ငါးနီတူခြောက် ရခိုင်သုပ်

ငါးနီးတူခြောက်ကို သုပ်စား၍ ရသလို ကြော်စား၊ ချက်စား အမျိုးမျိုးဖြင့် ပြုလုပ် စားသောက်လို့ရပါတယ်။ ငါးနီတူခြောက်မှာ အကြီး၊ အလတ်၊ အသေးဟူ၍ ရှိပါတယ်။ သုပ်စားမယ်ဆိုရင်တော့ ငါးနီတူခြောက် အလယ်အလတ်က အကောင်းဆုံးပါ။ ငါးနီတူ အကောင်ကြီးကို သုပ်စားမယ်ဆိုရင် နှစ်ခြမ်းခွဲပြီး သုပ်ရင် သင့်တော်ပါတယ်။ နှစ်ခြမ်း မခွဲဘူးဆိုရင် အရသာကမနှံ့ဘဲ ဖြစ်နေပါမယ်။ စားတဲ့အခါမှာလည်း အကောင်ကြီးတဲ့အတွက် စားရတာအဆင်မပြေဖြစ်နေပါမယ်။ အကောင်ကြီးကို ကြော်စားရင်သင့်တော် ပါတယ်။ အကောင်သေးလေးတွေကတော့ ငရုတ်သီးခွဲခြမ်းနဲ့ကြော်စားရင် ကောင်းပါတယ်။ ပြီးရင် အကောင်ကြီးတွေကတော့ အာလူးနဲ့ချက်စား၊ ကြော်စားတာမျိုးတို့ အဆင်ပြေပါတယ်။ ငါးနီတူခြောက်ကို အကောင်ကြီးငယ်မရွေး ရခိုင်ခရမ်းသီးနဲ့ ရခိုင်ချက်ချက်စားရင်အလွန်အရသာရှိပါတယ်။

 

ပါဝင်သော ပစ္စည်းများ

 

ငါးနီတူခြောက် - ၁၅ ကျပ်သား

 

ငရုတ်သီးစိမ်း - ၁ဝ တောင့်

 

ကြက်သွန်နီ - ၂လုံး

 

စိမ်းစားငါးပိ - လက်မတစ်ဆစ်ခန့်

 

နံနံပင် - ၃ ပင်

 

သံပရာသီး - ၁လုံး

 

ကြက်သွန်ဖြူကိုတော့ ကြိုက်သူအတွက် ထည့်လို့ရသလို မထည့်၍လည်းရပါတယ်။

 

ရခိုင်သုပ် ပြုလုပ်ပုံအဆင့်ဆင့်

 

သန့်စင်သော ငါးနီတူခြောက် ၁၅ ကျပ်သားခန့်ကို ဒယ်အိုးထဲတွင်ထည့်ကာ လှော်ပါ။ တချို့ကတော့ ဆီအနည်းငယ်ထည့်၍ လှော်ကြပါတယ်။ မီးသွေးမီးဖိုတို့၊ ထင်းမီးဖို့တို့ ရှိသူတွေကတော့ မီးကင်တာ အကောင်းဆုံးပါ။ ငါးနီတူခြောက်ကို အသင့်ပြုလုပ်ပြီးတာနဲ့ ဖယ်ထားပါ။ ငရုတ်သီးစိမ်း ၁ဝ တောင့်၊ ၁၅ တောင့်ခန့် မီးဖုတ်တာဖြစ်ဖြစ်၊ ပြုတ်တာဖြစ်ဖြစ် ပြုလုပ်ပါ။ ပြီးလျှင် စိမ်းစားငါးပိကို မီးကင်ပါ။ အကုန်လုံးအသင့် ပြုလုပ်ပြီးတာနဲ့ ပြုတ်ထားသော ငရုတ်သီးစိမ်းကို ငရုတ်ဆုံတွင် ထည့်ထောင်းပါ။ နည်းနည်းကြေလာပြီဆိုရင် အသင့်ပြုလုပ်ထားသော စိမ်းစားငါးပိ၊ ဆား၊ ဟင်းချိုမှုန့် တို့ကိုထည့်ထောင်းပါ။ ကြက်သွန်ဖြူ ကြိုက်သူတွေကတော့ ထည့်ထောင်းပါ။ အကုန်လုံးကြေညက်ပြီဆိုရင် ဖယ်ထားပါ။ အသင့်ပြုလုပ်ထားသော ငါးနီတူခြောက်ကို ပန်းကန်ပြားတွင် ထည့်ပါ။ ကြက်သွန်နီကို ပါးပါးလေးလှီးကာ ရေဆေးပါ။ ရေဆေးပြီးရင် ရေစင်အောင်လက်ဖြင့်ညှစ်ကာ ငါးနီတူခြောက်ထဲတွင် ရောထည့်ပါ။ ပြီးလျှင် အသင့်ပြုလုပ်ထားသော ငရုတ်သီးထောင်းကို ထည့်ပါ။ နံနံပင်ကိုခြွေကာ တစ်ဝက်ထည့်ပါ။ ပြီးတာနဲ့ ငါးနီတူခြောက်သုပ်နိုင်ပါပြီ။ သုပ်ပြီးတာနဲ့ အရသာ အပေါ့၊ အငန် မြည်းစမ်းကြည့်ပါ။ အရသာပြည့်စုံပြီဆိုရင် ကျန်သောနံနံပင် တစ်ဝက်ကိုထည့်ပါ။ ပြီးရင် သံပရာသီး ညှစ်ထည့်ပါ။ နောက်ထပ်တစ်ခါနယ်ပေးပါ။ အရသာပြည့်စုံသော သံပရာနံ့မွှေးမွှေးနဲ့ ငါးနီတူခြောက်လေး စားနိုင်ပါပြီ။

 

ငါးနီတူခြောက်ကို သုပ်စားမယ်ဆိုရင် ထွေထွေထူးထူး မလိုအပ်ပါဘူး။ အိမ်တိုင်းမှာ ပြုလုပ်စားသောက်နိုင်တဲ့ ဟင်းလျာတစ်မျိုးပါ။ ငါးနီတူခြောက် သုပ်စားမယ်ဆိုရင်တော့ စားခါနီးမှ သုပ်တာ အကောင်းဆုံးပါ။ မစားခင် အစောကတည်းက သုပ်စားလျှင် ငါးနီတူပျော့သွားသောကြောင့် အဆင်မပြေဘဲ ဖြစ်နေပါလိမ့်မယ်။

 

ညီချေ(မြို့ဟောင်း)