ငှက်သိုက်ထွက်ရှိမှုအပေါ် ဒေသပေါက်ဈေး၏ ၁၀ ရာခိုင်နှုန်းဖြင့် အခွန်ငွေ စတင်ကောက်ခံလျက်ရှိ

နေပြည်တော်  ၈  သြဂုတ်


ငှက်သိုက်ထွက်ရှိမှုအပေါ် ဒေသပေါက်ဈေး၏ ၁၀ ရာခိုင်နှုန်းဖြင့် အခွန်ငွေ စတင်ကောက်ခံလျက်ရှိပြီး ငှက်သိုက်စွဲကပ်မှု မရှိသေးသော ငှက်သိုက်အိမ်များကို စာချုပ်ချုပ်ဆိုပြီးသော်လည်း အခွန်ကောက်ခံခြင်း မပြုသေးဘဲ အမှန်တကယ် ငှက်သိုက်ထွက်ရှိလာသည့် အချိန်မှသာ အခွန်ငွေ စတင်ကောက်ခံလျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြောသည်။


ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးကင်းရှိန်၏ “တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၇)မြို့နယ်ရှိ အိမ်မွေးဇီဝဇိုးငှက်များ မွေးမြူသူများအား နိုင်ငံတော်အစိုးရမှ မည်သည့်လတွင် စာချုပ်ချုပ်ဆိုပြီး မည်သည့်နှစ်တွင် အခွန်ငွေ စတင်ကောက်ယူမည်ကို သိရှိလိုခြင်း” မေးမြန်းမှုကို ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။


ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက “တနင်္သာရီတိုင်းဒေသကြီးအတွင်း လူနေအိမ်များတွင် သဘာဝအလျောက် လာရောက်စွဲကပ်တဲ့ ငှက်သိုက်အိမ်နှင့် ဇီဝဇိုးငှက်များကို ခေတ်သစ်နည်းပညာအသံတု ထုတ်လွှင့်ပြီး ဆွဲဆောင်ခေါ်ယူကာ ငှက်သိုက်မွေးမြူသည့် လုပ်ငန်းအား ကျယ်ပြန့်စွာ ဆောက်ရွက်လာသည်ကို တွေ့ရှိရသည့်အတွက် ဒေသခံပြည်သူများ အိမ်မွေးငှက်သိုက်လုပ်ငန်းဖြင့် ဝင်ငွေရရှိရေးနှင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများရရှိရန် ရည်ရွယ်၍ အိမ်မွေးငှက်သိုက် ထုတ်လုပ်ခြင်းလုပ်ငန်းကို စာချုပ်ချုပ်ဆို၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်လျက်ရှိကြောင်း။


အိမ်မွေးငှက်သိုက် ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လိုသူများ၏ လျှောက်ထားလာမှုအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးကာ သက်မှတ်ထားသည့် စည်းကမ်းအရ စာချုပ်ချုပ်ဆိုပြီးပါက ငှက်သိုက်ထွက်ရှိမှုအပေါ် ဒေသပေါက်ဈေး၏ ၁၀ ရာခိုင်နှုန်းဖြင့် အခွန်ငွေ စတင်ကောက်ခံခြင်း၊ ငှက်သိုက်စွဲကပ်မှု မရှိသေးသော ငှက်သိုက်အိမ်များကို စာချုပ်ချုပ်ဆိုပြီး သော်လည်း အခွန်ကောက်ခံခြင်း မပြုသေးဘဲ အမှန်တကယ် ငှက်သိုက်ထွက်ရှိလာသည့် အချိန်မှသာ အခွန်ငွေ စတင်ကောက်ခံပြီး ရရှိသည့်အခွန်ငွေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရငွေစာရင်းသို့ ပေးသွင်းလျက်ရှိကြောင်း” ရှင်းလင်းဖြေကြားခဲ့သည်။


တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ခွင့်ပြုချက်မရရှိသေးသည့် အိမ်မွေးငှက်သိုက်အိမ် (၄၁၆)အိမ်အား စည်းကမ်းချက်များ သတ်မှတ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း။ သစ်တောဦးစီးဌာနမှ ခွင့်ပြုချက်ပေးထားပြီး ဖြစ်သည့် အိမ်မွေးငှက်သိုက်အိမ် (၄၁၆)လုံးအနက် အချက်အလက် အပြည့်အစုံဖြင့် တင်ပြလာသည့် မြိတ်မြို့နယ်မှ (၁၃၅)အိမ်၊ ဘုတ်ပြင်းမြို့နယ်မှ (၄၉)အိမ်၊ တနင်္သာရီမြို့နယ်မှ (၁၃)အိမ်၊ စုစုပေါင်း (၁၉၇)အိမ်အား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသော (၂၁၉)အိမ်အား အချက်အလက် အပြည့်အစုံဖြင့် တင်ပြလာပါက တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ရရှိရန် သက်ဆိုင်ရာ သစ်တောဦးစီးဌာနက ဆက်လက်တင်ပြသွားမည် ဖြစ်ပါကြောင်း။


တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုပြီး (၁၉၇)အိမ်တွင် မြိတ်မြို့နယ်မှ (၈၁)အိမ်၊ ဘုတ်ပြင်းမြို့နယ်မှ (၁၄)အိမ်၊ စုစုပေါင်း (၉၅)အိမ် စာချုပ်ချုပ်ဆိုပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသူများ လာရောက်ဆက်သွယ်ပါက ဆက်လက်စာချုပ်ချုပ်ဆိုမှာ ဖြစ်ပါကြောင်း၊ စာချုပ်ချုပ်ဆိုပြီးပါက ငှက်သိုက်ထွက်ရှိမှုအပေါ် ဒေသပေါက်ဈေး၏ ၁၀ ရာခိုင်နှုန်းနှင့် အခွန်တော်ငွေ စတင်ကောက်ခံပါကြောင်း၊ ၂၅ ရာခိုင်နှုန်း အခွန်တော်ငွေ ကောက်ခံမှုမရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။


MDN