ငြိမ်းချမ်းသာယာ နှစ်သစ်မင်္ဂလာ

ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံမည့် မြန်မာနှစ်သစ် တစ်နှစ်သို့ ကူးပြောင်းရောက်ရှိပြီဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်ကုန်ဆုံးပြီး ၁၃၈၁ ခုနှစ်သို့ ကူးပြောင်းရောက်ရှိပြီဖြစ်ပါသည်။ နှစ်ဟောင်းတွင် ပြုလုပ်မိခဲ့သည့် အကုသိုလ်အမှုများ၊ အမှားအယွင်းများရှိပါက ယင်းတို့ကို ဆေးကြောသုတ်သင်ပြီး နှစ်သစ် တွင် စိတ်သစ်၊ ကိုယ်သစ်ဖြင့် မိမိအကျိုး၊ အများအကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုး ထမ်းရွက်ကြရ မည်ဖြစ်ပါသည်။

 

နှစ်သစ်ကူးပြောင်းသည့် ယခုနှစ်မဟာသင်္ကြန်ကာလအတွင်း မြန်မာတစ်နိုင်ငံလုံး၌ ပြည်သူ ပြည်သားအပေါင်းတို့ ကိုယ်စိတ်ချမ်းမြေ့မှုအပေါင်း ခြုံလွှမ်းပြီး အေးချမ်းစွာ၊ ပျော်ရွှင်စွာဖြင့် ကူးပြောင်းခဲ့ကြပြီးဖြစ်ရာ ယခုနှစ်သစ် အချိန်အခါမှစပြီး ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်လောကသစ်ကို ဝိုင်းဝန်းတည်ဆောက်ကြမည်ဟု ခံယူထားသင့်ပါသည်။

 

တိုင်းရင်းသားပြည်သူအပေါင်းတို့အနေဖြင့် အားလုံးသိရှိကြပြီးဖြစ် သည့်အတိုင်း ကျွန်ုပ်တို့မြန်မာနိုင်ငံတော်အဖို့ လက်ငင်းလိုအပ်နေသည့် ယုံကြည်မှုကို အပြန်အလှန်တည်ဆောက်ကြပြီး တစ်ဦးအပေါ်တစ်ဦး မုဒိတာပွားများ ကြရန်ဖြစ်ပေသည်။ ဆက်လက်၍ နိုင်ငံတော်အစိုးရ၊ မဏ္ဍိုင်ကြီးများနှင့် အဖွဲ့အစည်းများက အကောင်အထည်ဖော်လျက်ရှိသည့် တိုင်းပြည်ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို မဆုတ်မနစ် ကြိုးပမ်းအားထုတ် နိုင်ရန်အတွက် တိုင်းရင်းသားပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

 

နှစ်ဟောင်းတွင် တိုင်းရင်းသားပြည်သူအပေါင်း ကြုံတွေ့ခဲ့ကြပြီး ဖြစ်သည့် တိုင်းပြည်၏လိုအပ်ချက်များ၊ စိန်ခေါ်မှုများ၊ ပဋိပက္ခများကို ကျော်လွှားလွန်မြောက်စေရန်အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး အရေးကိစ္စအမျိုးမျိုးတို့တွင် လူတိုင်း လူတိုင်း အသိစိတ်ဓာတ်ရှိစွာဖြင့် လက်တွဲပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

နှစ်သစ်တစ်နှစ်ကို မင်္ဂလာအပေါင်းနှင့်ပြည့်စုံစေမည်ဟု လူမျိုးတိုင်း၊ ဘာသာတိုင်းက ခံယူထားကြပြီးဖြစ်သည်။ မင်္ဂလာဟူသည် မကောင်းမှုများကိုရှောင်ကြဉ်၍ ကောင်းမှုများကို ဆောင်ကြဉ်းခြင်းဖြစ်သောကြောင့် ယခုနှစ်သစ်မင်္ဂလာအခါကာလမှစ၍ ကျွန်ုပ်တို့တိုင်းပြည်တွင် ကောင်းကျိုးချမ်းသာများပွားတိုးလာအောင် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။

 

၁၃၈၁ ခုနှစ် မြန်မာနှစ်သစ်ကူးပြောင်းပြီး နှစ်ဆန်းကာလတွင် နိုင်ငံ့ခေါင်းဆောင်များမှအစ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့က နှစ်သစ်မင်္ဂလာ ဖြစ်ပါစေကြောင်း တောင်းဆုအမျိုးမျိုးခြွေကြသလို မင်္ဂလာဖြစ်စေကြောင်း ကောင်းမှုအထူးများကို ပြုလုပ်ခဲ့ကြသည်ကို ဝမ်းသာကြည်နူးဖွယ် မြင်တွေ့ ခဲ့ကြပြီဖြစ်ပါသည်။ သို့ဖြစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး သည်လည်း ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်ဝပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာဝပြောလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ထားပါသည်။

 

နိုင်ငံ့ခေါင်းဆောင်များ၏ မဆုတ်မနစ် ကြိုးပမ်းအားထုတ်နေမှုများကြောင့် မြန်မာနိုင်ငံတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်များသာမက တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးကဏ္ဍများတွင် တိုးတက်လာမည့် အရိပ်လက္ခဏာများကိုလည်း မြင်တွေ့နေရပါသည်။ ပြည်သူပြည်သားအပေါင်းတို့အနေဖြင့် နှစ်သစ်တွင် စိတ်သစ်၊ ကိုယ်သစ်ဖြင့် တိုင်းပြည်နှင့် လူမျိုးအကျိုးကို ဆတက်ထမ်းပိုး ဆက်လက်သယ်ပိုး ထမ်းဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

 

သို့ဖြစ်ရာ နှစ်ဟောင်းမှ အားနည်းချက်များ၊ လိုအပ်ချက်များကို သုံးသပ်ဆင်ခြင်ပြီး ၁၃၈၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတကြီး၏ နှစ်သစ်ကူး လမ်းညွှန်မှာကြားချက်အတိုင်း တည်ငြိမ်မှုလည်း မထိခိုက်စေ၊ အပြောင်း အလဲလည်းဖြစ်ပေါ်စေဆိုသည့် နည်းလမ်းအတိုင်း နိုင်ငံသူ နိုင်ငံသား အားလုံး ကိုယ်စီတာဝန်သိစိတ်ဖြင့် ကျရာတာဝန်တို့ကို နှစ်သစ်တွင် ကျေပွန်စွာ ကြိုးပမ်းအားထုတ် ကြိုးကုတ်ရွက်ဆောင်ခြင်းဖြင့် ငြိမ်းချမ်း သာယာသော လူ့ဘောင်လောကဖြစ်အောင် ဝိုင်းဝန်းဖန်တီးကြရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ။

ကြေးမုံ