ငြိမ်းချမ်းသည့် လောကကို ထူထောင်တည်ဆောက်နိုင်ကြစေ

၁၀  မတ်

ချမ်းသာသူကချမ်းသာဂုဏ်မောက်ပြီဆိုလျှင် ချမ်းသာမာန်တက် မာနဖက်လာလေ့ရှိ၏။ ထိုသူသည် ဤလောကကြီး၌ ချမ်းသာမာန် မတက်ပါဘဲ သူ့ထက် များစွာချမ်းသာသောသူတွေ များစွာများစွာ ရှိသည်ကို သတိမပြုမိချေ။ ဤသည်ကိုပင် အဝိဇ္ဇာဟု ခေါ်၏။ အမှန်ကို မမြင်နိုင်။ မာန်မာနတက်လွန်းသည့်အခါ ဂုဏ်မောက်မာနေသည့်အခါ အမှန်ကို မမြင်တတ်တော့။ ငြင်းပယ်လို့မရနိုင်အောင် သိသာထင်ရှားလွန်းသော အမှန် တရားကိုပင် အဝိဇ္ဇာ အမိုက်မှောင်က ဖုံးကွယ်ထားတတ်သော ကြောင့် ဖြစ်ပေသည်။ ။

ချမ်းသာသူက ချမ်းသာဂုဏ်မောက်သကဲ့သို့ ပညာ ဂုဏ်မောက်ကာ မာန်တက်တတ်သူများလည်းရှိ၏။ ထို့အတူပင် ရုပ်ရည်ချောမောပြေပြစ်သူ၊ ဦးနှောက်ဉာဏ်ကောင်းသူ၊ ဝီရိယကောင်းသူ စသည့်စသည့် ကိုယ့်တွင်ရှိသည့် အားသာမှုကို အခြေခံကာ မာန်မာနတက်ကြလေ့ရှိ၏။ ဤကဲ့သို့သော မာန်မာနတက်မှုများကြောင့် မောက်မာတတ်ကြသည်လည်း ရှိ၏။ ထိုမာန်မာနတက်မှုများက ကုသိုလ်ရေးရာပြုကြသည့် လုပ်ငန်းများ၊ ပရဟိတလုပ်ငန်း လုပ်ဆောင်ရာတို့တွင်ပါ ရှိနေသည်ကို စိတ်ထိခိုက်ဖွယ် တွေ့မြင်ရတတ်လေ့ရှိ၏။ သူက ပို၍ ပရဟိတလုပ်နိုင်သည်၊ ငါက ပို၍ လှူနိုင်တန်းနိုင်သည်၊ ကိုယ်က ပို၍ ကုသိုလ်ဖြစ်သည် စသည်ဖြင့် ပြိုင်ကြဆိုင်ကြ မာန်တက်ကြခြင်းဖြင့် အကျိုးမဲ့ဖြစ်ရသည့် သာဓကများစွာရှိပေသည်။ အမှန်ကတော့ မည်သည့်မာန်မျှမတက်၊ မည်သည့်မာနမျှ မထောင်လွှားပါဘဲ မိမိထက် ကုသိုလ်ပြုနိုင်သူ၊ မိမိထက် ပရဟိတလုပ်နိုင်သူ အများအပြား ကမ္ဘာပေါ်မှာ ရှိနေသည်ကို သတိချော်နေကြခြင်းမျှသာ။

ပညာရှိသူတို့၊ ပညာတတ်သူတို့က ပညာမာန်၊ ဥစ္စာပစ္စည်း ကြွယ်ဝသူက ပစ္စည်းမာန်တို့ ရှိသကဲ့သို့ မိမိသန်ရာသန်ရာ၊ မိမိအားသာရာတို့ဖြင့် မာန်တက်သည်တို့ကလည်း လောကတစ်လွှား အများအပြား။ ကိုယ့်လောက် ဘယ်သူက လုပ်ရဲသလဲဟု အမြင်လွဲနေသည့် ရဲရင့်မာန်၊ ဘယ်သူ ကိုယ့်လောက် မိုက်သလဲဟူသော အမိုက်ဖုံးသည့် မိုက်မာန်၊ မိမိလောက် ဘယ်သူမှ မချစ်နိုင်ဟူသည့် အဝိဇ္ဇာဖုံးနေသော အချစ်မာန် စသည့် ငါမှငါဟု ထင်တစ်လုံးရောက်နေသော အသိအမှောင်ဖုံး သည့် မာန်တို့သည် သူတစ်ပါးကို အထင်သေးစိတ်ဖြစ်ပေါ်စေပြီး အကျိုးနည်းခြင်းသို့ ဦးတည်တော့သည်။

ထိုမာန်မာနနှင့် သူတစ်ပါးကို အထင်အမြင်သေးခြင်း တို့သည် ခက်ထန်မှုနှင့် အကုသိုလ်တရားကို ဖန်တီးထုတ်လုပ်ပြီး သူတစ်ပါး၏ အခန်းကဏ္ဍကို အသိအမှတ်ပြုနိုင်ခြင်း၊ မိမိကိုယ်ကိုယ် နှိမ့်ချတတ်ခြင်းတို့ကသာ လူကြီးလူကောင်း စိတ်ဓာတ်၊ ကုသိုလ်စိတ်တို့ကို ပွားများပေါ်ပေါက်စေမည် ဖြစ်ပေသည်။ လောကဓမ္မတာအရ လူမှုအသိုင်းအဝိုင်းအတွင်း၌ ရှိနေသည့် အတ္တပရ မိမိအကျိုး အများအကျိုးဟူသည့် လုပ်ငန်းဆောင်တာများကို မိမိတတ်စွမ်းသလောက် ပါဝင် လုပ်ကိုင်ဆောင်ရွက်ခြင်း၊ သူတစ်ပါး၏ စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြုခြင်း စသည့် စိတ်နေသဘောထားတို့ဖြင့် လောက အကျိုးစီးပွားကို တိုးပွားခြင်း ဖြစ်စေအပ်ပါသည်။

လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးအတွက် အနုတ် လက္ခဏာ သက်သက်သာဖြစ်သည့် မာန်မာနတက်ခြင်း၊ ထောင်လွှားမောက်မာခြင်း၊ ခက်ထန်ခြင်းတို့ လျော့ပါးနိုင်ကြ ပါစေသတည်း။ မေတ္တာ ပွားများခြင်းဖြင့်လည်းကောင်း၊ မုဒိတာ ပွားများခြင်းဖြင့်လည်းကောင်း အဝိဇ္ဇာရှင်းသည့် လောကအမြင်တို့ ရကာ ငြိမ်းချမ်းသည့်လောကကို ထူထောင်တည်ဆောက်နိုင် ကြပါစေသတည်း။ ။

မြန်မာ့အလင်း