ငဖဲမြို့နယ် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံတွင် ကော်ဖီပျိုးပင် ငါးသောင်းကို စတင်ပျိုးထောင်

ငဖဲ ၅ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံသည် တောင်ပေါ်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးတို့အတွက် လာမည့် ၂၀၂၁ ခုနှစ် မိုးရာသီတွင် တောင်သူများ စိုက်ပျိုးနိုင်ရန်အတွက် ကော်ဖီခြံပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း ငါးသောင်းကို စတင်ပျိုးထောင်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကော်ဖီပျိုးပင်များပျိုးထောင်မှုတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှု မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ ကော်ဖီခြံတာဝန်ခံ ဦးဇော်သိန်းနှင့် ဝန်ထမ်းများက လာမည့်မိုးရာသီတွင် တောင်ပေါ်ဒေသခံ ကော်ဖီစိုက်တောင်သူများအား ဖြန့်ဝေပေးနိုင်ရေးအတွက် ကော်ဖီပျိုးပင် ငါးသောင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ပျိုးထောင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ငဖဲမြို့နယ်ကော်ဖီခြံမှ နှစ်စဉ် ကော်ဖီပျိုးပင်များကို တောင်သူများအား ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)