ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိမိတို့တွင်ရှိသည့် ငွေကြေးအင်အား၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်အပေါ်တွင် အခြေခံ၍ စုပေါင်းအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

နေပြည်တော် ၁၆ မေ

 

မြန်မာနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်းများ ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် ဈေးနှုန်းပိုမိုရရှိနိုင်ရန်အတွက် လက်ရှိတင်ပို့လျက်ရှိသော ရေထွက်ကုန်ပစ္စည်းများအစား တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးတက်တင်ပို့နိုင်ရေးအတွက် လိုအပ်သောနည်းပညာများကို ပံ့ပိုးပေးလျက်ရှိပြီး လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကိုလည်း အသိပေး ဆောင်ရွက်လျက်ရှိကာ နိုင်ငံ၏ ရှိရင်းစွဲ ရေသယံဇာတ၊ ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိမိတို့တွင်ရှိသည့် ငွေကြေးအင်အား၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် အပေါ်တွင် အခြေခံ၍ စုပေါင်းအင်အားဖြင့် ကြိုးပမ်း  ဆောင်ရွက်လျက်ရှိကြောင်း မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့်၏ “မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖြစ်သော မြန်မာ့ရေထွက်ပစ္စည်းများအား အဓိက ဝယ်ယူလေ့ရှိသည့် ဆော်ဒီအာရေဗျနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် EU နိုင်ငံများသို့ ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချနိုင်ရေးတွင် လတ်တလောနှင့် လက်ရှိရင်ဆိုင်နေရသော ပိတ်ဆို့ဟန့်တားမှုများအပေါ် အလျင်အမြန် ကုစားနိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင် နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် မည်သို့စီစဉ်ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍” မေးမြန်းမှုကို ဒုတိယဝန်ကြီး ဦးလှကျော်မှ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ဒုတိယဝန်ကြီး ဦးလှကျော်က “မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများအား ဆော်ဒီအာရေဗျနိုင်ငံသို့ တင်သွင်းခွင့်ကို ၎င်းနိုင်ငံ၏ ပတ်ဝန်းကျင်၊ ရေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ ၂၀၁၈ခုနှစ် ဧပြီ ၁ ရက်တွင် ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းကြားလာခဲ့ပါကြောင်း၊ ထိုသို့ ရပ်ဆိုင်းခြင်းသည် မြန်မာနိုင်ငံ တစ်ခုတည်းမဟုတ်ဘဲ ဆော်ဒီအာရေဗျနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့နေသည့် ဗီယက်နမ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကိုလည်း ယာယီရပ်ဆိုင်းလိုက်ခြင်း ဖြစ်ပါကြောင်း။

 

ဆော်ဒီအာရေဗျနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးအဖွဲ့အစည်း (FDA) က ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် အရှေ့တောင်အာရှနိုင်ငံများမှ တင်သွင်းသည့် ရေထွက်ကုန်များတွင် ရောဂါပိုး ၂ မျိုး ပါဝင်နေခြင်းကြောင့် ပိတ်ဆို့တားမြစ်ရခြင်း ဖြစ်သည်ကို သိရှိရပါကြောင်း၊ တားမြစ်ခြင်းသည် ယာယီ တားမြစ်ခြင်းသာဖြစ်ပြီး White Tail Disease ရောဂါကြောင့် တားမြစ်ခြင်းဖြစ်ပါကြောင်း၊ ၎င်းရောဂါ အမျိုးအစားသည် မြန်မာနိုင်ငံ၏ အချို့နေရာများတွင် ဖြစ်ပွားနေကြောင်း Quarterly Aquatic Animal Disease Report ကို ကိုးကားထားသည့် OIE ၏ အစီရင်ခံစာကို အထောက်အထားပြု၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တင်ပြခဲ့ခြင်း ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံ၏ နေရာအချို့ရှိ ပုစွန်မွေးမြူရေးကန်များတွင် White Tail Disease တွေ့ရှိခဲ့ခြင်း၊ OIE Report တွင် ဖော်ပြထားသည်နှင့် စပ်လျဉ်း၍  White Tail Disease သည် မွေးမြူရေး ရေချိုပုစွန်များတွင်သာ တွေ့ရှိရခြင်းဖြစ်ကြောင်းနှင့် ငါးများတွင် ကျရောက်သည့် ရောဂါပိုးမဟုတ်သည်ကို ဆော်ဒီအာရေဗျ နိုင်ငံသံရုံးသို့ အကြောင်းပြန်ကြားခဲ့ပြီး မွေးမြူရေး ရေထွက်ပစ္စည်းများ ဆက်လက်တင်ပို့နိုင်ရေးအတွက် စဉ်းစားပေးပါရန် သံတမန်နည်းလမ်းအရ တောင်းဆိုခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့်လည်း ရေထွက်ပစ္စည်းများအား ဆော်ဒီအာရေဗျနိုင်ငံသို့ ဆက်လက်တင်ပို့ခွင့် ရရှိနိုင်ရေးအတွက် ဆော်ဒီအာရေဗျနိုင်ငံ FDA ၏ သတ်မှတ်ပြဋ္ဌာန်းချက်များအား လုပ်ငန်းရှင်များမှ လိုက်နာနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ ငါး/ပုစွန် မွေးမြူရေးကန်များနှင့် ဆော်ဒီအာရေဗျနိုင်ငံသို့ တင်ပို့နေသော ငါး/ပုစွန် ပြုပြင်ထုတ်လုပ်သည့် စက်ရုံများအား ဆော်ဒီအာရေဗျနိုင်ငံ FDA ၏ ကိုယ်စားလှယ်အဖွဲ့မှ လာရောက်၍ လေ့လာစစ်ဆေးခံနိုင်ရေးအတွက် လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများအား လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

