ငါးလေးအိုးကပ် လယ်တောချက်

အခုလို မိုးအကုန် ဆောင်းဝင်စအချိန်ဆို ငယ်ငယ်တုန်းကရွာမှာ စားရလေ့ရှိတဲ့ ငါးလေးအိုးကပ်ဟင်းကို သတိရမိပါတယ်။ မိုးကုန်ချိန်မို့ လယ်တောထဲကကျင်းတွေ၊ ချိုင့်တွေမှာ တင်ကျန်ရစ်တဲ့ရေက အနည်းအကျဉ်းသာ ရှိတော့တာပါ။ အဲဒီရေစပ်စပ်သာရှိတဲ့ အိုင်ငယ်တွေမှာ ငါးဆင်းမိုးနဲ့ပါမသွားဘဲ ကျန်ရစ်နေတဲ့ ငါးငယ်၊ ပုစွန်ငယ် ပေါက်စအသေးလေးတွေ ရှိတတ်ပါတယ်။

 

အဲဒီငါးငယ်လေးတွေကို ရင်တွန်းလို့ခေါ်တဲ့ ငါးဖမ်းကိရိယာနဲ့ တွန်းယူသဲ့ယူပြီး ဖမ်းရပါတယ်။ ရင်တွန်းဆိုတာက ဝါး၊ ပက်စိတ်တိနဲ့ လုပ်ထားတဲ့ ငါးဖမ်းကိရိယာဖြစ်ပြီး အမှန်တကယ် ရင်ဘတ်နဲ့ဖိကာ ရှေ့ဘက်ကို ဂျမ်းတိုက်သလို ရေထဲမှာတွန်းပြီး ဖမ်းယူရတာမျိုးပါ။ အဲလိုကိရိယာနဲ့ဖမ်းလို့ ရလာတဲ့ငါး၊ ပုစွန်ငယ်လေးတွေကို ရင်တွန်းငါးလေးတွေလို့ ခေါ်လေ့ရှိပါတယ်။ ငါးလေးအိုးကပ်ဆိုတာက အဲဒီငါးပေါက်စလေးတွေကို သေးလွန်းလို့ ခေါင်းအမြီးဖြတ်မနေတော့ဘဲ ရေစင်စင်ဆေးပြီး ဆီပါလေကာနဲ့ ပင်စိမ်းလေးအုပ်ပြီး ချက်ထားတဲ့ဟင်းပါ။

 

လယ်ထဲကရှာလာတဲ့ ငါးလေးတွေကိုရှိတဲ့ဆီလေး ပါလေကာချက်ရတာမို့ အဲဒီဟင်းက တကယ်ပဲ ဒယ်အိုးအောက်ဘက်မှာ ကပ်ပြီးတူးတူးချစ်ချစ်လေး ဖြစ်နေတာကြောင့် ငါးလေးအိုးကပ်ရယ်လို့ ခေါ်ကြတာဖြစ်မယ်လို့ စဉ်းစားမိပါတယ်။ အဲဒီဟင်းအိုးကပ်လို့ တူးတဲ့အနံ့အရသာကို ကြိုက်နှစ်သက်သူတွေက ဒယ်အိုးမှာ ဆီနည်းနည်းလေးနဲ့ အိုးကပ်အောင် တမင်ချက်ပြီး ငါးလေးအိုးကပ်ဟင်းရယ်လို့ ချက်စားကြတာပါ။

 

သူ့ဒေသ၊ သူ့အချိန်ကာလနဲ့ လိုက်ဖက်လှတာမို့ မေ့လို့မရကြတာပါ။ တစ်ခါတစ်ခါ ထမင်းစားမကောင်းတာမျိုးများ ဖြစ်ခဲ့ရင်ငယ်ငယ်က ဗိုက်တင်းအောင် ထမင်းမြိန်ခဲ့တဲ့ဟင်းတွေကို ပြန်တမ်းတတတ်ကြပါတယ်။ ငါးလေးအိုးကပ်ဟင်းက အရိုးအသား အကုန်ဝါးစားရတာမို့ လူမှာလိုအပ်တဲ့ ကယ်(လ်)ဆီယမ်ဓာတ်လည်း အပြည့်အဝရပါသေးတယ်။

 

ဥတုဘောဇနကျမ်း အလိုအရလည်း ငါးငယ်သည် ကြေလွယ်၏။ ဆိမ့်၏။ နှုတ်ကို မြိန်စေတတ်၏။ အားကိုဖြစ်စေတတ်၏။ ဝမ်းကိုက်ဝမ်းနာကို နိုင်၏။ လူနှင့်သင့်၏ဟူ၍ အကျိုးဂုဏ်ကို ဖော်ပြထားပါတယ်။ ငါးလေးအိုးကပ်ချက်မယ်ဆိုရင် ဟင်းအိုးအနေနဲ့ ဒယ်အိုးကို သုံးပါမယ်။ ငါး၊ ပုစွန်ပေါက်လေးတွေကို သူ့အတိုင်းရေစင်စင်ဆေးရုံဆေးပြီး ဆား၊ နနွမ်း၊ ငံပြာရည်တို့နဲ့နယ်ကာနှပ်ထားပါ။ ဒယ်အိုးမှာ ဆီလေးပါလေကာထည့်ပြီး ငရုတ်သီး၊ ကြက်သွန်ဖြူ၊ နီအရောကိုဆီသတ်၊ အနံ့မွှေးလာပါက အသင့်နယ်ထားတဲ့ ငါးလေးတွေထည့်မွှေပြီး လုံးရေနည်းနည်းလေးထည့်ကာ အိုးကပ်ချက်ပါမယ်။ ပုစွန်အကွေး ငါးအနွေးမို့ လုံးရေလေးခန်းရင်ပဲ ငရုတ်သီးစိမ်းသုံးလေးတောင့်နဲ့ ပင်စိမ်းလေးအုပ်၊ အပေါ့အငန်မြည်းပါ။

 

ငါးလေးအိုးကပ်ဟင်းမှာ မပါမဖြစ်ဇာတ်လိုက်က ပင်စိမ်းရွက်ပါ။ ပင်စိမ်းနံ့သင်းသင်းလေးနဲ့ တူးတူးချစ်ချစ် ငါးလေးအိုးကပ်ဟင်းရနံ့ရလိုက်ရင်ပဲ ပါးစပ်အတွင်းကသွားရည်တွေ အလိုလိုဆင်းလာမှာ အသေအချာပါပဲလို့ ပြောပါရစေ။

 

စံလွင်(ငါးဦးစီး)