ငဖဲမြို့နယ်၌ ဆီထွက်သီးနှံနေကြာစိုက်ဧက ၃၁၁  ဧက အောင်မြင်ဖြစ်ထွန်း

ငဖဲ ဇူလိုင် ၂၁

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ကျေးရွာအုပ်စု ၂၀ တွင် ဆီထွက်သီးနှံနေကြာစိုက်ဧက  ၃၁၁  ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ရာ နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

နေကြာသီးနှံစိုက်ပျိုးရာတွင် ကျေးရွာအုပ်စု ၂၀ မှ တောင်သူများ၏ ယာမြေများ၌ ဆင်းရွှေကြာ-၂ မျိုးနှင့် ရေဆင်း(၁) စပ်မျိုးဧက    ၅၀၀ စိုက်ပျိုးရန်လျာထားပြီး လက်ရှိ သီးသန့်စိုက်ဧက ၆၇ ဧက၊ သီးညှပ် ၂၄၄ ဧက စုစုပေါင်း ၃၁၁ ဧကကို ဒေသတွင်း စားသုံးဆီ ဖူလုံစေရေးအတွက် မိုးလယ်နှင့် မိုးနှောင်းကာလတို့တွင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်က မိုးသီးနှံ နေကြာ ၃၉၁ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်း ၁၅ ဒသမ ၂၅ တင်း ထွက်ရှိကြောင်း သိရသည်။

 

ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လိုအပ်သော မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေးအတွက် ရေဆင်း စပ်မျိုး(၁) ၁၀ ဧကနှင့် ဆင်းရွှေကြာ-၂ ဧက ၄၀ စုစုပေါင်း မျိုးစေ့ထုတ် ဧက ၅၀ စိုက်ပျိုးထားရှိကြောင်း၊ တောင်သူများအနေဖြင့် ဆီထွက်သီးနှံ မိုးနေကြာ စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းရေးအတွက် သိပ္ပံနည်းကျ စနစ်တကျစိုက်ပျိုးရေး၊ အပင်ပြုစုစောင့်ရှောက်ရေး နည်းစနစ်များနှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်းနှင့် ဝန်ထမ်းများက အနီးကပ် ကြီးကြပ်၍ ပံ့ပိုးကူညီပေးလျက် ရှိကြောင်းသိရသည်။

 

မယု(ငဖဲ)