေးမှူး ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)  ဖွဲ့စည်းရသည့်အကြောင်းအရင်းနှင့် ရည်ရွယ်ချက်၊  ကော်မတီ၏ အခြေခံမူ၊ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ၊  လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်မှု၊ JMC တွင်ပါဝင်သည့် တိုင်းရင်သားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအဆင့် JMC များဖွဲ့စည်းမှု၊ JMC အစည်း အဝေးများ ကျင်းပနိုင်ခဲ့မှုနှင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့မှု၊ JMC က စောင့်ကြည့်ရမည့်အချက်များ၊ စောင့်ကြည့်ရေးယန္တရားတွင် ပါဝင်သူများ၊ JMC အနေဖြင့် တိုင်ကြားစာများလက်ခံရရှိမှုနှင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့မှု၊ အသိပညာပေးခြင်းနှင့် စွမ်းရည်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှု၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကိုလည်းကောင်း၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက (JMC)၏ လုပ်ငန်းသဘာဝ၊ လုပ်ငန်းအကောင်အထည်ဖော်မှုဆိုင်ရာ အခြေခံမူများ၊ စောင့်ကြည့်ရေး၊ စိစစ်အတည်ပြုရေး၊ ပဋိပက္ခဖြေရှင်းရေး၊ (JMC) အဆင့်ဆင့်သို့ နည်းပညာအထောက်အကူပေးမှုများ၊ နည်းပညာအထောက်အကူပြု ဆောင်ရွက်ရာတွင် တွေ့ကြုံရသော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ငြိမ်းက (JMC)၏ အခန်းကဏ္ဍနှင့် မဟာဗျူဟာ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေး အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်တွင် အဓိကကျသည့် အချက်များ၊ ယုံကြည်မှုတည်ဆောက်ခြင်း၊ မျက်နှာချင်းဆိုင် တွေ့ဆုံဆက်ဆံခြင်း၏ အကျိုးကျေးဇူးများနှင့် လတ်တလော ကြိုးပမ်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စတင်ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း၊ အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းခဲ့မှု၊ ၁၉၄၇ ခုနှစ်နောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်အကျဉ်း၊ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့မှုနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ဖြစ်ပေါ်လာမှု၊ NCA တွင်ပါဝင်သည့် သဘောတူညီချက်များ၊ နိုင်ငံရေးဆွေးနွေးပွဲများ၏ အရေးပါမှုနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခဲ့မှု၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုပူးတွဲကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)  ဖွဲ့စည်းမှုနှင့် တာဝန်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ကျင်းပနိုင်ခဲ့မှု၊ ညီလာခံများမှရရှိခဲ့သည့် ပြည်ထောင်စုသဘောတူညီချက်များ၊ စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပနိုင်ရေးနှင့် ၂၀၂၀ အလွန် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သဘောတူညီချက်များ ထပ်မံရရှိရေး ဆောင်ရွက်နေမှု၊ ရှေ့လုပ်ငန်းစဉ်းများဖြစ်သည့် ကြားကာလဆိုင်ရာ အစီအစဉ်များ၊ ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံမူများ၊ အမျိုးသားပြန်းလည်သင့်မြတ်ရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းများ၊ ဖက်ဒရယ်ကူးပြောင်းရေးနှင့် ပြည်နယ်များ၏ အနာဂတ်မျှော်မှန်းချက်နှင့် NCA တွင် လက်မှတ်ရေးထိုရန် ကျန်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လက်မှတ်ရေးထိုးရေးနှင့် စိန်ခေါ်မှုများကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဌာနအလိုက် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ပူးပေါင်းရွက်သွားမည့် အခြေအနေများကို ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ခင်ဇော်ဦးက မေးမြန်းဆွေးနွေးမှုများအပေါ် ခြုံငုံသုံးသပ်ဆွေးနွေးပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိ သူများအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အသေးစိတ်သိရှိနားလည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေမှုများနှင့်စပ်လျဉ်း၍ ကျော်လွှားရမည့်နည်းလမ်းများကို သက်ဆိုင်ရာဌာနများနေဖြင့် ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ပေးသင့်သည့်ကိစ္စရပ်များ၊ ထည့်သွင်းစဉ်းစားဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး  ညနေပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။ 

သတင်းစဉ်