ငဖဲမြို့နယ်တွင် လယ်ယာဧက ၂၀၀၀ ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ၃ လမ်း ဖောက်လုပ်

ငဖဲ၊ ၂၅ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်းရှိ ချင်းစု၊ ကျင်းသီပေါ်နှင့် ပန်းထိမ်းကျေးရွာတို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မူလခွင့်ပြုရန်ပုံငွေကျပ် ၄၉ ဒသမ ၆၁၉ သန်း အသုံးပြု၍ ကျေးလက်ကုန်ထုတ်လမ်း ၃ လမ်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနက သိရသည်။

 

ချင်းစုကျေးရွာတွင် အရှည် ၄ ဒသမ ၆ ဖာလုံရှိ ကျောက်ရောမြေဖြန့်ခင်း၍ မြေနီကျောက်စရစ်တင်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ် Box Culvert ၂ စင်း တည်ဆောက်ခြင်း၊  ကျင်းသီပေါ်ကျေးရွာတွင် အရှည် ၇ ဒသမ ၁ ဖာလုံရှိ ကျောက်ရောမြေဖြန့်ခင်း၍ မြေနီကျောက်စရစ်တင်ခြင်းလုပ်ငန်း၊ ပန်းထိမ်းကျေးရွာတွင် အရှည် ၁ ဖာလုံရှိ ကျောက်ရောမြေဖြန့်ခင်း၍ မြေနီကျောက်စရစ်တင်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ် Box Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို တင်ဒါအောင်မြင်သော ဘုန်းမြတ်ကျော်ကုမ္ပဏီမှ ၂၀၂၀ ပြည့်နှစ် နိုင်၀င်ဘာ ၂၃ ရက်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယခုအခါတွင် လုပ်ငန်းများ ၇၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ အဆိုပါကုန်ထုတ်လမ်း ၃ လမ်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးပါက ချင်းစု၊ ကျင်းသီပေါ်နှင့် ပန်းထိမ်းကျေးရွာတို့အနီးရှိ လယ်ယာဧက ၂၀၀၀ ကျော်က ထွက်ရှိသော ထွက်ကုန်သီးနှံများအား စျေးကွက်သို့ ရာသီမရွေး အချိန်ကုန်သက်သာစွာ တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း ငဖဲမြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်က ပြောပြ၍ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ကျေးလက်ကုန်ထုတ်လမ်းတွေကို ၂၀၁၈ ခုနှစ် ပထမ ၆ လဘတ်ဂျက်ကစတင်ပြီး အဆင့်မြှင့်တင် ဖောက်လုပ်ပေးနေတာပါ။ ယခင်က ကုန်ထုတ်လမ်းတွေ မရှိတဲ့အခါမှာ စိုက်ပျိုးတဲ့သီးနှံတွေကို စျေးကွက်ကို တင်ပို့ရောင်းချတဲ့အခါမှာ ကုန်ကျစရိတ်များပြားပါတယ်။ ကုန်ထုတ်လမ်းတွေ ရှိလာတဲ့အတွက်ကြောင့် ထွက်ကုန်သီးနှံတွေကို စျေးကွက်ကို အချိန်ကုန်သက်သာစွာ ရာသီမရွေး တင်ပို့ရောင်းချလာနိုင်ပါတယ် ၎င်းက ပြောပြသည်။

 

သူရိန်(မင်းဘူး)