ငါးဇင်းပြားကင်၊ ငါးပိသုပ်နှင့ ် ထားဝယ်ရိုးရာ လင်ကောင်ရွက်ဟင်းလျာများ

နေပြည်တော် ၂၀ အောက်တိုဘာ

 

ထားဝယ်ဘက်ကို ဘုရားဖူးအဖွဲ့နဲ့ ဒီရက်ပိုင်းကလေးအတွင်းမှာ ပါသွားတော့မောင်းမကန်မှာ တစ်ရက်တည်းဖြစ်ပါတယ်။သတင်းကြားလို့လာတွေ့ကြတဲ့ ထားဝယ်သားမိတ်ဆွေတွေက ထမင်းစားဖိတ်တော့ မိတ်ဆွေတွေမို့ ထားဝယ်ဟင်းစစ်စစ်နဲ့ကျွေးပါလို့ တောင်းဆိုလိုက်ပါတယ်။ ထမင်းစားဖို့ ရောက်သွားတော့ လင်ကောင်ရွက်နဲ့ရှပ်ခရုကြော်က တစ်ခွက်၊ ငါးကင်တစ်ကောင်၊ထားဝယ်ငါးပိသုပ်နဲ့ ဟင်းချို၊ အတို့အမြှုပ်တို့နဲ့ ထမင်းဝိုင်းကို ပြင်ထားတာ တွေ့ရပါတယ်။

 

ထမင်းဝိုင်းမှာပါတာက ထားဝယ်ရိုးရာဟင်းလျာစစ်စစ်တွေဖြစ်ပြီး ဇာတ်လိုက်ကတော့ လင်ကောင်ရွက်ဖြစ်ပါသတဲ့။လင်ကောင်ရွက်က ထားဝယ်သူ ထားဝယ်သားတွေ အသည်းစွဲကြိုက်တဲ့ ဟင်းရွက်တစ်မျိုးဖြစ်ပြီးအမည်ကွဲအနေနဲ့ တညင်ရွက်လို့လည်း ခေါ်ကြတယ်လို့ ဆိုပါတယ်။ လင်ကောင်ရွက်က သူတို့ဒေသထွက်ဖြစ်လို့ ပြည်ပရောက်ထားဝယ်သားတွေကိုတောင် လေယာဉ်နဲ့ ပို့ပေးရတယ်လို့ ဂုဏ်တင်ပြီးပြောပါသေးတယ်။ ဟင်းခတ်ငါး၊ ပုစွန် မသုံးဘဲ ချက်ထားတဲ့လင်ကောင်ရွက်ဟင်းချိုကို သောက်စမ်းကြည့်တော့ ဟင်းရွက်ရဲ့ သဘာဝအချိုအရသာက ကောင်းလွန်းနေတာကြောင့် ကိုယ်တွေဆီက ကြက်သဟင်းရွက်ကို ပြေးပြီးသတိရလိုက်ပါတယ်။

 

ရှပ်ခရုအရွယ်ကြီးကြီးလေးတွေနဲ့ ရောကြော်ထားတဲ့ လင်ကောင်ရွက်ရှပ်ခရုကြော်ကထမင်းဆိုင်တွေမှာမရနိုင်တဲ့ ထားဝယ်ရိုးရာဟင်းပါ။ ကြက်သွန်ဖြူ/နီ ထောင်းပြီးသားကိုဆီသတ်ပြီး ဆား၊ နနွင်းနယ်ထားတဲ့ ရှပ်ခရုထည့်မွှေ၊ နူးလောက်တော့မှ အနေတော်လှီးပြီး ရေဆေးသန့်စင်ထားတဲ့ လင်ကောင်ရွက်တွေ အုပ်ပြီးချက်ထားတာပါတဲ့။ ထားဝယ်ရိုးရာဟင်းအတော်များများမှာတော့ လင်ကောင်ရွက်ကို ဟင်းခတ်အရွက်အနေနဲ့ သုံးတာတွေ့ရ ပါတယ်။ ငှက်ပျောအူ၊ ငှက်ပျောခေါင်းနိုင်းချင်းထည့်ချက်ရတဲ့ ထားဝယ်မုန့်ဟင်းခါးမှာတောင် လင်ကောင်ရွက်မပါရင် ထားဝယ်မုန့်ဟင်းခါးမစစ်ဘူးလို့ ဆိုကြပါသတဲ့။

 

ထားဝယ်ငါးပိသုပ်ကတော့ မျှင်ငါးပိကို မီးကင်ပြီး ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတောင့်ပါးပါးလှီး၊ ပုစွန်ခြောက်မှုန့် ဖြူးကာ ပအုံးရည်လောင်းပြီး သုပ်ထားတာပါ။ ပအုံးရည်ဆိုတာက ဓနိရည်ကို နေပြပြီး အချဉ်ခံထားတဲ့ထားဝယ်ရိုးရာ သဘာဝရှာလကာရည်ပါ။ငါးကင်ကတော့ မောင်းမကန်ကမ်းခြေကတက်တဲ့ ပိုက်လှေကရတဲ့ ငါးဇင်းပြားလို ငါးမျိုးကို အကြေးထိုး၊ အူနုတ်၊ ခေါင်းဖြတ်ရေဆေးကာဆားလူးပြီး မီးသွေးဖိုမှာ ကင်ပေးထားတာပါ။အဲဒီနေ့က ဧည့်ခံတဲ့ လင်ကောင်ရွက်ရှပ်ခရုကြော်၊ ငါးဇင်းပြားကင်နဲ့ ထားဝယ်ငါးပိသုပ်၊ဟင်းချို၊ အတို့အမြှုပ်တွေက ဧည့်သည်တွေခေါင်းမဖော်နိုင်တဲ့ ထမင်းတစ်နပ်ဖြစ်ခဲ့ပါတယ်။တိုင်းရင်းသားတွေရဲ့ ရိုးရာဟင်းလျာတွေက ခေတ်ပေါ်အသုံးအဆောင် အကူအပံ့ပစ္စည်းတွေမပါဘဲ ရိုးစင်းတဲ့နည်းလမ်းတွေကိုသာ အခြေခံပြီး ချက်ပြုတ်ထားတာဖြစ်ပေမယ့် ဒေသထွင်္ကလတ်ဆတ်တဲ့ သီးနှံသားငါးတွေရဲ့ ပင်ကို သဘာဝအရသာအစွမ်းကြောင့် ထူးခြားဆန်းပြားနေတာဖြစ်ပါတယ်။

 

စံလွင် (ငါးဦးစီး )
ကြေးမုံ