ငရံ့ချောင်းကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ငဖဲမြို့နယ် ကျန်းမာရေးမှူးအသင်းနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်အသင်းတို့ ပူးပေါင်းဆောင်ရွက်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဒီဇင်ဘာ ၁၅ ရက်က ပင်ဦးကျေးရွာအုပ်စု၊ ငရံ့ချောင်းကျေးရွာ အ.မ.က ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ရှေးဦးစွာ ငဖဲမြို့နယ် ကျန်းမာရေးမှူး အသင်းဥက္ကဋ္ဌ ဦးသက်နိုင်ဝင်းနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာတွင်းရှိ ယင်လုံအိမ်သာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ 

 

မွန်းလွဲပိုင်းတွင် ဟောပြောပွဲဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းက အဖွင့်အမှာစကား ပြောကြား၍ ငဖဲမြို့နယ် ကျန်းမာရေးမှူး အသင်းဥက္ကဋ္ဌ ဦးသက်နိုင်ဝင်းက ကျေးလက်နေပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုကိုလည်းကောင်း၊ ရှောက်တောင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကြီးကြပ်-၂ ဦးစိုးလွင်ထွန်းက ဆီးချို၊ သွေးတိုး၊ နှလုံးနှင့် ကင်ဆာရောဂါများ မဖြစ်ပွားစေရန် ကျန်းမာရေး အသိပညာပေးမှုကိုလည်းကောင်း၊ မြမြင့်မိုရ် ပရဟိတအဖွဲ့ခေါင်းဆောင် ဦးရှိုင်းအောင်က သွေးလှူခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေး ကြီးကြပ်အသင်းဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ကျေးရွာတွင်း ပတ်ဝန်းကျင် သန့်ရှင်းရေး ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရှိချက်များအား အသီးသီး ဟောပြောဆွေးနွေးကြသည်။

 

ထို့နောက် ကျေးရွာပြည်သူများမှ အထွေထွေရောဂါရှိသူများကို အခမဲ့စမ်းသပ်ကုသပေးခြင်း၊ မြမြင့်မိုရ် ပရဟိတအဖွဲ့မှ သွေးအုပ်စုအမျိုးအစား၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးနှင့် AIDS ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး လစဉ်ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မယု(ငဖဲ)