ငါးမွေးမြူရေးကန်များ တရားမဝင် ဆက်လက်တူးဖော်နေမှုများကို လယ်ယာမြေ ဥပဒေ ပုဒ်မ ၂၀ အရ တားမြစ် အရေးယူသွားမည်

ရန်ကုန် ၂၈ ဖေဖော်ဝါရီ

 

လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့် မရှိဘဲ ငါးမွေးမြူရေးကန်များ တရားမဝင် ဆက်လက် တူးဖော်နေမှုများကို လယ်ယာမြေ ဥပဒေပုဒ်မ ၂၀ အရ လုပ်ထုံးလုပ်နည်းနှင့်အညီ တားမြစ်အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

တရားမဝင် တည်ရှိနေသော ငါးမွေးမြူရေး ကန်များအား ပြည်သူလူထု၏ လူမှုစီးပွား သက်သာချောင်ချိရေး၊ တောင်သူများ၏ လူမှုအကျိုးစီးပွား၊ မွေးမြူရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်မှ ဆောင်ရွက်နေသည့် အခြေအနေ အရပ်ရပ်ပေါ် စဉ်းစားပြီး ဥပဒေနှင့်အညီ ဖြစ်လာရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောသည်။

 

အစည်းအဝေးတွင် ခရမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှတိုးက ခရမ်းမြို့နယ်ရှိ လယ်ယာမြေအား အခြားနည်း သုံးစွဲခွင့်မရှိဘဲ ငါးမွေးမြူရေးကန်များ တရားမဝင် ဆက်လက် တူးဖော်နေမှုများ၊ တူးဖော်ထားမှုများအား မည်ကဲ့သို့အရေးယူ ဆောင်ရွက်မည်ကို သိလိုကြောင်းနှင့် နိုင်ငံတော် သားငါးကဏ္ဍအတွက် စံပြငါးဈေးကွက်သို့ နေ့စဉ် ပိဿာချိန် ၂ဝဝဝဝ တင်ပို့ပေးနေပြီး သားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ မွေးမြူရေး သီးသန့်ဇုန်များ ဖန်တီးပေးနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရ အနေဖြင့် အားပေး မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုကို ဦးဟံထွန်းက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 

စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက “ခရမ်းမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနတွင် ငါးမွေးမြူရေး လုပ်ငန်းနှင့် ပတ်သက်၍ ငါးမွေးမြူသူဦးရေ ၇၃၃ ဦး၊ ဧက ၆၅၄၁ ဒသမ ၆၁ ဧက၊ ကျေးရွာပေါင်း ၂၁ ရွာက စီးပွားဖြစ် လုပ်ကိုင်ကြသူများဖြစ်ပြီး ငါးမွေးမြူသူ တစ်ဝက်ခန့်သည် အသားတိုး မွေးမြူခြင်း လုပ်ငန်းကို လုပ်ကိုင်ကာ တစ်ဧကလျှင် ကုန်ချိန် ၂၀ဝ၀ မှ ၂၅၀ဝ အတွင်း ထွက်ရှိကြောင်း၊ ခရမ်းမြို့နယ်တွင် ပုဂ္ဂလိက ငါးသားဖောက်စခန်း ၅ ခုနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ တည်ဆောက်ပေးထားသော တစ်ပိုင်တစ်နိုင် ငါးသားဖောက်စခန်း ၂ ခုရှိပြီး နှစ်စဉ် သားပေါက်ကောင်ရေ သိန်း ၂၀ဝ ခန့် ထွက်ရှိကြောင်း၊ လ/န-၃၉ ရရှိပြီး ဦးရေ ၁၂၀ ၊ ဧက ၁၆၉၁ ဒသမ ၃၄ ဧက ၊ လ/န-၃၉ ရရှိရန် ကျန်ရှိသူ ၆၁၃ ဦး၊ ဧက ၄၈၅၀ ရှိပါကြောင်း” ပြောသည်။

 

ငါးမွေးမြူရေးကန် တစ်ဧကလျှင် လိုင်စင်ကြေး ၃၀ဝ၀ ကျပ် နှုန်းကောက်ခံပြီး နှစ်စဉ်ဝင်ငွေအားဖြင့် သိန်း ၂၀ဝ ခန့် ရရှိပါကြောင်း၊ ငါးမွေးမြူရေးလိုင်စင်အား ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပုဒ်မ ၂၅(ခ)အရ တစ်နှစ်တာ လိုင်စင်ပေးခြင်းဖြစ်ပြီး အချိန်မရွေး ပြန်လည် ပယ်ဖျက်နိုင်ခွင့် ရှိကြောင်း ဦးဟံထွန်းက ထည့်သွင်း ဖြေကြားခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ငါး၊ ပုဇွန် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ခေတ်မီ နည်းစနစ်များဖြင့် မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ယခုအခါ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် အစီအစဉ် ရေးဆွဲဆောင်ရွက်လျက်ရှိပြီး လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသော မွေးမြူရေး သီးသန့်ဇုန်များ ပေါ်ထွန်းရေး ဖြစ်နိုင်ချေ လေ့လာမှုကိုလည်း ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

MDN