နဂါးကျေးရွာအုပ်စုရှိ ဘေလီတံတား ပျက်စီးနေမှုအား နောင်လာမည့်ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်

မကွေး  ၃  သြဂုတ် 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ နဂါးကျေးရွာအုပ်စု၊ နဂါးရွာသစ်ကျေးရွာနှင့် နဂါးဆည်အရှေ့ဖျားကိုဖြတ်၍ ဖောက်လုပ်ထားသော ဘေလီတံတား ပျက်စီးနေမှုအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသောကြောင့် နောင်လာမည့်ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေရရှိရေး လျာထားပေးသွားမည်ဖြစ်ကာ  ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးကပြောသည်။

သြဂုတ်လ ၂ ရက်နေ့တွင်ကျင်းပသည့်  မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ရေနံချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသိန်းလှက ရေနံချောင်းမြို့နယ်၊ နဂါးကျေးရွာအုပ်စု၊ နဂါးရွာသစ်ကျေးရွာနှင့် နဂါးဆည်အရှေ့ဖျားကိုဖြတ်၍ ဖောက်လုပ်ထားသော တံတားပျက်စီးနေမှုအား ပြုပြင်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့် မေးခွန်းမေးမြန်းခဲ့မှုအပေါ် ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး ယင်းသို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးမှ ဖြေကြားရာ၌ မိုးတွင်းကာလများတွင် နဂါးဆည် ဆည်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ခက်ခဲစွာဖြတ်သန်းသွားလာကြရပါသဖြင့် ဘေလီတံတား(၂၀ဝ)ပေတည်ဆောက်ပေးရန် လိုအပ်ပါကြောင်း၊ အဆိုပါဘေလီတံတားအား ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် နောင်လာမည့်ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေရရှိရေး လျာထားပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

အိမွန်ဆွေ(ရေစကြို)