အမေရိကန်ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံ၏ GSP အခွင့်အရေးကို ၂၀၁၆ခုနှစ် နိုဝင်ဘာ ၁၃ရက်မှ စတင်၍ ပြန်လည်ပေးအပ်ခဲ့သော်လည်း မြန်မာ့ရေထွက်ပစ္စည်းများကို GSP မရမီကပင် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ခဲ့ပါကြောင်း၊ အမေရိကန်ပြည်ထောင်စု National Marine Fisheries Services (NMFS)အနေဖြင့် ရေထွက်ပစ္စည်း ဖမ်းဆီးထုတ်လုပ်မှု လုပ်ငန်းများတွင် ပင်လယ်နို့တိုက်သတ္တဝါများ ထိခိုက်ဆုံးရှုံးမှု မရှိစေရေးအတွက် ပင်လယ်နို့တိုက်သတ္တဝါကာကွယ်ရေး ဥပဒေကို ပြဋ္ဌာန်းအကောင်အထည်ဖော်လျက်ရှိပြီး ဥပဒေပါ ပြဋ္ဌာန်းထားသော စံနှုန်းများကို ကျော်လွန်ပြီး နို့တိုက်သတ္တဝါများ မတော်တဆသေဆုံးခြင်း (သို့မဟုတ်) ဒဏ်ရာရခြင်းတို့ကြောင့် ဖမ်းဆီးရမိသော ငါးများကို အမေရိကန် ပြည်ထောင်စုသို့ တင်သွင်းမှုကို တားမြစ်ထားပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမှ ရေနေနို့တိုက် သတ္တဝါများ ကာကွယ်ရေးဆိုင်ရာနှင့် ငါးသယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အမိန့်ကြော်ငြာစာများကို အမေရိကန်နိုင်ငံ NMFS သို့ အီးမေးဖြင့် ပေးပို့ထားပြီး ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံမှ ထွက်ရှိသည့် မွေးမြူရေးငါး၊ ပုစွန်၊ ကဏန်းပျော့များအား EU နိုင်ငံသို့ တင်ပို့ခွင့်ရရှိနိုင်ရေးနှင့် ပတ်သက်၍ EU နိုင်ငံများ၏ လိုအပ်ချက်အရ ၂၀၁၄ ခုနှစ်မှ စတင်၍ National Residue Monitoring Plan (NRMP) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ် NRMP ကို ရေးဆွဲ၍ EU သို့ပေးပို့ လျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်းများ ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် ဈေးနှုန်းပိုမိုရရှိနိုင်ရန်အတွက် လက်ရှိတင်ပို့လျက်ရှိသော ရေထွက်ကုန်ပစ္စည်းများအစား တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးတက်တင်ပို့နိုင်ရေးအတွက် လိုအပ်သော နည်းပညာများကို ပံ့ပိုးပေးလျက်ရှိပြီး လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကိုလည်း အသိပေးဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

MDN