ငှက်ပျောဖူး ရခိုင်ချက်

ငှက်ပျောဖူးကို တိုင်းရင်းသားအတော်များများက စားသုံးဖို့ကြိုက်နှစ်သက်ကြတယ်။ ချက်ပြုတ်ကြရာမှာတော့ သူတို့ရိုးရာပုံစံအလိုက် ကြော်စား၊ ချက်စား၊ သုပ်စား၊ ဟင်းထုတ်ထုပ်စားကြတယ်။ တချို့က ရက်ရှည်ထား စားနိုင်အောင် အချဉ်တည်ပြီး ချဉ်ဖတ်လုပ်စားကြပါသေးတယ်။ ငှက်ပျောတစ်ပင်လုံးကလည်း ပစ်စရာ မလိုလောက်အောင် ပဉ္စငါးပါးစလုံး အသုံးဝင်တာပါ။ အသီး၊ အရွက်၊ အဖူးသာမက ပင်စည်နဲ့တကွ ငှက်ပျော ခေါင်းပါမကျန် အသုံးတည့်လှပါတယ်။

 

ငှက်ပျောပင်မှာ မျိုးစိတ်ကိုလိုက်ပြီး ဖီးကြမ်း၊ နံ့သာပု၊ ထောပတ်၊ သီးမွှေး၊ ရခိုင်၊ ဆင်အံ၊ မယ်တော်လက်သည်း စသဖြင့် အမျိုး အစားအများအပြားရှိပါတယ်။ သို့သော် ဟင်းလျာအဖြစ်ချက်ပြုတ်စားသုံးရာမှာတော့ ရခိုင်ငှက်ပျောကို အကြိုက်များကြတယ်။ ဗမာတိုင်းရင်းသားတွေရဲ့ အသည်းစွဲ မုန့်ဟင်းခါးချက်ရာမှာ ငှက်ပျောအူက မပါမဖြစ်ပါ။ ဒါ့အပြင် ထားဝယ်ဒေသကချက်တဲ့ ထားဝယ်ရိုးရာမုန့်ဟင်းခါးဆိုရင် ငှက်ပျောအူနဲ့ ငှက်ပျောခေါင်း နိုင်းချင်းထည့်ပြီး အသားပေးချက်တာ တွေ့ရပါတယ်။

 

ငှက်ပျောဖူးဟင်းကို ရခိုင်ပုံစံချက်မယ်ဆိုရင် ဦးစွာအဖူးကို ရေစင်စင်ဆေး အပေါ်ယံ ရွက်ရင့်များကိုဖယ်ကာ အဖူးကြီးသော် ခြောက်စိတ်၊ အဖူးငယ်က လေးစိတ်စိတ်ပြီး ရေစိမ်ထားပါ။ ရေမစိမ်ပါက ငှက်ပျောစေး များကြောင့် အရောင်မည်းသွားတတ်ပါတယ်။ ဟင်းချက်ဖို့ဆိုရင် ရခိုင်ငှက်ပျောမျိုးက နူးညံ့တာမို့ အရသာ ပိုကောင်းပါတယ်။ ငှက်ပျောဖူးရဲ့ အကျိုးဂုဏ်ကို ဥတုဘောဇနသင်္ဂဟကျမ်း မှာ ငှက်ပျောဖူးသည် ချို၏။ ဖန်၏။ ကြေခဲ၏။ အဆီမရှိ အေး၏။ လေ၊ သည်းခြေကို နိုင်၏။ ရတ္တပိတ်နာ၊ အားခွန်ကုန်ခမ်းသော အနာတို့ကို နိုင်၏ လို့ ဖော်ပြထားပါတယ်။

 

ဟင်းချက်ဖို့ ပြင်ဆင်ပြီးရင်တော့ အိုးတစ်လုံးမှာ ရေထည့်ပြီး ဆူအောင်တည် ပါမယ်။ သောက်ဆမ်းပုံစံချက်မှာမို့ ရေကို သင့်သလို ချိန်ဆထည့်ပါ။ ငှက်ပျောတစ်ဖူးဆိုရင် မန်ကျည်းသီးကွမ်းသီးလုံးလောက်ကို ရေစိမ်ထား ရပါမယ်။ ရေပွက်ပွက်ဆူလာခဲ့ရင် မျှင်ငါးပိကောင်းကောင်း လက်တစ်ကော်ထည့်ပြီး ဆီအနည်းငယ် ဖျန်းပါ။ ပြီးက အသင့်စိတ်ထားတဲ့ ငှက်ပျောဖူးတွေကိုထည့်ပြီး အဖုံးပိတ်ကာ နူးအောင်တည်ပါ။ ငှက်ပျောဖူးတွေနူး လောက်တဲ့အခါမှ စိမ်ထားတဲ့ မန်ကျည်းရည်ထည့်ရပါမယ်။

 

ငှက်ပျောဖူးမနူးခင် မန်ကျည်းရည်ထည့် ပါက အချဉ်ဓာတ်ကြောင့် ဟင်းနူးဖို့ရာ အချိန် ကြာတတ်ပါတယ်။ ဟင်းအိုးပွက်ပွက်ဆူလာပါက အပေါ့အငန်မြည်းပြီး ငရုတ်သီးအစိမ်း တောင့် လေးငါးခြောက်တောင့်ကို ထက်ခြမ်းခွဲပြီး အုပ်ပေးပါ။ မုန့်တီဟင်းနံ့လေးသင်းပျံ့နေတဲ့ ရခိုင်စတိုင် ချဉ်၊ ငန်၊ စပ်အရသာကဲတဲ့ ဟင်း တစ်ခွက်အသင့်ဖြစ်ပါပြီ။ ငှက်ပျောဖူး ရခိုင်ချက်ဟာ ချက်ရတာလွယ်ကူ ရိုးရှင်းပြီး အကုန်အကျလည်း မများတဲ့ အပြင် ကျန်းမာရေးရှုထောင့်အရလည်း အကျိုးများတာမို့ မကြာမကြာချက်စားထိုက်တဲ့ ရိုးရာဟင်းလျာ တစ်ခွက် ဖြစ်ကြောင်းပါဗျာ။

 

စံလွင် (ငါးဦးစီး)